သြဂုတ် ၁၆ ရက်ထုတ် Daily Eleven သတင်းစာမှာ ‘သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းထားသော်လည်း အလုံးလိုက်နီးပါး သစ်တင်ပို့နေသည့် မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာပြီး သစ်လောကအတွင်း ဝေဖန်မှုများ မြင့်တက်လာ’ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့အတွက် ဒီဆောင်းပါးကို မနေနိုင်မထိုင်နိုင် ရေးလိုက်မိတာပါ။ သတင်းအရဆိုရင် ဓာတ်ပုံတွေဟာ ၂၀၁၅ ခုနှစ် ဇွန် ၂၈ ရက်စွဲနဲ့ ဖြစ်ပြီး အလုံးလိုက်နီးပါး သစ်တွေကို ကွန်တိန်နာအတွင်း ထည့်နေတဲ့ပုံတွေလို့ သိရပါတယ်။ အဲဒီဓာတ်ပုံဟာ သစ်လုပ်ငန်းရှင် တွေဆီကို ပျံ့နှံ့နေပြီး ဒီလုပ်ရပ်ဟာ အစိုးရရဲ့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းထားတဲ့ အမိန့်ညွှန်ကြားချက်ကို ချိုးဖောက်ရာ ရောက်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့လိုကြောင်း သစ်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှာ ဝေဖန်ပြောဆိုနေကြပါတယ်။
တကယ်တော့ မြန်မာအစိုးရသစ်ဟာ သစ်တောပြုန်းတီးမှုတွေ ရပ်တန့်သွားစေဖို့ မြန်မာ့သစ်တော ကုထုံးသစ်အနေနဲ့ ပြည်ပသစ်အလုံးလိုက်တင်ပို့တာကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်က စွန့်စွန့်စားစားနဲ့ ရပ်ပစ်ခဲ့တာ ပါ။ မြန်မာပြည်မှာ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် ပြည်ပသစ်အလုံးလိုက် တင်ပို့တာ ရပ်လိုက်ပြီ ဆိုတဲ့သတင်းဟာ အာဆီယံအသိုင်းအဝိုင်းတင်မက ကမ္ဘာမှာတောင် နာမည်ကြီးသွားတဲ့ သတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။ သစ်ကုန်သွယ်မှုကနေ တိုင်းပြည်ဝင်ငွေအများအပြားရနေတဲ့ မြန်မာပြည်ဟာ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် ဝင်ငွေတွေအဆုံးရှုံးခံပြီး သစ်ကုန်သွယ်မှု တရားဝင် ရပ်ဆိုင်းလိုက်တာဟာ တကယ့်စွန့်စားခန်းကြီးပါ။ စိန်ခေါ်မှုတွေအများကြီးနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ လတ်တလောဝင်ငွေတွေကို စွန့်လွှတ်ပြီး အနာဂတ်သစ်တောတွေနဲ့ စည်စည်ပင်ပင်ပြန် ဖြစ်စေဖို့ အစိုးရရဲ့လုပ်ဆောင်ချက်ကို ကျွန်တော် မနေနိုင်မထိုင်နိုင် လေးစားမိခဲ့ပါတယ်။ ဒါပေမဲ့….။
အစိုးရသစ်ဟာ ပြည်ပသစ်အလုံးလိုက် တင်ပို့မှုကို ဧပြီ ၁ ရက်မှာ ရပ်ဆိုင်းဖို့အတွက် လွန်ခဲ့တဲ့ နှစ်နှစ် နီးပါးကြာ ကာလကတည်းက ကြိုတင်ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ပြည်ပသစ်တင်ပို့မှုကို အများဆုံး ခွင့်ပြုပေးခဲ့ပြီး အစိုးရသက်တမ်း သုံးနှစ်ကြာမှ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းလိုက်တာပါ။ ဒါကို ကြည့်ရင် အစိုးရသစ်ဟာ မြန်မာ့သစ်တွေကို ကုန်သလောက်နီးပါးထုတ်ပြီးမှ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သလို ဖြစ်နေပါတယ်။ နောက်ပြီး ပြည်ပသစ်အလုံးလိုက်တင်ပို့မှု ရပ်ဖို့ကြေညာလိုက်ကတည်းက သစ်တင်ပို့မှုတွေ ပိုများလာသလို တရားမဝင် သစ်တင်ပို့မှုတွေကိုလည်း ပိုမိုတွေ့လာရပါတယ်။
ကျွန်တော့်ကို သတင်းထောက်တစ်ယောက်က ပြည်ပသစ်အလုံးလိုက် တင်ပို့မှုရပ်လိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုပြီး အလွတ်သဘောမေးလို့ ကျွန်တော်က တရားဝင်သစ်တင်ပို့တာတွေ ရပ်လိုက်တော့ တရား မဝင်တင်ပို့မှုတွေ ကြီးထွားလာမှာပေါ့လို့ အလွတ်သဘောပြန်ဖြေလိုက်တာဟာ တကယ်ဖြစ်ခဲ့တယ်လို့ ဆိုရမလား။ သတင်းစာ ဂျာနယ် အွန်လိုင်းမီဒီယာတွေမှာ သစ်ခိုးထုတ်နေတဲ့သတင်းတွေ၊ သစ်ခိုးထုတ်တာ ဖမ်းမိတဲ့သတင်းတွေကို ပိုမိုတွေ့လာရတယ်။ တရားမဝင်သစ်တွေ တင်ပို့တဲ့နေရာမှာ ၁၂ ဘီးကား တွေအပြင် ဂျစ်ကားတွေ၊ အသင်းအဖွဲ့ကားတွေနဲ့ပါ သယ်ဆောင်နေကြပါတယ်။ ပီကင်း ဂျစ်ကားတစ်စီးက ငါးပေပတ်လည်၊ သုံးပေ လေးပေ အတုံး ၁၀၀ လောက် သယ်နိုင်ပါတယ်။ ဒါ့အပြင် ဆိုင်ကယ်တွေနဲ့လည်း သစ် ခိုးထုတ်နေတာလည်း တွေ့ရသလို သစ်ခွဲသားတွေလုပ်ပြီး ဇိမ်ခံကားတွေဖြစ်တဲ့ စူပါကာစတန်၊ တိုယိုတာ၊ ဝက်ဂွန် အစရှိတဲ့ကားတွေနဲ့ သယ်ဆောင်ပို့လာတာကို တွေ့ရပါတယ်။
အရင်တုန်းက တရားဝင်တင်ပို့တဲ့ လမ်းကြောင်းရှိတာတောင် သစ်ခိုးထုတ်မှုတွေဟာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဖြစ်နေခဲ့တာပါ။ ပြည်ပသစ်အလုံးလိုက် တင်ပို့တာမရပ်ခင် ရက်ပိုင်းလောက်အလိုမှာ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပသစ်တင်ပို့မှုဟာ တရားဝင်တင်ပို့တာ ၂၈ ရာခိုင်နှုန်းပဲရှိပြီး တရားမဝင်တင်ပို့မှုက ၇၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါတရားဝင်သစ်တင်ပို့တဲ့ လမ်းကြောင်းရှိတဲ့ကာလကပါ။ တရားဝင်သစ်တင်ပို့တဲ့ လမ်းကြောင်းမရှိတော့တဲ့အခါ သစ်ခိုးထုတ်မှုက ရာနှုန်းအပြည့် ဖြစ်ပေါ်ခဲ့ပြီး သစ်ဖမ်းဆီးရမှုတွေကလည်း စံချိန်တင်ခဲ့ပါတယ်။ နောက်ပိုင်းတပ်မတော်ရဲ့ အကူ အညီနဲ့ သစ်ထုတ်လုပ်မှုတွေကို ဖမ်းဆီးခဲ့တဲ့အတွက် တရုတ်နဲ့ ကေအိုင်အေတို့ ပါဝင်ပတ်သက်နေတဲ့ သစ်ခိုးဂိုဏ်းကြီးတွေကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းအကြီးဆုံး လုပ်ဆောင်နေတဲ့နိုင်ငံဖြစ်ပြီး နှစ်စဉ် ကန်ဒေါ်လာ ခုနစ်ဘီလျံဖိုးခန့် တင်သွင်းနေကြောင်း၊ အဲဒီလိုတင်သွင်းတဲ့နေရာမှာ တရားမဝင်သစ် ရာခိုင်နှုန်း ၉၀ ဟာ မြန်မာပြည်ကဖြစ်ကြောင်း အစီအရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း သစ်တောပညာရှင် ဦးအုန်းက ၂၀၀၈ ခုနှစ် နောက်ပိုင်းကာလတွေမှာ မြန်မာပြည်ရဲ့ သစ်ထုတ်လုပ်မှုဟာ တရားဝင်တစ်ဆဆိုရင် တရားမဝင်က ၁၀ ဆရှိတယ်လို့ ပြောခဲ့တာပေါ့။ ဒီ့ပြင် မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေဆီ သစ်တင်ပို့မှုက တစ်နှစ်ကို မက်ထရစ်တန်ပေါင်း ၁ ဒသမ ၆ သန်းရှိပြီး ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့် နှစ်အထိ ၁၀ နှစ်တာကာလအတွင်း ကုဗမီ တာ ၁၈ သန်းရှိခဲ့တယ်လို့ လန်ဒန်အခြေစိုက် EIA အဖွဲ့က ပြောခဲ့ဖူးပါတယ်။
တရားဝင်သစ်ထုတ်လုပ်မှုပိုင်းကို ကြည့်ရင်လည်း လက်ရှိအစိုးရသစ်လက်ထက် လေးနှစ်အတွင်း ကျွန်းနဲ့ သစ်မာတန်ချိန် ၅၇ သိန်းကျော် ထုတ်ယူခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျွန်တော်အထက်မှာပြောခဲ့သလို အစိုးရသစ်က လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းက ပြည်ပသစ်အလုံး လိုက်တင်ပို့မှုကို ရပ်ဆိုင်းမယ်လို့ အသံလွှင့်ခဲ့ပြီး အဲဒီကာလအတွင်းမှာပဲ သစ်တင်ပို့မှုက စံချိန်တင်မြင့်တက် ခဲ့တယ်။ မြန်မာ့သစ်တောထဲက သစ်ကောင်းတွေကို ထုတ်ယူလို့ ကုန်သလောက်နီးပါးဖြစ်မှ ပြည်ပသစ်တင်ပို့မှု ရပ်ဆိုင်းခဲ့တယ်။ တရားဝင်သစ်တင်ပို့မှုကို ရပ်လိုက်တော့မှ တရားမဝင်ထုတ်လုပ်တာတွေ အများအပြားတွေ့ လာရတယ်။
မြန်မာ့သစ်တောတွေဟာ တရားဝင်သစ်ထုတ်တာတွေ၊ သစ်ခိုးထုတ်တာတွေကြောင့် ပြုန်းတီးနေရတဲ့အပြင် တောမီးလောင်ခြင်း၊ လယ်ယာမြေတိုးချဲ့ခြင်း၊ စားကျက်မြေတိုးချဲ့ခြင်း၊ စားအုန်းဆီထုတ်လုပ်ခြင်း၊ ပုစွန်မွေးမြူခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ထင်း၊ မီးသွေးထုတ်လုပ်ခြင်းနဲ့ ရေကာတာတွေ တည်ဆောက်ခြင်းကြောင့်လည်း ပြုန်းတီးခဲ့ရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ သစ်တောတွေခုတ်၊ မီးရှို့ပြီး ဆီအုန်းတွေစိုက်တယ်။ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးမှာ သစ်တောတွေက ရာဘာခင်းတွေဖြစ်သွားတယ်။ ပဲခူးတိုင်းဒေသကြီးရဲ့ အနောက်ခြမ်း၊ မကွေးတိုင်းဒေသကြီးရဲ့ တောင်ဘက်ခြမ်းမှာ သစ်တောကြိုးဝိုင်းတွေဟာ ကြံခင်းတွေဖြစ်သွားတယ်။ ပြည်မှာဆိုရင် မြောက်နဝင်းဆည်၊ မကွေးတိုင်းဒေသကြီးမှာဆိုရင် အောင်လံ၊ မန္တလေးနဲ့စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် စပယ်နှစ်ကောင်၊ ယင်းတဲကြိုးဝိုင်းတွေမှာ သစ်တောတွေ အပြောင်ရှင်းခံရတယ်။ အဲဒီကနေ အထက်တက်သွားရင် ကချင်ပြည်နယ် တနိုင်းဒေသ၊ လီဒိုလမ်းမကြီးရဲ့ ဘေးဝဲယာမှာ သစ်တောတွေက ပီလောပီနံစိုက်ခင်းတွေ ဖြစ်သွားတယ်။ နောက်တစ်ခု ဆည်တွေ တည်ဆောက်လို့လည်း သစ်တောတွေ ဧကသန်းနဲ့ချီပြီး ဆုံးရှုံးနေရပါတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း)တစ်ဦးက ပြောဖူးပါ တယ်။
တကယ်တော့ မြန်မာ့သစ်တောတွေဟာ ခေတ်အဆက်ဆက် မြန်မာပြည်အစိုးရတွေရဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်တွေ ညံံ့ဖျင်းခဲ့တာကြောင့် ပျက်စီးပြုန်းတီးလာခဲ့ရတာပါ။ ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင်လည်း ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ် (ပါလီမန်ဒီမိုကရေစီ ခေတ်)၊ အာဏာရှင်ခေတ်၊ ပြည်သူ့အစိုးရခေတ်တွေ ရှိခဲ့တဲ့အထဲမှာမှ အာဏာရှင်ခေတ်မှာ သစ်တောပြုန်းတီးမှု အဆိုးရွားဆုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သစ်တောဖုံးလွှမ်းမှုကို ကြည့်ရင်လည်း ၁၈၅၆ ခုနှစ်မှာ ရာခိုင်နှုန်း ၇၀ ရှိနေရာက ၂၀၁၀ ပြည့်နှစ်မှာ ၄၆ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တယ်လို့ FOA က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ အခုနှစ်မှာလည်း သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းဟာ ၁၉ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂၀ ပဲ ရှိနိုင်တော့တယ်လို့ သစ်တောပညာရှင်အချို့ က သုံးသပ်ပြောနေကြပါတယ်။
ဘာပဲပြောပြော သစ်တောတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုပြုန်းတီးနေတယ်ဆိုတာ မျက်မြင်နဲ့တင် သိသာပါတယ်။ သစ်တောတွေ ပြုန်းတီးမှုကြောင့်လည်း ရာသီဥတုတွေဟာ တစ်နှစ်ထက်တစ်နှစ် ဖောက်ပြန် ပြောင်းလဲမှု ပြင်းထန်နေသလို ပြည်သူတွေလည်း ပြင်းပြင်းထန်ထန် ထိခိုက်ခံစားနေရပါတယ်။ အခုလည်း တစ်နိုင်ငံလုံး ရေကြီးနစ်မြုပ်မှု ဖြစ်ပွားရတာဟာ သစ်တောတွေပြုန်းတီးမှုကြောင့်လို့ ပညာရှင်တွေက ထုတ်ဖော်ပြောဆိုခဲ့တာ အားလုံးအသိပါပဲ။ အခုလိုအချိန်မှာ သစ်တောတွေကို စနစ်တကျ စီမံထိန်းသိမ်းသင့်ပါ တယ်။ လတ်တလော သစ်တောတွေ ပြန်လည်ဖွံ့ဖြိုးဖို့ သစ်ပင်ကိုထိထိရောက်ရောက် မစိုက် နိုင်သေးရင်တောင် ရှိပြီးသားတောတွေကို အလေအလွင့်မရှိအောင် စနစ်တကျထိန်းသိမ်းရပါမယ်။ အခုလို တရားဝင်သစ်အလုံး လိုက်တင်ပို့မှု ရပ်ထားတဲ့အချိန်မှာ သစ်ခိုးထုတ်၊ တရားမဝင်ရောင်းဝယ် နေတာတွေကို အမြစ်ပြတ် နှိမ်နင်းသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သစ်တောတွေဟာ ပေါ်တင်ထုတ်လိုက် ခိုးထုတ်လိုက်ကို ခံနေရတာနဲ့ မြန်မာ့မြေပေါ်မှ ပျောက်ကွယ်ကုန်ပြီး နောင်လာနောက်သားတွေအတွက် သစ်တောဆိုတာကို အရုပ်ရေးပြရမယ့် အနေအထားသို့ ရောက်သွားရပါတော့မယ်။










