ဟန်ဆောင်ထားသော မဟာမိတ်ဆက်ဆံရေး

ဟန်ဆောင်ထားသော မဟာမိတ်ဆက်ဆံရေး
Published 6 September 2015
မြတ်သစ်

သူတို့နှစ်ဦး ၁၂ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။ သူတို့နှစ်ဦးဆိုသည်က တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ရုရှားသမ္မတ ပူတင်တို့ ဖြစ်ကြသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တီယန်မင်ရင်ပြင်တွင် ကျင်းပခဲ့သော ဂျပန်ဆန့်ကျင်ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲတွင် သူတို့နှစ်ဦးသည် ဘေးချင်းယှဉ်ရပ်ပြီး စစ်ရေးပြအခမ်းအနားကို ကြည့်ရှုခဲ့ကြသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အပြင်ပန်းကကြည့်လျှင် နွေးထွေးမှုများရှိနေသည်ဟု ထင်မှတ်ရပေမယ့် စီးပွားရေးအရ ဆက်ဆံမှုများမှာ အေး စက်နေသည်ဟု ဆိုရမည်ဖြစ်သည်။
ယမန်နှစ်က သမိုင်းတွင်မည့် စွမ်းအင်နှင့်ပတ်သက်၍ နှစ်နိုင်ငံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ရုရှားနိုင်ငံမှတရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များပေးပို့ရေးမှာ တိုးတက်မှုမရှိပေ။ သူတို့နှစ်ဦးစစ်ရေးပြအခမ်းအနားတွင် ခေတ်မီလက်နက်ကြီးများကို ကြည့်ရှုကြပြီးနောက် နှစ်နိုင်ငံ အရေးအခင်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြရာတွင် သဘာဝဓာတ်ငွေ့ကိစ္စနှင့်ပတ်သက်၍ ပြောဆိုခြင်းမရှိကြ။ နှစ်နိုင်ငံစီးပွားရေးသဘောတူစာချုပ်မှာ ဒေါ်လာဘီလျံ ၁၀၀ ရှိမည်ဟု ခန့်မှန်းထားကြသော် လည်း ၂၀၁၅ ပထမခြောက်လပတ်တွင် ကုန်သွယ်မှုမှာ ဒေါ်လာဘီလျံ ၃၀ သာရှိခဲ့သည်။
ပူတင်အနေဖြင့် တရုတ်နိုင်ငံကို စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စိတ်ကူးရသည်မှာ တရုတ်သည် ကမ္ဘာ့စီးပွားရေးအင်အားကြီးမားသော နိုင်ငံတစ်နိုင်ငံဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် မကြာသေးမီက တရုတ်နိုင်ငံတွင် စတော့ဈေးကွက်များ ကမောက်ကမဖြစ်မှုနှင့်အတူ ၂၁ ရာစု အစောပိုင်းတွင် တရုတ်စီးပွားရေးနှေးကွေးသွားမှုများကြောင့် ရုရှားနိုင်ငံ၏ တရုတ်အပေါ် စီးပွားရေးပူးပေါင်းမှု လုပ်ဆောင်ချက် များမှာ အခက်အခဲများကြုံတွေ့နေရသည်။ ရုရှားနိုင်ငံသည် ဥရောပနှင့်အမေရိကန်ပြည်ထောင်စုတို့က ခရိုင်းမီးယားကို ရုရှားပိုင်နက်အတွင်း သွတ်သွင်းမှုနှင့် ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်မှုများကြောင့် စီးပွားရေးပိတ်ဆို့မှုများကို ခံနေရသည်။
ရုရှားနိုင်ငံသည်တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေရသည်။ သဘာဝဓာတ်ငွေ့ ရေနံနှင့် အခြားဓာတ်သတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရေးကို ပြုလုပ်ခြင်းအားဖြင့် စီးပွားရေးတိုးတက်မှုကို ရရှိလိမ့်မည် ဟု မျှော်လင့်ထားသည်။ ဥရောပတိုက်နှင့် ဆက်ဆံရေးမကောင်းသည့်အချိန်တွင် တရုတ်နိုင်ငံသည် ရုရှားအတွက် စီးပွားရေးလုပ်ဆောင်ရန် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်နေသည်။
၂၀၁၄ ခုနှစ် မေလတွင် ရုရှားနှင့် တရုတ်တို့သည် ဆိုက်ဘေးရီးယားအရှေ့ပိုင်းရှိ သဘာဝဓာတ်ငွေ့သိုက်မှနေ၍ နှစ် ၃၀ သက်တမ်းရှိ သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေးစာချုပ်ကို ချုပ်ဆိုဖို့ ပြင်ဆင်ခဲ့သည်။ ယင်း စာချုပ်အရ သဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ဒေါ်လာ ဘီလျံ ၄၀၀ ရှိပြီး ၂၀၁၉ ခုနှစ် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် သဘာဝဓာတ်ငွေ့များကို ရုရှားမှနေ၍ တရုတ်နိုင်ငံသို့ ပေးပို့ရမည်ဖြစ်သည်။ ယင်းစာချုပ် ကို ရှန်ဟိုင်းမြို့တွင် ချုပ်ဆိုခဲ့စဉ်က ပူတင်က ဤစာချုပ်သည် သမိုင်းတွင်မည့် သဘောတူစာချုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဥရောပတိုက်မှ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားခြင်းကို တရုတ်နှင့် ချုပ်ဆိုထားသောစာချုပ်က စီးပွားရေးအရ များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ပြောကြားခဲ့သည်။ စာချုပ် ချုပ်ဆိုရာတွင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချမည်ကို ဖော်ပြမထားပေ။ ဈေးနှုန်းအတက်အကျကို ပြန်လည်ညှိနှိုင်းမည်ဟု ယူဆရကြောင်း ဗြိတိန်အခြေစိုက် စွမ်းအင်လေ့လာမှုဆိုင်ရာ အောက်စ်ဖို့ဒ်အင်စတီကျုမှ ဥက္ကဋ္ဌဖြစ်သူ ယောနသန်စတန်းက သုံးသပ်ထားသည်။ တရုတ်တို့အနေဖြင့် နိုင်ငံအရှေ့မြောက်ပိုင်းဖြစ်သော ဒေသအတွက် သဘာဝဓာတ်ငွေ့များ အထူးလိုအပ်နေသည်ဖြစ်ရာ ရုရှားနိုင်ငံမှ တင်ပို့မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့များကိုရယူရန် စောင့်ဆိုင်းနေသည်။
ဆိုက်ဘေးရီးယားအနောက်ဘက်မှနေ၍ သဘာဝဓာတ်ငွေ့များ တင်ပို့ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ပေကျင်းမြို့တွင် လက်မှတ် ရေးထိုးရန် စီစဉ်ထားခဲ့ကြသည်။ သို့ပေမဲ့ တရားဝင်လက်မှတ်ရေးထိုးရန်အတွက် ယခုတစ်ကြိမ် ပူတင် ပေကျင်းမြို့သို့ ရောက်ရှိချိန်တွင် စီစဉ်ထားရှိသော်လည်း လက်တွေ့တွင် ရေးထိုးနိုင်ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ တရုတ်တို့၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်မှာ ယခင်ကထက်စာလျှင် လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် လက်မှတ်ရေးထိုးရန် နှောင့်နှေးရခြင်းအကြောင်းမှာ ဈေးနှုန်းများ သတ်မှတ်ရန်အတွက် ပြဿနာ များရှိနေသောကြောင့် ဖြစ်သည်။ လက်ရှိအခြေအနေတွင် သဘာဝဓာတ်ငွေ့ဈေးနှုန်းများမှာ လျော့ကျနေသဖြင့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခြင်းဖြစ်သည်။သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန်အတွက် ကုန်ကျမည့် စရိတ်များကို တရုတ်နိုင်ငံအနေဖြင့် ပြန်လည်စိစစ်ရမည့် အနေအထားရှိနေသည်။ ထို့အပြင် သဘာဝဓာတ်ငွေ့ဈေးနှုန်းများကိုလည်း လျှော့ချရန် တရုတ်တို့ကရုရှားကို တွန်းအားပေးမည်ဖြစ်သည်။
ရုရှားနိုင်ငံအနေဖြင့်လည်း မိမိတို့၏ စီးပွားရေးအကျပ်အတည်းများကို တရုတ်နိုင်ငံက ဖြေရှင်းနိုင်မည်ဟူသော အယူအဆမှာလည်း မသိမသာ လျော့ကျလာသည်။ ဥရောပနှင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံနေရခြင်းနှင့်အတူ ရေနံဈေးနှုန်းများ ကျဆင်းနေခြင်းတို့က ရုရှားနိုင်ငံအတွက် တရုတ်အနေဖြင့် စီးပွားရေးအကူအညီများ ပေးနိုင်မည်ဟူသော မျှော်လင့်ချက်သည် လျော့နည်းလာစေသည်။
စွမ်းအင်အပေါ်မူတည်ထားသည့် စီးပွားရေးဆိုင်ရာသဘောတူစာချုပ်များ အဆောတလျင် လက်မှတ်မရေးထိုးနိုင်ခြင်းမှာ စီးပွားရေးကျဆင်းနေမှုတစ်ခုတည်းအပေါ် မူတည်နေခြင်းမဟုတ်ပေ။ တရုတ်နိုင်ငံအနေဖြင့် ပေကျင်းနှင့်မော်စကို အမြန်ရထားပြေးဆွဲရေးစီမံကိန်းနှင့်ပတ်သက်၍ ရထားလမ်း တည်ဆောက်ရာတွင် ကျွမ်းကျင်သော တရုတ်တို့ကနည်းပညာပိုင်းကို တာဝန်ယူပြီး ရုရှားတို့က ကုန်ကျစရိတ်ကို တာဝန်ယူရမည်ဟူသော အချက်သည်လည်း နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုကို အဟန့်အတား ဖြစ်စေသည်။ မော်စကိုမှကာဇန်သို့ ချိတ်ဆက်ထားသော ရထားလိုင်းကို ၂၀၁၈ ခုနှစ်တွင် ရုရှား၌ ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မကျင်းပမီ တည်ဆောက်ပြီးစီးရမည်ဖြစ်သည်။ သို့သော် ယခုအချိန်ထိ ယင်းရထား လမ်းကို မတည်ဆောက်ရသေး။ ရုရှားတို့အနေဖြင့် ကုန်ကျစရိတ်ကို ပေးဆောင်နိုင်ခြင်းမရှိသလို တရုတ်တို့ကလည်း အခမဲ့တည်ဆောက်ပေးလိုခြင်း မရှိကြပေ။
ရှီကျင်ပင်းနှင့် ပူတင်တို့၏ မိတ်ဆွေဖြစ်ရေးဆိုသည်မှာ သူတို့နှစ်ဦး၏ သြဇာအာဏာ တည်ဆောက်ရေးကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထို့ပြင် မဟာဗျူဟာဆက်ဆံရေးအရ နှစ်နိုင်ငံသည် မြေထဲပင်လယ်နှင့် ဂျပန် ပင်လယ်တို့တွင် ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပူးတွဲလုပ်ဆောင်ခဲ့ကြသလို လစ်ဗျားနှင့် ဆီးရီးယားတို့တွင် အမေရိကန် ပါဝင်နေမှုများကိုလည်း ပူးတွဲဆန့်ကျင်နေကြသည်။ အီရန်အရေးမှာလည်း သူတို့နှစ်ဦးသည် သဘောထားအမြင်တွေ ထပ်တူကျနေကြသည်။ သို့ပေမဲ့ စီးပွားရေးအရ မဟာမိတ်ဖွဲ့ထားခြင်းမှာ မည်မျှအထိ ကြာရှည်ခံမည်ကို မည်သူကမျှ အာမခံချက်မပေးနိုင်။

Most Read

Most Recent