လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၂၅ သန်း ရရှိထား

လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၂၅ သန်း ရရှိထား
Published 22 October 2015
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခြောက်လတာက ာလအတွင်း မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ စုစုပေါင်းကုန်သွယ် မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၅ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ် စက်တင်ဘာလအထိ မြန်မာနှင့် အီးယူနိုင်ငံများ၏ ကုန်သွယ်မှု  အခြေအနေကို လေ့လာကြည့်ပါက ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ရရှိထားပြီး သွင်းကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၄၃ သန်း ရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ တင်ပို့နေသည့် ပို့ကုန်အုပ်စုများမှာ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ သစ်တော၊ စက်မှုနှင့် အခြားပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဈေးကွက် ဝေစုရဖို့အတွက် ကမ္ဘာ့ဈေးကွက်ထဲ ရောက်အောင် ဆောင်ရွက်ဖို့ အများကြီး လိုနေပါသေးတယ်။ အဓိက ကုန်သွယ်ဖက် နိုင်ငံတွေဟာ အိမ်နီးချင်းနိုင်ငံတွေသာ အများဆုံးဖြစ် နေပါတယ်။ အခုဆိုရင် EU က GSP အခွင့်အရေးတွေ ပေးနေပေမယ့် ကိုယ့်နိုင်ငံက ကုန်ပစ္စည်းတွေ တင်ပို့ဖို့ရာအတွက်တော့ အကန့်အသတ်တွေ ရှိနေပါသေးတယ်”ဟု ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ရုရှား၊ တူရကီ၊ နော်ဝေ၊ သြစတြေးလျ အပါအဝင် ကိုးနိုင်ငံမှ မြန်မာနိုင်ငံသို့ GSP အခွင့်အရေးများ ပေးလာသည့်အချိန်တွင် မြန်မာ့ပို့ကုန်များအား တိုးမြှင့်တင်ပို့နိုင်ရန် အထူးလိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က  ပြောကြားသည်။
“အခု ရုရှားကလည်း မြန်မာကို GSP အခွင့်အရေး ပေးထားတယ်။ မြန်မာက အခုဆိုရင် ပို့ကုန် တင်ပို့နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရထားတယ်။ အခုပေးနေတာ ကိုးခု ရှိသွားပြီ။ ရုရှားကလည်း ပေးတယ်။ တူရကီ ကလည်းပေးတယ်။ နော်ဝေကလည်း ပေးတယ်။ သြစတြေးလျကလည်း အခုအချို့ဟာတွေ စပေးနေပြီ။ ဒီလို ပို့ကုန် အခွင့်အရေးတွေ ရနေပေမယ့် ကျွန်တော်တို့က အဲဒီဈေးကွက်တွေကို သေသေချာချာ မပို့နိုင်သေးဘူး။ ဥပမာ ဥရောပ ဈေးကွက်ဆိုရင် ကျွန်တော်တို့အတွက် အများကြီး Demand ရှိတယ်။ ဆန်လည်း အများကြီး ဝယ်ချင်တယ်။ အဝတ်အထည်တွေလည်း အများကြီး တင်သွင်းချင်တယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းကို ကြည့်ကြတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။
အီးယူနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် EU-Myanmar Programme on Trade  Development-TDP ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၆ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
အီးယူ-မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးရေး အစီအစဉ်အရ အီးယူဈေးကွက်သို့ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းနှင့် ပဲတင်ပို့မှု တိုးမြှင့်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း  EU-Myanmar Programme on Trade  Develop- ment TDP အစီအစဉ် ထုတ်ပြန်ချက်အရ သိရသည်။                                        

Most Read

Most Recent