မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပြီးနောက် မြဝတီနယ်စပ်မှ ကုန်သွယ်မှု မြင့်တက်လာပြီး ခြောက်လအတွင်း ဒေါ်လာသန်း ၃၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပြီးနောက် မြဝတီနယ်စပ်မှ ကုန်သွယ်မှု မြင့်တက်လာပြီး ခြောက်လအတွင်း ဒေါ်လာသန်း ၃၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့
Published 12 October 2015
ကိုရွှေသိန်း (မြဝတီ)

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှမြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းသစ် ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှု ပိုမိုမြင့်တက်လာပြီး ခြောက်လတာ ကာလအတွင်း ဒေါ်လာ ၃၀၈ သန်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။
အာရှလမ်းပိုင်းသစ် ဖွင့်လှစ်ပြီးနောက် ယခင်ကကဲ့သို့ အတက် တစ်ရက်၊ အဆင်း တစ်ရက် မဟုတ်တော့ဘဲ တက်/ဆင်း ကုန်သွယ်နိုင်ပြီဖြစ်သလို နေ့စဉ် ကုန်သွယ်ယာဉ်ကြီး ၃၀၀ ခန့် ကုန်သွယ် သွားလာနေ၍ လစဉ်   လျာထားချက် ကျော်လွန် လျက်ရှိကြောင်း မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“လမ်းသစ်ဖွင့်ပြီးကတည်းက ကုန်သွယ်မှုမြင့်တက်လာပါတယ်။ တစ်နေ့ကို ကုန်ကားကြီးတွေလည်း ၃၀၀ လောက် ကုန်သွယ်နေတာ ဆိုတော့ ပမာဏအားဖြင့် လစဉ်လျာထားချက် ကျော်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပထမနှစ်ဝက် ဘဏ္ဍာနှစ် ခြောက်လအတွင်း ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၈သန်း ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက များစွာ မြင့်တက်လာကြောင်း သိရသည်။
မြဝတီနယ်စပ်မှ  ဘဏ္ဍာနှစ် အစဖြစ်သော ဧပြီတွင် ပို့ကုန် ၁ ဒသမ ၅၂၃ သန်း၊ သွင်းကုန် ၃၉ ဒသမ ၉၀၅ သန်း၊ မေတွင် ပို့ကုန် ၂ ဒသမ ၀၄၈ သန်း၊ သွင်းကုန် ၅၇ ဒသမ ၂၂၆ သန်း၊ ဇွန်တွင် ပို့ကုန် ၃ ဒသမ ၅၂၂ သန်း၊ သွင်းကုန် ၄၃ ဒသမ ၅၇၀ သန်း၊ ဇူလိုင်တွင် ပို့ ကုန် ၂ ဒသမ ၀၇၀ သန်း၊ သွင်းကုန် ၄၅ ဒသမ ၈၈၁ သန်း၊ သြဂုတ်တွင် ပို့ကုန် ၁ ဒသမ ၉၂၇ သန်း၊ သွင်းကုန် ၅၂ ဒသမ ၉၄၂ သန်း၊ စက်တင်ဘာတွင် ပို့ကုန် ၄ ဒသမ ၃ သန်းကျော်၊ သွင်းကုန် ၅၃ ဒသမ ၁ သန်းကျော် ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပို့ကုန်တင်ပို့မှု မြင့်တက်နေသော်လည်း မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းအနေဖြင့် ပြည်ပသို့ တင်ပို့မှုမှာ ပြည်တွင်းသို့ သွင်းကုန် ရာခိုင်နှုန်းထက် အလွန် နည်းပါးကြောင်း သိရ သည်။
မြဝတီနယ်စပ်မှ ပြည်တွင်းဈေးကွက်သို့ အများဆုံး စီးဆင်းနေသော ကုန်ပစ္စည်းများမှာ ယာဉ်နှင့် ကား အပိုပစ္စည်းများ၊ ဆိုင်ကယ်၊ စက်သုံးဆီ၊ ဘိလပ်မြေ၊ အချိုမှုန့်၊ သကြား၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့်  လယ်ယာသုံး ပစ္စည်းများ၊ စားသောက်ကုန်များ၊ အထည်အလိပ်များ ပုံမှန် တင်သွင်းလျက် ရှိကြောင်း သိရ သည်။
မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် စခန်းများအနက် ကုန် သွယ်မှု အများဆုံးဖြစ်ကာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏမှာ  အမေရိကန်ဒေါ်လာ  ၂၆၃ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၉၀ ၊ ပြီးခဲ့သည့်  ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်တွင် ပမာဏအားဖြင့် ဒေါ်လာ ၄၄၇ သန်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။။

Most Read

Most Recent