ဟင်္သာတခရိုင် ဇလွန်မြို့၌ ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်းဦးစီးကို အင်းသားကြီးအချို့ ဦးဆောင်သည့်အဖွဲ့ ဆန္ဒထုတ်ဖော်

ဟင်္သာတခရိုင် ဇလွန်မြို့၌ ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်းဦးစီးကို အင်းသားကြီးအချို့ ဦးဆောင်သည့်အဖွဲ့ ဆန္ဒထုတ်ဖော်
Published 14 October 2015
အောင်ကျော်မျိုး (ဟင်္သာတ)

ဟင်္သာတခရိုင်အတွင်း ပထမဦးဆုံးဖြစ်စဉ်အဖြစ် ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်းဦးစီးကို အင်းသားကြီးအချို့ ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာ ၁၃ ရက်က ဇလွန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။“တရားဥပဒေစိုးမိုးရေး…ဒို့အရေး”၊ “လူ့အခွင့်အရေးဟု ကြွေးကြော်၍ ဒေသတည်ငြိမ်ရေးပျက်ပြားအောင် ဥပဒေမဲ့ သွေးထိုးလှုံ့ဆော်နေသူများ …အလိုမရှိ”၊ “ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ဦးဆောင်လှုံ့ဆော်ကာ ဥပဒေနှင့်မညီသော တရားမဝင် ငါးဖမ်းဆီးနေမှုများအား ပြည်ထဲရေးဌာနမှ ဥပဒေနှင့်အညီ အရေးယူပေးရေး…ဒို့အရေး”၊ “အခွန်ထမ်းပြည်သူများအား အစိုးရမှ တည်ဆဲဥပဒေများနှင့်အညီ အလျင်အမြန်အကာအကွယ်ပေးရေး…ဒို့အရေး”၊ “NAG မှ ဖွဲ့စည်းပေး ထားသော ရေလုပ်သားကွန်ရက်ဝင်များ၏ ဒေသဆူပူ အုံကြွအောင် ဥပဒေမဲ့လှုံ့ဆော်မှုများအား အမြန်အရေးယူ ဆောင်ရွက်ပေးစေရေး …ဒို့အရေး”၊ “ဥပဒေနှင့်အညီ အလျင်အမြန် မဆောင်ရွက်သော ခရိုင်ငါးလုပ်ငန်းဦးစီးနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီး...အလိုမရှိ” ဟု ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် လူအင်အား ၈၀ ခန့်က ဇလွန်မြို့ ကမ်းနားတာကုန်းမှ စတင်ကာ ပြည်တော်ပြန်ဘုရားကြီးလမ်းဆုံမှ တစ်ဆင့် ငါးလုပ်ငန်းဦးစီးရုံးရှေ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ သွားရောက်၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။“နိုင်ငံတော်ကို တရားဝင်အခွန်ထမ်းထားတဲ့ သူတွေကို ဌာနဆိုင်ရာက ရပ်တည်မှုအားနည်းတာ တစ်ကြောင်းရယ်၊ ဒေသမှာ လာပြီးတော့ လူ့အခွင့်ရေး အရေခြုံတဲ့သူတွေက ဒေသပြည်သူတွေနဲ့ ကျွန်တော်တို့ အင်းသားကြီးတွေကို ရန်တိုက်ပြီးတော့ မင်းမဲ့စရိုက် ပေါ်ပေါက်အောင် သွေးထိုးလှုံ့ဆော်တဲ့အတွက် ကျွန်တော်တို့အင်းတွေမှာဆိုရင် ဒီနေ့အထိ လူအုပ်ကြီးနဲ့ ဝိုင်းပြီး အနိုင်ကျင့်တာကို ဌာနဆိုင်ရာတွေကို တင်ပြပေမယ့်လည်း ထိရောက်စွာ အရေးယူပေးခြင်းမရှိဘူး။ ဒါ့ကြောင့် ဝန်ကြီးချုပ်နဲ့တကွ အစိုးရ အဖွဲ့ဝင်အားလုံး အမြန်ဆုံးသိရှိနိုင်အောင် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါ တယ်။ ဒီနေရာမှာ အင်းသားကြီးတွေ၊ မိသားစုဝင်တွေရော မခံနိုင်တဲ့ဒေသခံပြည်သူတွေပါ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ပန္တရားအင်းမှ အင်းသားကြီး ဦးအောင်မြိုင်က ပြောကြားသည်။အင်းသားကြီးနှင့် ရေပေါ်ရေလျှံစားသောက်သူများအကြား ဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ  အဆင့်ဆင့် တင်ပြထားမှုများရှိကြောင်း၊ တင်ပြလာမှုများကို အချိန်နှင့်တစ်ပြေးညီ တာဝန်ယူဖြေရှင်းခြင်း၊ အကြိမ်ကြိမ် ကွင်းဆင်းညှိနှိုင်းပေးခြင်းများ ရှိခဲ့သော်လည်း နှစ်ဦးနှစ်ဖက်စလုံးဘက်မှ အလျှော့မပေးသည့်အတွက် အဆင်ပြေမှုမရှိခဲ့ကြောင်း ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ဦးစီးမှူးက ဆိုသည်။ဇလွန်မြို့နယ်ထွေအုပ်မှ ဒုဦးစီးမှူး ဦးသန့်ဇင်မျိုးက “ကျွန်တော်တို့က ခေါ်ရှင်းပြတယ်။ အင်းသားကြီးအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ ဥပဒေဘောင်ထဲက တာဝန်ယူပြီး လုပ်သွားမယ်။ ဒေသခံတွေအနေနဲ့ကလည်း ဝမ်းစာအတွက် ရှာချိန်ကာလကုန်သွားပြီဖြစ်တဲ့အတွက် သူ့ကာလ ကိုယ့်ကာလလေးပေါ့။ အင်းသားကြီးကို နားလည်မှုပေးဖို့ ပြောကြရင်းနဲ့ပေါ့။ ရေချိုငါးလုပ်ငန်း ဥပဒေအရတော့ တရားမဝင်ငါးဖမ်းတဲ့ လူလေးယောက်ကို ငါးလုပ်ငန်းဦးစီးဌာနက တရားလိုပြုပြီး တရားစွဲထားတယ်။ အဲဒီလေးယောက်ကို ဥပဒေနှင့်အညီ ဆောင်ရွက်တဲ့အခါ ပြန်ပြီးတော့ခုခံချင်တဲ့ သဘောလေးတွေပါလာတယ်။ အခြားအဖွဲ့အစည်းတစ်ရပ်က လူပုဂ္ဂိုလ်တချို့က သွေးထိုးမြှောက်ပင့်တာလေးတွေ ဒေသခံတွေဦးနှောက်ထဲမှာ စွဲနေတယ်။ ဒေသခံတွေကို လာပြီးသွေးထိုးပေးသွားတယ်။ ပြီးရင် ရှောင်ထွက်သွားတယ်။  တကယ်တမ်းဖြေရှင်းရတော့ ဒေသခံတွေပဲ ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ဒေသခံတွေက သူတို့သိနေတဲ့အသိသည် ဥပဒေနဲ့အညီ အဖမ်းမခံဘူးပေါ့။ ကြိုက်သလိုလုပ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာတယ်။ ဥပဒေကို အံတုတဲ့သဘောမျိုးလေးတွေ ဖြစ်လာတဲ့အတွက် ဒါကိုတော့ အကောင်းဆုံးဖြစ်အောင် ထိန်းညှိဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။ဟင်္သာတခရိုင်တွင်း၌ ယခင်က အင်းသားကြီးများ ဆန္ဒထုတ်ဖော်မှုရှိခဲ့ဖူးသော်လည်း ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို ထောက်ခံသည့် တန်ပြန် ဆန္ဒထုတ်ဖော်မှုသာဖြစ်ပြီး ယခုဆန္ဒပြပွဲမှာ မူ ဌာနဆိုင်ရာအကြီးအကဲတို့ကို အလိုမရှိကြောင်း ပထမဦးဆုံး ဆန္ဒထုတ်ဖော်မှုလည်း ဖြစ်သည်။ 

Most Read

Most Recent