အာဆီယံစီးပွားရေး ဆိုင်ရာ အဝန်းအဝိုင်း (AEC)ကို ပြည်တွင်းက ထုတ်လုပ်သူတွေ ဘယ်လို ရင်ဆိုင်ကြမလဲ

အာဆီယံစီးပွားရေး ဆိုင်ရာ အဝန်းအဝိုင်း (AEC)ကို ပြည်တွင်းက ထုတ်လုပ်သူတွေ ဘယ်လို ရင်ဆိုင်ကြမလဲ
Published 12 October 2015
အငယ်ထွေး

အာဆီယံ စီးပွားရေးဆိုင်ရာ အဝန်းအဝိုင်း (AEC ) ဟာ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းမှာ အကောင်အထည် ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒီလို AEC အကောင်အထည် ပေါ်လာခဲ့ရင် အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပိုင်းတွေမှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်ပါတယ်။
“AEC အကောင်အထည် ပေါ်လာရင် အခွင့်အလမ်းများတဲ့ နိုင်ငံတွေ ရှိသလို ထိခိုက်နိုင်တဲ့ နိုင်ငံတွေ လည်းရှိမယ်။ လုပ်နိုင်တာတစ်ခုကတော့ AEC ဖြစ်လာရင် ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ပါပဲ။ AEC အကောင်အထည်ပေါ်လာရင် Free Flows of Goods ဆိုတာရှိမယ်။ Service ဆိုတာရှိတယ်။ Investment ရှိမယ်။ Capital ရှိမယ်။ Skill Labour ရှိမယ်။ ဒါတွေက အပြန်အလှန် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကြားထဲမှာ စီးဆင်း နေကြမှာပါ။  အာဆီယံ တစ်ခုလုံးအနေနဲ့ ကြည့်ရင်တော့ ယှဉ်ပြိုင်နိုင်တဲ့ စီးပွားရေးဆိုင်ရာ အဝန်းအဝိုင်း တစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ ဒါတွေ အကောင်အထည် ဖော်ဖို့အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ မူဝါဒတွေ ရှိရမယ်။ နောက်ပြီးရင် စားသုံးသူ အကျိုးစီးပွားကို ကာကွယ်နိုင်ရမယ်။ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်မယ်။ နောက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက် SMEs တွေ SMI တွေ တိုးတက်ဖို့လိုမယ်။ နောက် အာဆီယံ ဒေသတွင်း နိုင်ငံတွေ အချင်းချင်း မညီမျှမှု ကျဉ်းမြောင်းအောင် လုပ်ဖို့လိုတယ်။ ဒါမှ တခြားကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ Economy နဲ့ ချိတ်ဆက်နိုင်မှာပါ”လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။
ဒီနေရာမှာ အရင်းအနှီးတွေ လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ဆိုတဲ့ အချက်တစ်ခု ပါနေပြီးတော့ ဒီလို ဖြစ်လာမယ်ဆိုရင် ပြည်တွင်း ဒေါ်လာ ဈေးကွက်အပေါ်မှာ ထပ်ပြီး သက်ရောက်နိုင်ခြေ ရှိသလားဆိုတာလည်း တွေးတောစရာ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစပြီး နှစ်စဉ် ကုန်သွယ်မှု လိုငွေများ မြင့်တက် နေတဲ့အတွက် အမေရိကန် ဒေါ်လာဈေးကလည်း  မြင့်သထက် မြင့်လာခဲ့တာပါ။ ဒီအချိန်မှာပဲ အာဆီယံ စီးပွားရေး ဆိုင်ရာ အဝန်းအဝိုင်း အကောင်အထည် ပေါ်လာဖို့ကလည်း အချိန်အားဖြင့် ဘယ်လောက်မှ မလိုတော့ပါဘူး။ ဒါကြောင့် တကယ်လို့များ အပြည့်အ၀ အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ထုတ်လုပ်မှုပိုင်းမှာ ပြည်ပက အကောက်ခွန်မဲ့ ပစ္စည်းတွေ အတားအဆီးမရှိ ဝင်လာမှာ ဖြစ်သလို ပြည်ပက ဒေါ်လာတွေ စီးဝင်လာတာမျိုး၊ စီးထွက်သွားတာမျိုး တွေလည်း အများကြီး ရှိနိုင်ပါတယ်။
စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့အကြံပေး ဒေါက်တာမောင်အောင်ကတော့ “၂၀၁၅ ဒီဇင်ဘာ ၃၁ နောက်ပိုင်း အေအီးစီ အကောင်အထည် ပေါ်လာလို့ အရင်းအနှီးတွေ လွတ်လွတ်လပ်လပ် စီးဆင်းတာကို ခွင့်ပြုလိုက်ရင် ပြည်တွင်းရဲ့ဒေါ်လာဈေးကွက်ကို သက်ရောက်မှု ရှိလာမှာတော့ အမှန်ပါပဲ”လို့ ပြောပြခဲ့တာပါ။
လက်ရှိမှာ မြန်မာ့စီးပွားရေး ကျဆင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ လက်ရှိ ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ မှာ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်း လာခဲ့တဲ့အတွက်ပါ။ မြန်မာ့စီးပွားရေး ကျဆင်းသလို ငွေကြေး ဖောင်းပွမှုတွေလည်း မြင့်တက်နေတယ်လို့ အောက်တိုဘာ ၅ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာ ဖော်ပြထားလို့ပါပဲ။ ငွေကြေး ဖောင်းပွမှုဟာ ဘယ်လောက်အထိ မြင့်မား လာသလဲဆိုရင် ၁၁ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်မယ်ဆိုတဲ့အတွက် Double Digit ဖြစ်သွားခဲ့ပါပြီ။ တကယ်တော့ သွင်းကုန်တွေများ၊ ဒေါ်လာဈေးတွေ တက်ရာကနေ ငွေကြေးဖောင်းပွမှု၊ တစ်နည်း မြန်မာငွေတန်ဖိုး ကျဆင်းမှုတွေ ဖြစ်ပေါ်လာခဲ့တာပါပဲ။
အဲဒီ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဝန်းကျင် အနေအထားနဲ့အတူ လူမှုရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေမှာလည်း  စိန်ခေါ်မှုတွေ ရှိနေတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ သွင်းကုန် ဝယ်လိုအားတွေ မြင့်တက်လာတာကြောင့် စာရင်းရှင်လိုငွေ (Current Account Deficit)တွေလည်း တက်နေတယ်လို့ သိရပါတယ်။
အလားတူပဲ အမေရိကန် ငွေကြေးတန်ဖိုး ခိုင်မာလာခြင်းက မြန်မာငွေကြေး လဲလှယ်မှု နှုန်းထားများ အပေါ် ဖိအား ရှိနေပါတယ်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေကို ပေးတဲ့ ချေးငွေ (Credit to Private Sector)ပမာဏကလည်း မြင့်မားနေတယ်။ ဒါကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ဖော်ပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
နိုင်ငံတကာ ကုန်သွယ်ရေးမှာ ပြင်ပက ကုန်ပစ္စည်း တင်သွင်းမှုကို လေ့လာရင် ရင်းနှီး ကုန်စည် တင်သွင်းမှုက ရာခိုင်နှုန်း ၄၀ ကျော်၊ စက်မှု လုပ်ငန်းသုံး ကုန်စည်ရာခိုင်နှုန်း ၃၀ ကျော်နဲ့ လူသုံးကုန်ပစ္စည်း တင်သွင်းမှုက ၂၅ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အနေအထားဟာ ပို့ကုန်များများ တင်ပို့ဖို့ ကြိုးစားရမယ့် အနေအထား ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် သဘာဝဓာတ်ငွေ့ကိုပဲ အဓိက တင်ပို့နေရတာ ဖြစ်ပါတယ်။ သစ်တောထွက် ပို့ကုန် ပစ္စည်းတွေကလည်း တော်တော်လေး ကျဆင်းနေပါတယ်။ ဘယ်လောက်အထိ ကျဆင်းသွားလဲဆိုရင် ၂၀၁၃-၂၀၁၄ မှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ အထိ ရရှိခဲ့တာကနေ ၂၀၁၄-၂၀၁၅ မှာ ၆၅ သန်းကို ထိုးဆင်းခဲ့တာပါ။ ဒါကြောင့် ဆန်၊ ပဲ စတာတွေကို များများ ထုတ်လုပ်ပြီး များများတင်ပို့ဖို့ လိုအပ်နေတယ်။ AEC အကောင်အထည် ပေါ်လာရင်လည်း Free Flows of Commodity နဲ့ပတ်သက်လို့ ပြဿနာတွေ ရှိလာ နိုင်တယ်။ မကြာခင်ကပဲ ထိုင်းဆန်တွေ ပြည်တွင်း ဈေးကွက်ကို ဝင်ရောက်လာတဲ့ ပြဿနာတွေ ရှိနေတဲ့ အတွက် AEC သာ အမှန်တကယ် အကောင်အထည်ပေါ်လာရင် ဘယ်လို ရင်ဆိုင်မလဲဆိုတာ တွေးတောစရာ လည်းဖြစ်နေပါတယ်။
“နိုင်ငံခြား ကုန်သွယ်မှုကို ပြန်ကြည့်ရင် သွင်းကုန်တွေ တော်တော် များနေတယ်။ ဥပမာ-စက်မှု လုပ်ငန်းသုံး ပစ္စည်း ၃၀ ရာခိုင်နှုန်း ကျော်သွားတယ်ဆိုတာက တကယ်မလိုအပ်ဘဲ တင်သွင်းနေတာတွေနဲ့လည်း ဆိုင်တယ်။ ဥပမာ-ကားတွေ အမြောက်အမြား တင်သွင်းနေတယ်။ စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေဟာ တချို့မရှိ မဖြစ် ပစ္စည်းတွေ ဖြစ်ပေမယ့် တချို့က Luxury ပစ္စည်းတွေ ဖြစ်နေတယ်။ ပြန်ကြည့်ရမှာက ကိုယ့်နိုင်ငံမှာ ဒါတွေကို ဒီလောက် လိုနေလို့လား။ ဒါ ကြောင့်မို့လို့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ပေါ်လစီဟာ အားနည်းနေတယ်လို့ သုံးသပ်မိတယ်။ ဒါကြောင့် Foreign Trade Policy က ခိုင်ခိုင်မာမာ ဖြစ်နေဖို့ လိုအပ်ပါတယ်” လို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲ အနေနဲ့ အခု ရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံက ဆန်တွေ ပြည်တွင်းဈေးကွက်ကို တရားမဝင် ဝင်ရောက်မှုတွေ ရှိလာပါတယ်။ ရေကြီးရေလျှံခဲ့မှု ဖြစ်စဉ်ကြောင့် ဆန် ပြတ်လပ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေနဲ့ ပြည်တွင်း ဈေးကွက်မှာ ဆန်ဈေးတွေ မြင့်တက်နေတဲ့အချိန်လည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်က ဖြစ်ခဲ့တာဆိုပေမယ့် ဆန်ဈေးတွေက ဒီနောက်ပိုင်းလည်း ပြန်လည် ကျဆင်းခြင်း မရှိသေးပါဘူး။ ဒီအချိန်မှာ ထိုင်းဆန်က ဝင်လာတာပါ။ ဒါကြောင့် ပြည်တွင်းဈေးကွက်မှာ ဆန်ဈေးနှုန်း ကြီးမြင့်နေမှုကို အခွင့်ကောင်းယူပြီးတော့ ပြည်ပက ဆန်တင်သွင်းတာ တွေကို ပိတ်ပင် သွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် လာပြန်ပါတယ်။ ဒီလို တင်သွင်းတာကို စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပေမယ့် လာမယ့် ၂၀၁၅ ဒီဇင်ဘာက ၃၁ ရက်နောက်ပိုင်း အေအီးစီ အကောင်အထည် ပေါ်လာရင် ဒီလိုပြဿနာမျိုးတွေ အများကြီးပေါ်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဒီလိုဈေးနည်းနည်းနဲ့ ဝင်လာလို့ စားသုံးသူအတွက် ကောင်းပေ မယ့် ထုတ်လုပ်သူတွေကတော့ တော်တော်လေး ရင်ဆိုင်ရဦးမယ် ဆိုတာ ဖော်ပြရင်း အခုတစ်ပတ် စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ရပါတယ်။

Most Read

Most Recent