သမ္မတ ညွှန်ကြား၍ ပြိုင်ရခြင်းဖြစ်ပြီး အချိန်တန်လျှင် ပြည်ခိုင်ဖြိုးပါတီသို့ ပြန်ကာ ရာထူးကြီးဖြင့် တာဝန်ထမ်းဆောင်မည်ဟု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့် ပြောကြား

သမ္မတ ညွှန်ကြား၍ ပြိုင်ရခြင်းဖြစ်ပြီး အချိန်တန်လျှင် ပြည်ခိုင်ဖြိုးပါတီသို့ ပြန်ကာ ရာထူးကြီးဖြင့် တာဝန်ထမ်းဆောင်မည်ဟု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့် ပြောကြား
Published 18 September 2015
နေရိုင်း၊ ကျော်မျိုး

နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှုကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အချိန်တန်ပါက ပြည်ခိုင်ဖြိုးပါတီသို့ ပြန်ကာ ရာထူးကြီးကြီးဖြင့် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင် ဦးမျိုးညွန့်က ပြောကြားသည်။“လူကြီးက တာဝန်ပေးလို့ လုပ်တာ။ နိုင်ငံတော် သမ္မတက ဦးကို ဝင်အရွေးခံခိုင်းတာလေ။ ဘာကြောင့် တာဝန်ပေးလဲဆိုရင် ဦးက စစ်ဘက်မှာလည်း လုပ်ခဲ့ရတယ်။ ကောင်စီ (နေပြည်တော်) မှာလည်း ဦးပါတယ်” ဟု ဦးမျိုးညွန့်က ပြောကြားသည်။စက်တင်ဘာ ၁၇ ရက်တွင် ပျဉ်းမနားမြို့ရှိ စိန်ဒေါင်း စူပါစတိုး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။နေပြည်တော်ကောင်စီဝင်အဖြစ် သမ္မတက တိုက်ရိုက်ခန့်အပ်ခံရသူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု မဟုတ်ဘဲ တစ်သီးပုဂ္ဂလအဖြစ် မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ မှ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။“နောက်ဆုံးကျရင် ပါတီနဲ့ ပြိုင်မှာပါ။ ဒီအချိန် ဒီကာလ ပါတီအနေအထားကြောင့် တစ်သီးပုဂ္ဂလ ဖြစ်သွားတာ။ ပြောချင်တာက တစ်ချိန်ကျရင် ပါတီကို ပြန်မှာပါ။ ရာထူးကြီးကြီး နေရာကို ယူပြီးတော့ တာဝန်ပြန်ထမ်းဆောင်မယ်။ ဒါတော့ အဲဒီ ကာလပေါ့နော်” ဟု ဦးမျိုးညွန့်က ပြောကြားသည်။၎င်းက နေပြည်တော် ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း၊ ရပ်ကွက်ကျေးရွာများသို့ အားလပ်ချိန်တိုင်း သွားရောက်လည်ပတ်ခဲ့သည့် ခင်မင်မှုများ ရှိသည့်အတွက် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဦးမျိုးညွန့်က ပြောကြားသည်။“ပွင့်ပွင့်လင်းလင်း ပြောရရင် ယုံကြည်မှု လွန်ကဲတာ မဟုတ်ဘူး။ နိုဝင်ဘာ ၇ ရက်နေ့ တစ်ရက်တည်းနဲ့ ကျွန်တော့်အတွက် (မဲဆွယ်စည်းရုံးရန်) လုံလောက်တယ်။ နေပြည်တော်အတွက်” ဟု ပြောကြားသည်။နေပြည်တော်ကောင်စီရုံး အနီးရှိ ရပ်ကွက်တစ်ခုအတွင်း ဦးမျိုးညွန့်က အာဏာသုံးကာ မဲပေးခိုင်းသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် “မဲပေးနည်းပါ။ ကျွန်တော့် အောင်နိုင်ရေးအဖွဲ့က ကျွန်တော့် လက်ကမ်းစာစောင်မှာ ကျွန်တော့်ကို ထောက်ခံရင် တံဆိပ်တုံး ဒီမှာထုပါ။ ဒါမျိုး ပြောတာပါ။ ကျွန်တော့်ကို သဘောကျရင် ဒီနေရာလေးမှာ ထုပါ။ အဲဒါလေး ပြောတာပါ” ဟု ပြောကြားသည်။လက်ရှိတွင် မဲဆွယ်ခြင်းထက် ပုဂ္ဂိုလ်ရေး ခင်မင်မှုမျိုးဖြင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့နှင့်အတူ ကျေးရွာများသို့ သွားရောက်တွေ့ဆုံမှုမျိုးသာ ပြုလုပ်ကြောင်း၊ အဆောင်အယောင် အခွင့်အာဏာသုံးကာ မဲဆွယ်ခြင်း မပြုကြောင်း ၎င်းက ဆိုသည်။