နိုဝင်ဘာ ၈ အတွက် တစ်ခုတည်းသော ဆုတောင်း

နိုဝင်ဘာ ၈ အတွက် တစ်ခုတည်းသော ဆုတောင်း
Published 9 October 2015
ဖေဒီ

(၁)ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း သြကာသ ကန်တော့ချိုးကို နှုတ်တိုက် အလွတ် ရကြပါသည်။ သြကာသ သြကာသ စသည်ဖြင့် ရတနာသုံးပါးအား မာန်ကိုလျှော့ပြီး ရှိခိုးကန်တော့ပြီးသည့် နောက်တွင် ရလိုမှု ဆုတောင်း အနေဖြင့် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပ္ပတ္တိတရား လေးပါး၊ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား” ဟုဆိုပြီး ဆုတောင်းကြလေ့ ရှိပါသည်။အပြည့်အစုံ ဆိုရလျှင် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါးမှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းရပါလို၏။ ကပ်သုံးပါးမှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းရပါလို၏။ ရပ်ပြစ်ရှစ်ပါးမှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းရပါလို၏။ ရန်သူမျိုး ငါးပါးမှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းရပါလို၏။ ဝိပ္ပတ္တိတရား လေးပါးမှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းရပါလို၏။ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းရပါလို၏။” ဟု ဆုတောင်းကြခြင်း ဖြစ်ပါသည်။(၂)ထိုဆုတောင်းများကို စိတ်ဝင်တစား စဉ်းစားကြည့်မိပါသည်။ ထိုဆုတောင်းများတွင် လောကီဆုတောင်းနှင့် လောကုတ္တရာ ဆုတောင်းဆိုပြီး အပိုင်းနှစ်ပိုင်း တွေ့ရပြီး မဂ်တရား ဖိုလ်တရားဆိုသော လောကုတ္တရာ ဆုနိဗ္ဗာန်မှာ ဆုတောင်းရုံနှင့် ရကောင်းသော အရာမဟုတ်ပါ။ သီလ၊ သမာဓိ၊ ပညာဆိုသော သိက္ခာသုံးပါးကို ကျင့်ကြံ အားထုတ်မှ ရသောအရာ ဖြစ်ပါသည်။ထို့အတူ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုသော အပါယ်လေးပါးသို့ မရောက်ရန်မှာလည်း ရောက်ကြောင်း အကျင့်များဖြစ်သည့် မကောင်းမှု အကုသိုလ်များကို ကိုယ်တိုင် မပြုလုပ်ဖို့ လိုအပ်ပါသည်။ ဆုတောင်းနေရုံနှင့် အပါယ်လေးပါးမှ လွတ်မည်ဟု အာမခံချက် မရှိပါ။ကပ်သုံးပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပ္ပတ္တိတရား လေးပါးနှင့် ဗျသနတရား ငါးပါးဆိုသည့် အကြောင်းအရာများမှာမူ လက်ရှိ ပစ္စုပ္ပန်ဘဝနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် အချက်များ အတော်တော်များများ ပါဝင်နေသဖြင့် အသေအချာ စဉ်းစား ကြည့်သင့်သည် ထင်ပါသည်။(၃)ကပ်သုံးပါး ဆိုသည်မှာ ငတ်မွတ်ခေါင်းပါး စီးပွားရေး အဆင်မပြေ နွမ်းပါးခြင်း ဒုဗ္ဘိက္ခန္တရကပ်၊ လက်နက်ကိုယ်စီနှင့် စစ်မက်တိုက်ခိုက်၊ လက်နက် ကိုင်ဆောင်ထားသူကို ကြောက်ရွံ့ နေရသဖြင့် မလုံခြုံခြင်း၊ မအေးချမ်းခြင်း သတ္ထန္တရကပ်၊ အေအိုင်ဒီအက်စ်၊ အီဘိုလာ၊ ဆားစ်၊ ကင်ဆာစသော ရောဂါကြီး များမှသည် ငှက်ဖျား၊ သွေးလွန် တုပ်ကွေး၊ စီပိုး၊ ဘီပိုး စသည့် ရောဂါများ အလယ်၊ ဆေးရုံ မပြည့်မစုံမှု၊ ဆေးဝါး မပြည့်စုံမှု၊ ဆေးဖိုး မတတ်နိုင်မှု စသည်တို့ ခြုံငုံပါဝင်သော ရောဂန္တရကပ်ဆိုသည့် သုံးမျိုးကို ကပ်သုံးမျိုးဟု ဆိုခြင်း ဖြစ်ပါသည်။ဒုဗ္ဘိက္ခန္တရကပ်မှာ ဘဝရှင်သန် ရပ်တည်မှုနှင့် ဆိုင်သော ကပ်ဖြစ်ပြီး သတ္ထန္တရကပ် ဆိုသည်မှာ လုံခြုံအေးချမ်းမှုနှင့် သက်ဆိုင်သောကပ် ဖြစ်ပါသည်။ ရောဂန္တရကပ် ဆိုသည်မှာ ကျန်းမာရေးနှင့် သက်ဆိုင်သော ကပ်ဖြစ်ရာ ကပ်ကြီး သုံးပါးစလုံးသည် လူမှုဘ၀ တစ်ခုလုံးနှင့် တိုက်ရိုက် အချိုးကျ နေပါသည်။(၄)ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသညသတ် အရူပဘုံ အစရှိသော ရပ်ပြစ်ရှစ်ပါး ဆိုသည်မှာ လောကုတ္တရာနှင့် ဆက်စပ်ပြီး အပြစ်သင့်နေသော အရပ်၊ အပြစ် ဖြစ်နေသော အရပ်မျိုးကို ခေါ်ဆိုခြင်းဖြစ်၍ ဤ၌ အကျယ်ရှင်းပြ မနေတော့ပါ။ သေချာသည်မှာ ရပ်ပြစ် ရှစ်ပါး ဆိုသည်မှာ လောကုတ္တရာ မဂ်နှင့် ဖိုလ်စံများနှင့် တိုင်းတာရသော အရာများပင် ဖြစ်ပါသည်။(၅)အစဉ်အတိုင်းဆိုလျှင် ဤနေရာတွင် ရန်သူမျိုး ငါးပါးကို ပြောရမည် ဖြစ်ပါသည်။ သို့သော် ဝိပတ္တိလေးပါးနှင့် ဗျသနငါးပါးကို အရင် ပြောလိုပါသည်။ ဆုံးရှုံး ပျက်စီးခြင်းဟု အဓိပ္ပာယ်ရသော ဝိပတ္တိတရား လေးမျိုးတွင် ဂတိဝိပတ္တိဆိုသည့် အပါယ် လေးပါးသို့ ကျရောက်ခြင်းသည် နောက်ဘဝနှင့်သာ သက်ဆိုင်ရာ ယခုဘဝတွင် မကောင်းမှုများကို မလုပ်မိဖို့ လိုအပ်သော ဝိပတ္တိဖြစ်ပြီး ကျန်သုံးပါးမှာ ယခုဘဝနှင့် ပတ်သက်သော အရာများ ဖြစ်ပါသည်။ထိုသုံးပါးတွင် ခေတ်ပျက် အခါပျက် တရားဥပဒေ စိုးမိုးမှု ပျက်ပြားနေသည့် အချိန်အခါမျိုးကို ကာလဝိပ္ပတ္တိဟု ခေါ်ဆိုပါသည်။ မျက်စိ နားစသည့် ကိုယ်အင်္ဂါ ချွတ်ယွင်းခြင်းမျိုး ဥပဓိဝိပ္ပတ္တိမှာ အတိတ်ဘဝကံနှင့် ဆက်စပ် နေသော်လည်း ယခုလက်ရှိ ဘဝတွင်လည်း စစ်ပွဲများ၊ ခိုးဆိုးလုယက်များ စသည်တို့ကြောင့်လည်း ကြုံတွေ့ရနိုင်သော ဝိပ္ပတ္တိမျိုး ဖြစ်ပါသည်။မကောင်းမှုကို အကောင်းထင်မှတ်ပြီး လုပ်မှားကိုင်မှား အားထုတ် လုပ်ကိုင်နေမှုများကို ပယောဂဝိပ္ပတ္တိဟု ခေါ်ဆိုပါသည်။(၆)ဆုံးရှုံး ပျက်စီးခြင်းကို ဗျသနတရားဟု ခေါ်ဆိုပါသည်။ ဉာတိဗျသန- မိသားစုများ၊ ဆွေမျိုးများ ပျက်စီး ဆုံးရှုံးခြင်း၊ ဘောဂဗျသန-စည်းစိမ်ဥစ္စာ စီးပွားရေးများ ပျက်စီး ဆုံးရှုံးခြင်း၊ ရောဂါဗျသန- ရောဂါဝေဒနာ ခံစားရခြင်း၊ သီလဗျသန- ကိုယ်ကျင့်တရားများ ပျက်စီးခြင်း၊ ဒိဋ္ဌိဗျသန- အယူဝါဒ မှားယွင်းခြင်း ဆိုပြီး ငါးပါးရှိပါသည်။(၇)လာပါပြီ ရန်သူမျိုးငါးပါး။ “ရေ၊ မီး၊ သူခိုး၊ မွေခံဆိုး၊ မင်းဆိုး ရန်မျိုးငါး” ဆိုသည့်အတိုင်း ရန်သူမျိုး ငါးပါးတွင် ရေသည် ပကတိအားဖြင့် လူသားတို့၏ မိတ်ဆွေဖြစ်သော်လည်း မထင်မှတ်သည့် အခါတွင် ရန်သူကဲ့သို့ လူသားတို့ကို ပျက်စီး ဆုံးရှုံးစေတတ်သည်။ မီးသည်လည်း ရေကဲ့သို့ပင် မိတ်ဆွေအဖြစ်မှ ရန်သူအဖြစ်သို့ အချိန်မရွေး ပြောင်းလဲပြီး ဒုက္ခပေးတတ်သည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ ဆိုသည်မှာ ပကတိ သဘောအားဖြင့် ပြည်သူပြည်သားတို့၏ အားကိုးမှီခိုရာ ဖြစ်သည်။သို့သော် မင်းကျင့်မကျင့်၊ တရားနှင့်မညီ ငါထင်သည်ကိုသာလုပ်ပြီး အာဏာမာန်ယစ် ဖြစ်ချင်တိုင်း ဖြစ်နေလျှင် ပြည်သူပြည်သား တို့အတွက် ရန်သူထက်ပင် ပိုမို ကြောက်စရာ ကောင်းသူပင် ဖြစ်သည်။ သားသမီး ဆိုသည်မှာ “ငယ်သော်က သား၊ ကြီးသော် အား”၊ “ငယ်သော်က သမီး ကြီးသော် ထီး” အဖြစ် မိဘများက မျှော်လင့်အားကိုး ကြသော်လည်း “ငယ်သော်က သား၊ ကြီးသော် ကျား”၊ “ငယ်သော်က သမီး၊ ကြီးသော် မီး” ဖြစ်သွားတတ်သောကြောင့် ရန်သူစာရင်းဝင် ဖြစ်သွားတတ်ကြလေသည်။(၈)ဤဆုတောင်းများတွင် ပါဝင်သော လောကီ ဆုတောင်းများမှာ မိမိတို့ နိစ္စဓူ၀ ရင်ဆိုင် ဖြတ်သန်းနေရသော စားဝတ်နေရေး ကျန်းမာရေးနှင့် သက်ဆိုင်သော ဆုတောင်းများ ဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း ထိုဆုတောင်းများနှင့် တောင်းသည့်အတိုင်း ပြည့်ဝလိုကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။သို့သော် ထိုတောင်းဆုများ ပြည့်ဝစေရန် အလိုအပ်ဆုံးသော အရာကား အဘယ်ပါနည်းဟု စဉ်းစားကြည့်သင့် ကြသည်ဟုလည်း ထင်ပါသည်။(၉)စီးပွားရေး အဆင်မပြေ၍ ငတ်မွတ်နေရသော ဒုဗ္ဘိက္ခန္တရကပ်၊ မငြိမ်းချမ်းမှု၊ မလုံခြုံမှုဆိုသော သတ္ထန္တရကပ်၊ ကျန်းမာရေးကို ညီညွတ် ထောက်ကူစေသော စားသောက် နေထိုင်ရမှု မရှိသဖြင့် ရရှိခံစားရသော ရောဂါမျိုးစုံ၊ ရောဂါဖြစ်နေမှန်း သိပါသော်လည်း ဆေးဖိုးဝါးခ ငွေကြေး မတတ်နိုင်မှုကြောင့် ရောဂါကို ကြိတ်မှတ် ခံစားနေရသော ရောဂန္တရကပ်၊ ကာလပျက်ကြီး တစ်ခုလို ကျီးလန့်စာစား ဘဝမျိုး ဖြစ်အောင် တရားဥပဒေ စိုးမိုးမှု မရှိသော ကာလဝိပ္ပတ္တိ၊ ဗုံးဒဏ်၊ သေနတ်ဒဏ်၊ မိုင်းဒဏ်နှင့် အန္တရာယ်ကင်း လုံခြုံမှုကို အလေးမထားသော လုပ်ငန်းခွင်တို့ကြောင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ချွတ်ယွင်းရသော ဥပဓိ ဝိပ္ပတ္တိ လုပ်မှားကိုင်မှား အတွေးမှား ပယောဂ ဝိပ္ပတ္တိ၊ ထိုကပ်သုံးပါးနှင့် ဝိပ္ပတ္တိ သုံးပါးတို့၏ တိုက်ရိုက် အကျိုးဆက်ဟု ဆိုရမည့် ဗျသန တရားငါးပါး၊ ရေနှင့်မီးဆိုသော သဘာဝဘေး အန္တရာယ်များ၊ သတ္ထန္တရကပ်နှင့် ကာလဝိပ္ပတ္တိ၌ အကျုံးဝင်သော ခိုးဆိုးလုယက် အန္တရာယ်၊ ပညာရေးနှင့် အတွေးအခေါ်၊ အလုပ်အကိုင် စသည့် ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံးနေ၍ မကောင်းသော ပတ်ဝန်းကျင်များဖြင့်သာ အစဉ်သဖြင့် ထိတွေ့နေရသောကြောင့် သားဆိုးသမီးဆိုး ဖြစ်ကြရသူများ၏ အန္တရာယ် စသည်စသည်တို့၏ အရင်းအမြစ်မှာ အဘယ်အရာပါနည်း။ ရှာဖွေ ကြည့်လိုက်ပါ။(၁၀)တွေ့လိုက်ရသည်မှာ ကပ်ကြီးသုံးပါး၊ ဝိပ္ပတ္တိလေးပါး၊ ဗျသန ငါးပါးတို့နှင့် မကြုံတွေ့အောင် ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိသူမှာလည်း မင်းဆိုသည့် အစိုးရကောင်း။ ထိုဘေးများနှင့် ရင်ဆိုင် ကြုံတွေ့စေနိုင်သူမှာလည်း မင်းဆိုးဆိုသည့် အစိုးရ၊ ရေ၊ မီး၊ ခိုးသူ၊ သားသမီးဆိုးဆိုသည့် ရန်သူလေးပါးကို ကာကွယ်ပေးနိုင်သူမှာလည်း မင်းဆိုသည့် အစိုးရကောင်း။ ထိုရန်သူ လေးမျိုးကြောင့် ပိုပြီး ဒုက္ခ ရောက်စေနိုင်သူမှာလည်း မင်းဆိုးဆိုသည့် အစိုးရ။(၁၁)သို့ဖြစ်ရာ ကပ်ကြီးသုံးပါး၊ ဝိပ္ပတ္တိ လေးပါး၊ ဗျသနငါးပါးနှင့် ရန်သူမျိုး ငါးပါးတို့မှ လွတ်မြောက်လိုသည် ဆိုပါလျှင် တောင်းရမည့်ဆုမှာ တစ်ခုတည်းသာ ရှိပါသည်။ “မင်းဆိုး မင်းညစ်၊ အစိုးရဆိုး အစိုးရညစ်တို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းရ ပါလို၏” ဟူသော ဆုတောင်းကို တောင်းကြရန်ပင် ဖြစ်သည်။ဤဆုတောင်းတစ်ခု ပြည့်ဝသွားလျှင် ကျန်သည့် ဆုတောင်းများလည်း အလိုလို ပြည့်၀ လာပါလိမ့်မည်။ ကဲ လာမည့် နိုဝင်ဘာ ၈ ရက်တွင် သည်ဆုတောင်းကို လက်တွေ့ တောင်းပြလိုက်ကြပါစို့။

Most Read

Most Recent