၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံ ရရှိမှု ကျပ်ဘီလျံ ၄၄၀၀ ကျော်ရှိပြီး ဝင်ငွေခွန်မှ အများဆုံး ရရှိခဲ့ခြင်းဖြစ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံ ရရှိမှု ကျပ်ဘီလျံ ၄၄၀၀ ကျော်ရှိပြီး ဝင်ငွေခွန်မှ အများဆုံး ရရှိခဲ့ခြင်းဖြစ်
Published 14 October 2015

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိမှုမှာ ဒေါ်လာ ကျပ်ဘီလျံ ၄၄၀၀ ကျော် ရှိခဲ့ပြီး ဝင်ငွေခွန်မှ အများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန်တို့ ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၄၄၁၁၉၅၈ သန်း ရှိခဲ့ကြောင်း သိရသည်။ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံရရှိသည့် အခွန်အမျိုးအစားအလိုက် ဝင်ငွေရရှိမှုတွင် ကုန်စည်နှင့် ဝန်ဆောင်မှုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၁၉၅၉၈၂၅ သန်း၊ အောင်ဘာလေ သိန်းဆုခွန်မှ ကျပ် ၃၀၃၈၃ သန်း၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၇၇၃၆၂ သန်း၊ ဝင်ငွေခွန်မှ ကျပ် ၂၃၄၄၃၈၈ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဘဏ္ဍာနှစ်အလိုက် အခွန်ကောက်ခံ ရရှိမှုမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၂၇၂၈၆၀၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၃၇၉၀၈ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၁၁၉၅၈ သန်း ရရှိခဲ့ကြောင်း သိရသည်။အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံ ရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန် ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိ အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့ကြောင်း၊ အခွန်အများဆုံး ပေးဆောင်သင့်သူများ သီးသန့် အခွန်ဆောင်ရမည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကိုလည်း ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။မြန်မာအစိုးရ အနေဖြင့် လက်ရှိ အခွန်စနစ်ကို ရိုးရှင်းလွယ်ကူစေရန် ပြုပြင်ပြောင်းလဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကုန်သွယ်စီးပွား အခွန်အစား တစ်သမတ်တည်း ကောက်ခံသော အထွေထွေရောင်းချခွန်နှင့် ထိုမှတစ်ဆင့် တန်ဖိုးဖြည့် အခွန်စည်းကြပ်မှုအထိ အစားထိုးရန် စတင်ဆောင်ရွက်နေကြောင်း၊ အခြေခံ စားသောက်ကုန်များ၌ အခွန်ရာခိုင်နှုန်း သုညနီးပါး လျှော့ချသွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားသည်။

Most Read

Most Recent