ပြည်တွင်း ကျပ်ငွေ သုံးစွဲမှု တွင်ကျယ် လာစေရန် ယခင် ချထား ပေးခဲ့သည့် နိုင်ငံခြားငွေ လိုင်စင်များကိုသာ ရုပ်သိမ်းခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ ကိုင်ဆောင်ခွင့်နှင့် ဝန်ထမ်းလစာ ပေးချေမှုများမှာ ယခု နိုင်ငံခြားငွေ လိုင်စင် ရုပ်သိမ်းခြင်းနှင့် သက်ဆိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က The Daily Eleven သို့ အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားသည်။
လက်ရှိတွင် အောက်တိုဘာ ၁၉ ရက် မှစ၍ နိုင်ငံခြားသုံးငွေ လိုင်စင်များ ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ Duty Free Shop များ၊ လေကြောင်းလိုင်းများ၊ ဆေးရုံများ၊ Freight Forwarderများ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ အခြားကုမ္ပဏီများ (ဥပမာ-အချိုရည်နှင့် ယမကာ၊ အမြန်ချောပို့၊ ပိုးသတ်ဆေးဖျန်း၊ မီဒီယာ၊ အခန်းများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်စသော လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများအားလုံး)၊ အလားတူ အခြားလုပ်ငန်းများ ဖြစ်သော ယွန်းထည်၊ ပိုးထည်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ စူပါမားကက်၊ ဂေါက်သီးကလပ်များနှင့် နာရေးကူညီမှု လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းများ အားလုံး အကြောင်းကြားခဲ့သည်။ ထိုသို့ အကြောင်းကြားမှုကြောင့် နိုင်ငံခြားငွေနှင့် လစာ ပေးချေမှုများနှင့် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ရှိမရှိ ဝေခွဲမရသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် ယခု လိုင်စင် ရုပ်သိမ်းမှုတွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိကိုင်ဆောင်ခွင့်နှင့် ဝန်ထမ်း လစာ ပေးချေမှုများမှာ ယခု နိုင်ငံခြားငွေ လိုင်စင် ရုပ်သိမ်းခြင်းနှင့် သက်ဆိုင်မည် မဟုတ်ကြောင်း ဦးဝင်းသော်က ပြောကြားသည်။
“လိုင်စင်ကိုပဲ သိမ်းတာပါ။ ကိုင်ဆောင်ခွင့်က ရှိနေတုန်းပဲ။ သူက Retail Payment တွေကိုပေါ့။ ဥပမာ နိုင်ငံခြား သွားတယ်၊ ထိုင်း ဆိုရင်ပေါ့။ ဘာဝယ်ဝယ် ဘာလုပ်လုပ် ထိုင်းဘတ်နဲ့ လုပ်ရတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေ အကောင့် ဖွင့်ထားတယ်။ ပြည်တွင်းကို အကောင့် ထရန်စဖာနဲ့ လာတယ်။ ပြည်တွင်းမှာ နေတဲ့သူတွေက ဒေါ်လာ ၁၀၀၀၀ အထိ ဝယ်လို့ ရောင်းလို့ ရတယ်။ ခြောက်လပြည့်ရင်တော့ ပြန်အပ်ပေါ့။ နိုင်ငံခြားငွေ ကိုင်ထားရင် ပြည်ပ သွားတဲ့ အခါသုံးပေါ့။ ပြည်တွင်းမှာ ဆိုရင်တော့ ပြည်တွင်းသုံး ကျပ်ငွေကိုပဲ သုံးပေါ့”ဟု ဦးဝင်းသော်က ဆိုသည်။
အမေရိကန် ဒေါ်လာသည် ကမ္ဘာပေါ်တွင် ခိုင်မာမှု အရှိဆုံး ငွေကြေးများ၌ ပါဝင်သဖြင့် ပြည်တွင်းတွင်လည်း မြန်မာကျပ်ငွေအစား ဒေါ်လာကို နေရာအနှံ့တွင် အစားထိုး သုံးစွဲမှုများ ဖြစ်ပေါ်နေသည်။ ထို့အတွက် ဒေါ်လာ လိုအပ်ချက် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခဲ့သဖြင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာနများသို့ ပြည်တွင်း ငွေပေးချေမှု ဆောင်ရွက်ရာတွင် ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၈ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်စဉ်က နိုင်ငံတော်အတွင်း ရောင်းချ/ဝယ်ယူသည့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြား သုံးငွေဖြင့် ရယူ/ပေးချေခြင်း တို့ကြောင့် ပြည်တွင်းတွင် ဒေါ်လာ ကျယ်ပြန့်စွာ အသုံး ပြုမှု (Dollarization) ဖြစ်လာခြင်း၊ ဒေါ်လာ လိုအပ်ချက် ပမာဏ မြင့်မားလာခြင်း၊ ပြည်တွင်း ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကို လျော့ကျ လာစေခြင်း တို့ကြောင့် နိုင်ငံခြား ငွေလဲနှုန်း မတည်ငြိမ်မှုကို ဖြစ်လာပြီး နိုင်ငံတော်၏ ငွေရေးကြေးရေး ကဏ္ဍမတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်ထောင်စု ဝန်ကြီးဌာနများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ စသည်တို့တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားများ ဝယ်ယူသုံးစွဲမှုအတွက် ကောက်ခံနေသော ဝန်ဆောင်ခနှင့် အခကြေးငွေ စသည်တို့ကို ပေးချေရာ၌ နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ခွင့် ပြုပါရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးက ဆက်လက် ဆောင်ရွက်သွားရန် အကြောင်း ပြန်ကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နှုန်းရှင် ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် သုံးနှစ်ကျော်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့် ဖြစ်ပေါ်လာသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နှုန်းရှင် ငွေလဲနှုန်းအဖြစ် စတင် သတ်မှတ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၈၁၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာအတွင်း ၁၂၉၅ ကျပ် ဝန်းကျင်အထိ မြင့်တက်လာခဲ့ပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှုမှာ ပိုမို ဆိုးရွားလာကာ စတင်သတ်မှတ်ချိန်နှင့် လက်ရှိအချိန်တွင် ကျပ် ၄၈၀ ခန့်အထိ ကွာဟလာကာ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ပြည်တွင်း ကျပ်ငွေသုံးစွဲမှု တွင်ကျယ်လာရန် နိုင်ငံခြားငွေ လိုင်စင်များကိုသာ ရုပ်သိမ်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၀၀၀၀ အထိ ကိုင်ဆောင်ခွင့်နှင့် ဝန်ထမ်း လစာ ပေးချေမှုများမှာ ယခုနိုင်ငံခြားငွေ လိုင်စင်ရုပ်သိမ်းခြင်းနှင့် မသက်ဆို










