တရုတ်ဘက်က ဈေးလျှော့ဝယ်ယူချိန် ပြည်တွင်းဆန်ဈေး မြင့်နေသောကြောင့် နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့မှုအေးနေ

တရုတ်ဘက်က ဈေးလျှော့ဝယ်ယူချိန် ပြည်တွင်းဆန်ဈေး မြင့်နေသောကြောင့် နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့မှုအေးနေ
Published 12 October 2015

တရုတ်ဘက်က ဈေးချဝယ်ယူချိန်တွင် ပြည်တွင်းဆန်ဈေး မြင့်နေသောကြောင့် နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့မှု အေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
“တရုတ်ဘက်ကို တင်ပို့တဲ့ဈေးက ကျနေတယ်။ တရုတ်ဘက်မှာ ဆန်သစ်ပေါ်တဲ့ အချိန်ဖြစ်နေတော့ တရုတ်က ဈေးချပြီးဝယ်တယ်။ တရုတ်ဘက်မှာ အဖမ်းအဆီးတွေလည်း ရှိနေတဲ့အတွက် အရောင်းအဝယ်က ကျနေတယ်။ ပြည်တွင်း ဆန်ဈေးကလည်း မြင့်နေတဲ့အတွက် လက်ရှိဈေးနဲ့ဆိုရင် Export ပို့ဖို့ကို မကိုက်ဘူး။ အဲဒီအတွက် Export ဈေးကွက်က အရောင်းအဝယ် အေးနေတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ (၂) ဦးစိုးထွန်းက ပြောကြားသည်။
လက်ရှိပြည်တွင်း ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်း မြင့်နေပြီး အဓိကအားဖြင့် ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ယခင်ရောင်း ဈေးထက် အမျိုးအစားအလိုက် ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ အထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဆန်ကြမ်းဈေးက တက်နေတယ်။ အခုဆိုရင် တစ်အိတ်ကို ၂၀၀၀၀ အောက် ဆိုတဲ့ ဆန်ဆိုတာ မရှိတော့ဘူး။ ဆန်ကွဲတောင် တစ်အိတ်ကို ၂၂၀၀၀ ဝန်းကျင်လောက် ရှိနေတာ” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန် လက်လီလက်ကား အရောင်းဆိုင်မှ မစန္ဒာက ပြောကြားသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်း၌ဆန်ပြတ်လပ်မှု မရှိစေရန်နှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ကာ စက်တင်ဘာ ၁၅ ရက်မှစ၍ ပြည်ပသို့ ဆန်တင်ပို့ခွင့်အား အချက်ခုနစ်ချက်ဖြင့် ပြန်လည်တင်ပို့ခွင့်ပြုခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် နိုင်ငံခြားသို့တင်ပို့မှု ကန့်သတ်ချက်အား အရေအတွက်မှလွဲ၍ ကျန်ကန့်သတ်ချက်များအား ပြန်လည်ပယ်ဖျက် လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
သို့ဖြစ်၍ နယ်စပ်မှ တင်ပို့ရာတွင် ပို့ကုန်လိုင်စင် တစ်စောင်လျှင် အများဆုံး တန် ၅၀၀ သာ ခွင့်ပြုလျက်ရှိကြောင်း သိရသည်။                  
မြန်မာနိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ရုရှား၊ ဥရောပ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ဂျပန်သို့ တင်ပို့မှုရှိပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုကာ တင်ပို့မှုများကြောင်း၊ အီးယူဈေးကွက်သို့ တင်ပို့ရန် ကမ်းလှမ်းမှုများ ရှိသောကြောင့် လက်ရှိတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့်ဈေးဖြင့် နှိုင်းယှဉ်ပါက တွက်ခြေမကိုက်သဖြင့် တင်ပို့မှု မပြုသေးကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဆန်များအား ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့မှုအပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှလည်း တင်ပို့မှုရှိပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့မှုပိုများကြောင်း သိရသည်။

Most Read

Most Recent