ဒေါ်လာဖြင့် အာမခံ လုပ်ကိုင်ခွင့်ပြုခဲ့သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ခြောက်ခုအနက် FNI, GWI နှင့် ဧရာမြန်မာ ကုမ္ပဏီတို့မှ မ,တည်ရင်းနှီးငွေ ဒေါ်လာငါးသိန်း ပေးသွင်းရန် ကျန်ရှိ

ဒေါ်လာဖြင့် အာမခံ လုပ်ကိုင်ခွင့်ပြုခဲ့သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ခြောက်ခုအနက် FNI, GWI နှင့် ဧရာမြန်မာ ကုမ္ပဏီတို့မှ မ,တည်ရင်းနှီးငွေ ဒေါ်လာငါးသိန်း ပေးသွင်းရန် ကျန်ရှိ
Published 18 September 2015
သက်ထား

မြန်မာ့အာမခံ လုပ်ငန်းက ပုဂ္ဂလိက အာမခံ ကုမ္ပဏီခြောက်ခုကို ဒေါ်လာဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယင်းခွင့်ပြုခဲ့သည့် ကုမ္ပဏီ ခြောက်ခုအနက် First National Insurance, Global World Insurance နှင့် ဧရာမြန်မာ ကုမ္ပဏီတို့သည် မ,တည်ရင်းနှီးငွေ ဒေါ်လာငါးသိန်းကို ပေးသွင်းရန် ကျန်ရှိနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။ဒေါ်လာဖြင့် အာမခံ ထားရှိခြင်း ဆိုသည်မှာ အာမခံ ထားလိုသူများက အာမခံထားရှိရာတွင် ဒေါ်လာဖြင့် အာမခံထားရှိပါက လျော်ကြေးတစ်စုံတစ်ရာ ပေါ်ပေါက်ပါကလည်း ဒေါ်လာဖြင့် ပေးလျော်ရမည်ဖြစ်ကာ အာမခံထားငွေ အများဆုံး ဒေါ်လာငါးသိန်းအထိ ထားရှိနိုင်မည် ဖြစ်သည်။“ ဒေါ်လာနဲ့ လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ ခြောက်ခုမှာ သုံးခုက မ,တည်ရင်းနှီးငွေပေးဖို့ ကျန်သေးလို့ လုပ်လို့မရသေးဘူး။ မ,တည်ရင်းနှီးငွေ ပေးသွင်းတာကိုလည်း ငွေဖြူ၊ ဟုတ်၊ မဟုတ် စစ်ဆေးသေးတယ်။ ငွေဖြူ  ဖြစ်တယ်ဆိုမှ လုပ်ကိုင်ခွင့် ပြုတာပါ ” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဒေါ်လာဖြင့် အာမခံ လုပ်ကိုင်ခွင့်ရ  ပြည်တွင်းအာမခံ ကုမ္ပဏီများကို ယခင်က အများဆုံး အာမခံထားငွေ ဒေါ်လာငါးသောင်းကိုသာ လုပ်ခွင့်ပေးခဲ့ပြီး သြဂုတ်လ အတွင်းမှစ၍ ဒေါ်လာငါးသိန်းအထိ တိုးမြှင့် ခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။ယင်းသို့ ပမာဏ တိုးမြှင့် သတ်မှတ်ပေးရခြင်းမှာ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်အာမခံကုမ္ပဏီ သုံးခုကို လုပ်ငန်း လုပ်ကိုင်ခွင့် ပေးလိုက်သောကြောင့် နိုင်ငံခြား အာမခံကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရာတွင် ဒေါ်လာ ငါးသောင်း တန်ဖိုးမှာ နည်းပါးသည့်အတွက် ယှဉ်ပြိုင်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်း၊ ထို့ကြောင့် အာမခံထားငွေ ပမာဏကို တိုးမြှင့် သတ်မှတ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။“ အထူး စီးပွားရေးဇုန်တွေထဲမှာ နိုင်ငံခြား အာမခံ ကုမ္ပဏီတွေက လာရောက် ရင်းနီးမြှုပ်နှံတဲ့အခါမှာ စက်ရုံတွေဆိုလည်း အမေရိကန်ဒေါ်လာ သန်းနဲ့ချီတယ်။ သူတို့တွေက အာမခံထားမယ်ဆိုရင် ပြည်တွင်းကုမ္ပဏီ တွေကကျတော့ အာမခံပေးဖို့ခက်မယ်။ ဒါကြောင့် နိုင်ငံခြား ကုမ္ပဏီတွေကို လုပ်ခွင့်ပေးလိုက်တယ်။ နောက်ပြီး ဒီလထဲမှာပဲ ပြည်တွင်း အာမခံ ကုမ္ပဏီတွေကို အရင်ကအမေရိကန်ဒေါ်လာနဲ့ ငါးသောင်းအထိပဲ လက်ခံလို့ရတာကို ငါးသိန်းအထိ တိုးပေးလိုက်တယ်။ တိုးပေးရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ အထူး စီးပွားရေးဇုန်ထဲမှာ နိုင်ငံခြား အာမခံကုမ္ပဏီတွေကို လုပ်ခွင့်ပေးထားတော့ သူတို့နဲ့  Compete ဖြစ်အောင် တိုးပေးလိုက်တာ ” ဟု မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ဒေါ်လာဖြင့် အာမခံ လုပ်ဆောင်သည့် ပုဂ္ဂလိက ကုမ္ပဏီများမှာ လုပ်ငန်း လုပ်ဆောင်ရန်အတွက် ဒေါ်လာငါးသိန်းကို မ,တည်ငွေအဖြစ် ပေးသွင်းရပြီး လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံ၊ ဂရင်းဂါးဒီးယန်း အာမခံနှင့် အောင်သစ္စာဦး အာမခံကုမ္ပဏီတို့မှ လုပ်ကိုင်လျက်ရှိပြီး First National Insurance၊ ဧရာမြန်မာ အာမခံ၊ ဂလိုဘယ်ဝေါ အာမခံတို့မှာ ဒေါ်လာဖြင့် လုပ်ကိုင်ရန် ခွင့်ပြုထားကြောင်း သိရသည်။ 

Most Read

Most Recent