အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြီးနောက် ရှားပါးစရိတ်၊ ထောက်ပံ့ကြေး၊ နှစ်တိုးလစာနှင့် ရက်မှန်ကြေးတို့ မပေးသဖြင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် အလုပ်သမားများ ထိုင်သပိတ်ဆင်နွှဲ

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြီးနောက် ရှားပါးစရိတ်၊ ထောက်ပံ့ကြေး၊ နှစ်တိုးလစာနှင့် ရက်မှန်ကြေးတို့ မပေးသဖြင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် အလုပ်သမားများ ထိုင်သပိတ်ဆင်နွှဲ
Published 3 October 2015
ရှိုင်းလင်းအောင်၊ နေမျိုးဝင်း

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြီးနောက် ရှားပါးစရိတ်၊ ထောက်ပံ့ကြေး၊ နှစ်တိုးလစာနှင့် ရက်မှန်ကြေးစသည်တို့ကို မပေးချေတော့သဖြင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန် (၁) အတွင်းရှိ နီလာစတားစက္ကူစက်ရုံမှ အလုပ်သမားများသည် စက်ရုံဝင်းအတွင်း အလုပ်မလုပ်ဘဲ ထိုင်သပိတ် ဆင်နွှဲနေကြကြောင်း နိုဝင်ဘာ ၂ ရက်က သိရသည်။
 
အဆိုပါ အလုပ်သမားများသည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းမှစ၍ စက်ရုံဝင်းအတွင်း ယခုကဲ့သို့ ထိုင်သပိတ်ဆင်နွှဲကာ ဆန္ဒပြကြခြင်းဖြစ်ကြောင်းသိရပြီး အစိုးရက အခြေခံလုပ်ခလစာကို ၁၀၈၀၀၀ ကျပ် တရားဝင်သတ်မှတ်ခဲ့ပြီးနောက် စက်ရုံတာဝန်ရှိသူများက ကျွမ်းကျင်လစာအပြင် ရှားပါးစရိတ်၊ ထောက်ပံ့ကြေး၊ နှစ်တိုးစရိတ်နှင့် ရက်မှန်ကြေးတို့ကို မူလပေးချေသည့်အတိုင်း ပြန်ပေးရန်၊ အဆောင်နေအလုပ်သမားများ၏ နေထိုင်စားသောက်စရိတ်ကို ကျပ် သုံးသောင်းခွဲ သတ်မှတ်ခြင်းကို မူလအတိုင်း ကျပ် နှစ်သောင်းသာ ထားရှိရန်၊ ထမင်းစားချိန်ကို မိနစ် ၃၀ အစား ၁ နာရီခွင့်ပြုပေးရန် စသည့် အချက်သုံးချက်ကို အလုပ်သမား ၄၀ ကျော် က ထိုင်သပိတ်ဆင်နွှဲကာ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။
 
ထိုင်သပိတ်ဆင်နွှဲကာ ဆန္ဒပြတောင်းဆိုနေသည့် အလုပ်သမားတစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးသူက “ အစိုးရက  ၃၆၀၀ သတ်မှတ်ပေးတဲ့ နောက်ပိုင်းမှာ လစာတိုးတာက အမည်ခံပါပဲ။ ကျွန်တော်တို့ဆီက ရက်မှန်ကြေးဖြုတ်တယ်၊ ရှားပါးကြေးဖြုတ်တယ်၊ နှစ်တိုးထောက်ပံ့ကြေး ဖြုတ်တယ်၊ ပြီးတော့ အဆောင်နေ အဆောင်ငှားစရိတ်က  နှစ်သောင်းကနေ တစ်သောင်းခွဲ တိုးလိုက်တော့ တစ်လကို သုံးသောင်းခွဲဖြစ်သွားတယ်။ အရင်က ရခဲ့တဲ့အခွင့်အရေးတွေကို အကုန်လုံးဖြုတ်ချလိုက်တဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုနေတာပါ”ဟု ပြောကြားသည်။
 
ဆက်လက်ပြီး ၎င်းက အလုပ်သမားခေါင်းဆောင်များနှင့် စက်ရုံတာဝန်ရှိသူများသည် ဆန္ဒမပြခင်က သုံးကြိမ်တိတိ ညှိနှိုင်းမှုပြုလုပ်ရာတွင် ပြေလည်မှုမရရှိခဲ့ကြောင်း၊ စက်ရုံတာဝန်ရှိသူများက အလုပ်သမားများ၏ တောင်းဆိုမှုများကို မလိုက်လျောပေးနိုင်သည့်အတွက် ယခုကဲ့သို့ သပိတ်ဆင်နွှဲကာ တောင်းဆိုခြင်းဖြစ်ပြီး တောင်းဆိုမှုများအား လိုက်လျောသည်အထိ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
 
နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားခေါင်းဆောင်များသည် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် သွားရောက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။
            

Most Read

Most Recent