နာလန်ထစ မုန်းချောင်းဝဆီ

နာလန်ထစ မုန်းချောင်းဝဆီ
Published 1 September 2015
အောင်သူငြိမ်း(မကွေး)

မကွေးတိုင်းအတွင်းတည်ရှိပြီး ဧရာဝတီမြစ်သို့ စီးဝင်သည့် ယော၊ ပင်း၊ ဒေါင်းနေ၊ မုန်း၊ မန်း၊ ယင်း စသည့်ချောင်းများအနက် မုန်းချောင်းဝသို့ ရောက်ဖြစ်ခဲ့သည်။ မုန်း ချောင်းသည် ချင်းပြည်နယ် ဝိတိုရိယတောင် ၌အခြေတည်သည်။ ထိုမှတစ်ဆင့် ချင်းတောင်တန်းများတစ်လျှောက် တောင်ကျချောင်းပေါင်းများစွာနှင့် စုဆုံကာ မကွေးတိုင်းအတွင်း စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များကို ဖြတ်သန်းပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင် သည်။ ပွင့်ဖြူမြို့နယ် ဆည်မုန်း၊ ခုံစု ကျေးရွာ များ၏ အောက်ဘက်အနီး ဧရာဝတီမြစ်နှင့် ပေါင်းဆုံခြင်း ဖြစ်သည်။
ယခင်နှစ်များက ဝါဆိုလပြည့်နေ့တိုင်း ကျောင်းတော်ရာစေတီ၏ အရှေ့ဘက် မုန်း  ချောင်းဝအနီး ရောက်ဖြစ်သည်မှာ ငါးစာကျွေးဆိပ် ဖွင့်ပွဲသို့ဖြစ်သည်။ နှစ်စဉ်ဝါတွင်း ကာလတိုင်း ကျောင်းတော်ရာစေတီသို့ ဘုရားဖူးလာသည်ဟု ဒေသခံများက ယုံကြည်ကြသည့် ဘုရားငါးကြီးများကို ကြိုဆိုပွဲသို့ ရောက်ဖြစ် ခြင်းဖြစ်သည်။ ယခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ (ဇူလိုင် ၃၁ ရက်) က အဆိုပါငါးစာ ကျွေးဆိပ်ဖွင့်ပွဲသို့ဟု ရည်ရွယ် သွားရောက်ခဲ့သော်လည်း ယခင်နှစ်များနှင့် ဆန့်ကျင်ဘက် မြင်ကွင်းများကိုသာ မြင်တွေ့ခဲ့ရသည်။ ယခင်နှစ်များက မကွေးတိုင်းအတွင်း ဒေသခံများသာမက မြန်မာတစ်နိုင်ငံလုံးမှ ဘုရားဖူးလာရောက်ကြသူ များဖြင့် ကွင်းလုံးပြည့် စည်ကားလေ့ရှိသော ကျောင်းတော်ရာ ဘုရားတန်ဆောင်းများအတွင်း ရေဘေးရှောင်သူများဖြင့် ပြည့်နှက်နေသည်။ ယခင်က အနယ်နယ် အရပ်ရပ်မှ လာရောက်သော ဆိုင်ကယ်များ၊ ကားများဖြင့် ပြည့်ကျပ်နေခဲ့သည့် ကျောင်းတော်ရာဘုရားဝန်းကျင်နှင့် ဘူးသည်ကျေးရွာ ငါးစာကျွေးဆိပ် အနီးဝန်းကျင်တွင် ရေဘေးကြောင့် ပြေးလာရသူများ၊ ကျွဲနွားတိရစ္ဆာန်များဖြင့် ပျားပန်းခပ်နေသည်။

အပူပိုင်းမိုးနည်းရပ်ဝန်း ဒေသဟု ခေါ်ဆိုသော မကွေးတိုင်းအတွင်း ဇူလိုင် ၂၄ ရက် မှ ၃၁ ရက်အထိ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့သည်။ ထိုမိုးများသည် မြန်မာနိုင်ငံဒေသအနှံ့နီးပါး ရွာသွန်းခဲ့ခြင်းလည်းဖြစ် သည်။ မကွေးတိုင်းနှင့် ဧရိယာချင်းဆက်စပ်လျက်ရှိသော ချင်းပြည်နယ်တွင် မိုးရေချိန် ရှစ်လက်မကျော်သည်အထိ ရွာသွန်းခဲ့သည်။ ထိုသို့ရွာသွန်းခဲ့သော မိုးရေများက မုန်း ချောင်းအတွင်း စီးဝင်ခဲ့သည်။ ထိုရေများကြောင့် မကွေးတိုင်းအတွင်း မုန်းချောင်း အထက်ဖျားပိုင်း၌ တည်ဆောက်ထားသော မုန်းတမံ၏ ရေသိုလှောင်နိုင်အားထက်ကျော်လွန်ကာ ရေပိုရေလွှဲမှတစ်ဆင့် ဇူလိုင်၂၈ ရက်မှစပြီး ရေများလျှံကျခဲ့သည်။ ထိုရေများ သီးနှံစိုက်ခင်းများအတွင်း ဝင်ရောက်မှုနှင့် လူနေအိမ်များအတွင်း ဝင်ရောက်မှုကြောင့် စေတုတ္တရာမြို့နှင့်ပွင့်ဖြူမြို့အပါအဝင် ယင်းမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၃၀၀ ခန့်မှ သီးနှံစိုက်ခင်း ဧကသောင်းနှင့်ချီပျက်စီးခဲ့ကာ သိန်းနှင့်ချီသောလူများနှင့်တိရစ္ဆာန်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။
ထိုရေဘေးသည် မကွေးတိုင်းအတွင်း စံချိန်သစ်တင်ခဲ့သည်နှင့်အမျှ မြန်မာနိုင်ငံအနှံ့မှ ရေဘေးအတွက် လှူဒါန်းမှုများလည်း အုံ့သြသောင်းတင်း ရောက်ရှိခဲ့ကြသည်။ယခင်က ကြည့်လေရာမြင်ကွင်းတစ်ဆုံး ရွှေဝါရောင် စပါးခင်းများ၊ စိမ်းလန်းသော ကိုင်းသီးနှံများဖြင့် ပြည့်လျှံနေသော ကျောင်းတော်ရာဘုရား အရှေ့ဘက်တစ်ကြော ဝါညစ်ညစ် ရေပြင်ကြီးက လွှမ်းမိုးထားသည်။
၁၀ ရက်ကျော်မျှ ထိုမြင်ကွင်းကြီး လွှမ်းမိုးပြီးသောအခါ ယင်းဒေသများတွင် သဲပြင်များ၊ ရွှံ့နုန်းပြင်များ၊ ဗွက်အိုင်များ ကျန်ရစ်ခဲ့ သည်။ ထိုအခြေအနေများက ကွင်းပြင်များသာမက လူနေအိမ်ဝိုင်းများအတွင်းအထိ ကျန်ရှိနေသောကြောင့် လူနှင့်တိရစ္ဆာန်များ ကျန်းမာရေးထိခိုက်မှု ကြုံတွေ့လာရပြန်သည်။ ရေဘေးသင့်ဒေသများတွင် ရေပြန်ကျစ သြဂုတ်လလယ်ပိုင်းက ကလေးငယ်အများစု တုပ်ကွေးရောဂါများ ခံစားခဲ့ရပြီး အချို့မှာ သွေးလွန်တုပ်ကွေးရောဂါအဆင့်အထိ ရောက်ရှိခံစားခဲ့ကြရသည်။ ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းနှင့် ဧရာဝတီမြစ်နှင့် မုန်းချောင်အကြား ကျေးရွာများမှ  နွားကောင်ရေ ထောင်နှင့်ချီ ခြေထောက်များ အရေခွံကွာသည့်ရောဂါကို ခံစားခဲ့ရသည်။ ကျောင်းတော်ရာဘုရားအရှေ့ဘက် ကျွန်းပင်စင်ကျေးရွာ အပါအဝင် ကျေးရွာသုံးရွာမှ ကိုင်းစိုက်ခင်းဧက ၅၀၀ ကျော်မှာ အမြင့်ငါးပေကျော်ရှိသည့် သဲထုကြီး ဖုံးလွှမ်းသွားခဲ့ပြီး မည်သည့်သီးနှံမျှ စိုက်ပျိုးမရမည့် အခြေအနေဖြစ်ခဲ့သည်။
“ကျွန်တော်တို့ မိသားစုအတွက် နေ့စဉ်ပုံမှန်ဝင်ငွေ တစ်နေ့ ကျပ် ၂၀၀၀ ကျော် လောက်ရတဲ့ ပဲတိုင်ထောင်၊ ရုံးပတီ၊ ငရုတ် တွေ စိုက်ထားတဲ့အထဲမှာ ဗွက်နှစ်တွေပဲ ကျန်ခဲ့တယ်။ ကျွန်တော် လက်သမားလုပ်တဲ့ အလုပ်ရုံလေးလည်း ပြိုကျသွားခဲ့ပါတယ်။ သားအကြီးကတော့ အရင်ကတည်းက ဘော် ဒါမှာ နေပါတယ်။ သမီးနဲ့ကျွန်တော်တို့ လင်မယားနှစ်ယောက်ကတော့ ရွာထိပ်က တန်ဆောင်းထဲမှာ နေရပါတယ်။ ရေစကြီးကတည်းက ဒီနေ့အထိ တစ်လလောက် ဘာဝင်ငွေမှလည်း မရှိခဲ့ပါဘူး” ဟု ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာမှ လက်သမားဆရာ ကိုကျော်ကျော်က ပြောပြသည်။

သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်လား၊ လူလုပ် ဆည်တမံကြီးတွေကြောင့်ပင်လား၊ သစ်တောများပြုန်းတီးမှု ကြောင့်လား အဖြေမထွက်သေးသော်လည်း ကိုကျော်ကျော်တို့၏ မိသားစုဘဝလေးက တော့ ကစဉ့်ကလျားကျန်ခဲ့သည်ကို ကွက်ကွက်ကွင်းကွင်း မြင်သာနေခဲ့သည်။ ထိုမိသားစု ဆိုသည်မှာလည်း ရေဘေးကြုံခဲ့ရသည့် သိန်းနှင့်ချီသောလူဦးရေ၏ အစိတ်အပိုင်းတစ်ခုမျှသာ ရှိသေးသည်။ ရေကျ၍ စိုက်ပျိုးရေးလုပ်ငန်းအချို့ ပြန်လည်စတင်နေ ပြီဖြစ်သောကြောင့် ရေဘေးသင့်ဒေသများ တွင် နာလန်ထူစပြုပြီဟု ဆိုကောင်းဆိုနိုင် သည်။ ဝါခေါင်လပြည့်နေ့က နှစ်စဉ်လောက်ကဲ့သို့ မဟုတ်သော်လည်း ကျောင်းတော်ရာ စေတီသို့ ဘုရားဖူးများ စည်ကားစွာ လာရောက်ခဲ့သည်။ ထိုအချက်က ရေဘေးသင့် ခံခဲ့ရသော်လည်း ပြန်လည်တည်ငြိမ်စပြုပြီဟု ပြဆိုနေသည်။ သို့သော် နာလန်ထစ မုန်း ချောင်းဝဆီ ရောက်ခဲ့ရသည်က ရေဘေးသင့်သူများအတွက် ပြန်လည်ထူထောင်ရေး ဆိုသည်မှာ နှစ်နှင့်ချီ တည်ဆောက်ရဦးမည်ဟူသော ယုံကြည်မှုကို ခိုင်ကျည်စေခဲ့ပါသည်။

Most Read

Most Recent