“သတ္တဝါတို့သည် ယင်း၏ပတ်ဝန်းကျင်ကို ဖျက်ဆီးပါလျှင် ယင်းသည် မိမိဘာသာ မိမိကိုယ်ကိုယ် ဖျက်ဆီးနေခြင်း ဖြစ်နေပါသည်”
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံခြားသား ပညာရှိတစ်ဦးရဲ့ အဆိုအမိန့် တစ်ခုပါ။ ကျွန်တော်တို့ မြန်မာဆိုရိုးစကားနှင့် ပြောရမည်ဆိုလျှင် “အရိပ်နေနေ အခက်ချိုးချိုး” ဒါမှမဟုတ် “သားရေပေါ်အိပ် သားရေနားစား” ဆိုတာမျိုး ပြောရမည် ထင်ပါသည်။
ယခုတစ်လော ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ယခင်က မကြားခဲ့ဖူးသော သတင်းစကားများ ကြားခဲ့ရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းဒေသများတွင် ရေကြီးရေလျှံမှု သတင်းတွေကြားရသည်။ ဒေသခံများ ဆင်းရဲဒုက္ခ ရောက်ကြရသည်။ နစ်နာဆုံးရှုံးမှုများစွာနှင့် ကြုံတွေခဲ့ကြရသည်။ ထို့အတူ ထူးထူးခြားခြား တောင်ပေါ်ဒေသ အချို့မှာလည်း ရေကြီးမှုများ ဖြစ်ခဲ့ကြသည်။
ရေဘေးဒုက္ခသည် နိုင်ငံအနှံ့အပြားကို သက်ရောက်စေခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး ကားများသည် ကျွန်တော်တို့မြို့အတွင်းဝယ် ဥဒဟိုဝင်ထွက် သွားလာနေကြသည်မှာ ယနေ့ထိတိုင်။ ကျွန်တော်တို့မြို့လေး၏ နေရာအတော်များများသည်လည်း ဧရာဝတီမြစ်ရေ ကျူးကျော်ဝင်ရောက်ခြင်း ခံခဲ့ရ၏။ နှစ်စဉ်လိုလို ဧရာဝတီမြစ်ရေလျှံခြင်း အတွေ့အကြုံကို ကြုံတွေ့ခဲ့ကြသော ဒေသခံများအဖို့ ယခုနှစ်၏ ထူးခြားသော မြစ်ရေအရောင်အဆင်းနှင့် အတက်အဆင်း သဘာဝကိုကြည့်ကာ ဒါဟာဖြင့် သစ်တောပြုန်းတီးမှုကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်ပဲလို့ ကောက်ချက်တစ်စ ဆွဲထုတ်လိုက်ကြသည်။
ရေဘေး
ရေဘေးနှင့် ဒုက္ခရောက်သူကရောက်၊ ကယ်ဆယ်သူကကယ်ဆယ်၊ ကူညီသူက ကူညီဖြင့် နေ့နေ့ညည ကုန်လွန်ခဲ့ကြရာမှ ကျွန်တော်တို့မြို့လေးတွင် ထူးဆန်းသော သတင်းစကား တစ်ခုက ပျံ့နှံ့ထွက်ပေါ် လာပြန်သည်။
“တောဆင်ရိုင်းတွေ ဝင်လာလို့တဲ့” “ဆင်နင်းလို့တဲ့” “သေပြီတဲ့”
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသမှာ ရေကြီးရေလျှံလို့၊ ရေနင်းလို့ ဘေးဒုက္ခတွေ တွေ့ကြုံနေရသတဲ့ ဆိုတုန်းက မယုံကြည်နိုင်သူတွေ ရှိခဲ့ကြသလိုမျိုး၊ ထင်ရှားတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ပုဂံညောင်ဦးလို ဒေသမျိုးမှာ တောဆင်ရိုင်းတွေဝင်တယ်၊ ဆင်နင်းတယ်ဆိုတော့ တစ်နယ်တစ်ကျေးမှ မယုံကြည်သူအချို့က သတင်းစကား လှမ်းထောက်ကြသည်။
တောဆင်ရိုင်းများ ဝင်လာသည့်သတင်းမှာ ဟုတ်မှန်ကြောင်း၊ မလှိုင်နယ်မှတစ်ဆင့် ကျောက်ပန်းတောင်း၊ ထိုမှတစ်ဆင့် တောင်သာနယ်၊ ထို့နောက် ငါ့သရောက်နယ်မှ တစ်ဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်း ပြရသည်။
တောဆင်ရိုင်းများ ဝင်ရောက်လာသည့် နေ့မှစကာ ကျွန်တော်တို့ မြို့လေးတွင် ရေဘေး၊ ရေဘေးဆိုသော အသံများ၊ သတင်းစကားများအစား ဆင်သတင်းသည် အစားထိုး ဝင်ရောက်လာသည်။
“ဆင်တွေက တို့ရွာဘက် ရောက်လာနိုင်သလား” “ဆင်တွေ ခု ဘယ်ရောက်နေပြီလဲ” “ကလေးတွေကို ကျောင်းမထည့်ဘဲ ထားရင်ကောင်းမယ်” စသည်ဖြင့် ကျေးရွာများမှာလည်း အသံချဲ့များဖြင့် အော်ဟစ်သတိပေးသံ၊ ကြေညာသံတို့သည် နေရာအနှံ့။
ကျွန်တော်တို့ မြို့သူမြို့သား၊ နယ်သူနယ်သားတို့ အဖို့မှာလည်း ဆင်ဆိုသည်မှာ ကြောက်စရာကောင်းသည့် သတ္တဝါဟုမထင်။ ကလေးဘ၀ ငယ်စဉ်ကပင် ရုပ်ပုံရေးသည့်အခါ ဆင်ပုံသည် မပါလျှင်မပြီး။ ဆပ်ကပ်ပွဲများလာလျှင် ပါလာတတ်သည့် ဆင်နောက် တကောက်ကောက် လိုက်တတ်သည်။ အခပေး၍ စီးခွင့်ပေးလျှင် တက်စီးတတ်ကြသေးသည်။ အလှူပွဲကြီးများတွင် ဆင်များပါလာလျှင်လည်း အနီးဆုံးနေရာ ထိကပ်ကာ အစာကျွေးခွင့်ရလျှင် ကျွေးလိုက်သေးသည်။
နောက်တစ်ခု ကျွန်တော်တို့ သိထားသည်မှာ ဆင်သည်ရတနာတစ်ပါး။ “ဦးကင်းပန်းကုံး၊ စွယ်ဖုံးလျနစ်၊ သရစ်စီစီ၊ လရေးညီလျက်၊ လှမ်းချီယာပေါက်၊ ရှေ့နောက်ထပ်မျှ၊ သည်မသည်ရံ၊ မင်းစံဂီဝါ၊ သန္တာလိုလို၊ နဂိုရေသား၊ ပိုင်းခြားပြက်လျှပ်၊ ဆေးဒန်းတပ်သို့၊ ဖိနပ်ဖဝါး၊ ရောင်ပြားမြူးမြူး၊ တန့်လူးလုလင်၊ နေ့နှယ်ထင်၍၊ အပြင်မုနှော၊ အပြောပြန့်ပြန့်၊ လင်ပန့်သဏ္ဌာန်၊ လုံးဖန်လည်ရေး၊ အာမေးခံတွင်း၊ စွယ်ရင်းပေါ်ပေါက်----- ဆိုသည့် ဝက်မစွတ် နဝဒေး၏ ဆင်တော်ဘွဲ့မျိုးဖြင့် ပုဂံဘုရင် အနော်ရထာတွင်လည်း သန်မြန်စွာဟု အမည်တွင်သည့် ဆင်ဖြူတော်အပါအဝင် ဆင်တပ်မဟာကြီး ပိုင်ခဲ့ဖူးသည်။ ပုဂံမင်းနရသီဟပတေ့၏ ဆင်တပ်မဟာကို တရုတ်တို့ အံ့သြခဲ့ကြသည်။ မာကိုပိုလိုကတောင် မှတ်တမ်းတင်ခဲ့ရသည်။ ထိုသို့ဖြင့် ဆင်နှင့်ပတ်သက်လျှင် ချစ်ခင်စရာ၊ ဂုဏ်ယူဖွယ်ရာ၊ အားထားဖွယ် မြင့်မြတ်သည့် သတ္တဝါဟုသာ မှတ်ထင်ထားခဲ့ကြသည်။
ဆင်ဆိုသော သတ္တဝါသည် တစ်နာရီလျှင် ၁၅ မိုင်မှ ၃၀ မိုင်အထိ သွားလာနိုင်ကြောင်း ကျွန်တော်တို့ မသိ။ ဆင်လိုက်ခံရသောသူသည် ကိုက် ၁၀၀ ကို ၁၀ စက္ကန့်နှုန်း ပြေးနိုင်သည် ထားဦးတော့ တစ်နာရီဆက်တိုက် ၂၂ မိုင်ကျော်ကို လူသည်ပြေးနိုင်ရန် မလွယ်ကူ။ ကိုက် ၂၀၀ ခန့်သာ လူသည် အရှိန်အဟုန်ဖြင့် ပြေးနိုင်ပြီး ဆင်ကမူ အရှိန်အဟုန်မြှင့် မပြေးနိုင်သော်လည်း ၁၀ စက္ကန့်လျှင် ကိုက် ၅၀ နှုန်း ပုံမှန်ခြေလှမ်းများဖြင့် ရေရှည်နှိုင်းယှဉ်ပါက လူသည် ဆင်ဘေးမှ လွတ်ရန်မလွယ်ကူကြောင်း ကျွန်တော်တို့မသိကြ။ ဒါကြောင့်လည်း ကျွန်တော်တို့မြို့နယ် အတွင်းကို ဆင်တွေရောက်လာသည် ဆိုသောအခါ ကျွန်တော်တို့ နယ်သူ နယ်သားတွေ မကြောက်မရွံ့ အနားကပ်ကြ၊ ထိတွေ့ဖို့ကြိုးစားကြ၊ ချဉ်းကပ်ကြ၊ အရဲကိုးကြသည်။ ဆင်ဆိုလျှင် ရတနာတစ်ပါး၊ အားကိုးအားထားပြုစရာ၊ ဂုဏ်ယူစရာ၊ ချစ်ခင်စရာဟုသာ သိခဲ့သော ကျွန်တော်တို့အဖို့ ဆင်သည် အန္တရာယ်ပြုတတ်သော သတ္တဝါမှန်း မသိခဲ့။
ဆင်နင်းခံရသူ ညောင်ပင်ကန်ရွာသား တစ်ဦးအား ဆေးရုံပို့ရန် ရွာသားများခေါ်လာစဉ်
ကျွန်တော်တို့ မြို့ဆီသို့ ဝင်ရောက်လာသော တောဆင်ရိုင်း ခြောက်ကောင်၏ လာရာလမ်းကြောင်းကို ကြည့်လျှင် သြဂုတ်လ ၂၂ ရက်နေ့တွင် မိတ္ထီလာခရိုင်၊ မလှိုင်နယ်မှတစ်ဆင့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းပါးပြိုရွာ အတွင်းသို့ စတင်ဝင်ရောက်သည်။ နောက်တစ်နေ့ မနက်တွင် သီးကုန်းကျေးရွာအနီး ဆိတ်ကျောင်းနေသော အသက် ၁၄ နှစ်အရွယ် ကလေးငယ်လေးကို နှာမောင်းဖြင့် ရိုက်ခဲ့သည်။ ကျောက်ပန်းတောင်းနှင့် တောင်သာ နယ်စပ်အနီး မြင်သာရွာအနီးတွင် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ထို့အတူ ရန်ပြုခဲ့သည်။
တောဆင်ရိုင်း ခြောက်ကောင်သည် ပုပ္ပားတောင်ဘက်သွားမည့် ဟန်ပြုပြီးမှ တောင်သာနယ်ဘက် ဦးတည်ကာ နောက်ဆုံးတွင် ကျွန်တော်တို့ဘက် ငါ့သရောက်ဆီသို့ တန်းမတ်စွာ လှည့်ဝင်လာတော့သည်။ ငါ့သရောက်နယ်၊ ကန်တိန်ရွာမှ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး တောထိုင်နေသည်ကို တောဆင်ရိုင်းအုပ်က ဝင်တိုးသွားခဲ့သည်။ ကံကောင်း၍ အသက်မသေ။ ထို့နောက် ညောင်ဦးမြို့တောင်ဘက် တောင်ဇင်းတိုက်နယ် အတွင်း ဝင်ရောက်လာသည်။ တောဆင်ရိုင်းများ ဝင်လာသဖြင့် ကြောက်သူက ကြောက်သော်လည်း ရွာသူ၊ ရွာသား တော်များများက အရဲကိုးကပ်ကြည့်ကြသည်။ ဓာတ်ပုံရိုက်သူက ရိုက်။ အသံပြုသူကပြု။ သက်ဆိုင်သူ၊ နားလည်သူတို့က ပြောလည်းမမှု။
ဆင်များကမူ လူများနှင့် ဝေးနိုင်သမျှဝေးအောင် သွားနေကြသည်။ ရွာထဲဝင်တာမျိုး တမင်လူတွေ့၍ လိုက်ရန်ပြုတာမျိုးမလုပ်။ ကကျဲဆိုသည့် ရွာနားရောက်သည့်အခါ လူငယ်တစ်ဦးက အရဲကိုးကာ ဆင်ငယ်တစ်ကောင်အနီး ချဉ်းကပ်လိုက်သည်။ ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်သည်ဟု အချို့ကပြောသည်။ ဤတွင် ဆင်တစ်ကောင်က ထိုလူငယ်ကို ရန်ပြုတိုက်ခိုက် လိုက်တော့သည်။ စိတ်မကောင်းဖွယ် လူငယ်တစ်ဦး အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရသည်။ ထိုနေ့မှာပင် ညနေပိုင်း၌ ညောင်ပင်ကန်တဲတိုက် အနီးတွင် အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦး ဆင်နင်းခံရပြန်သည်။ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ရပြန်သည်။
ဤသို့ဖြင့် တောဆင်ရိုင်းများသည် နပ္ပလင်ကျေးရွာအနီး ဗူးကင်းတောင်ထိပ် ရောက်လာသည်။ ကျွန်တော်တို့ မြို့လေးတွင် တောဆင်ရိုင်းတွေ ရောက်နေသဖြင့် စိုးရွံ့ထိတ်လန့် နေသူတွေရှိသလို၊ မကြောက်မရွံ့ နောက်ကနေ လိုက်ကြည့်လိုသဖြင့် ဆင်သတင်း နားစွင့်နေသူများကလည်း တစ်နေ့တခြား များပြားလာသည်။ တောဆင်ရိုင်းကြည့်ချင်၍ တစ်ဦးလျှင် ငါးရာကျပ်ဖြင့် ကားစုငှားကာ ဗူးကင်းတောင်ခြေ ရောက်လာသော ရွာသူ၊ ရွာသားများပင် ရှိသည်။ ဆင်ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအဖို့ တောဆင်ရိုင်းများကို တားဆီးပြောင်းရွှေ့နိုင်ရေးက တစ်ဖက်၊ ဒေသခံများ ထိခိုက်မှာ စိုးသည်က တစ်ဖက် စိတ် အကြံအိုက် ကြရသည်။
“ကျွန်တော်တို့မှာ ဆင်နဲ့ပတ်သက်လို့ ဆိုရိုးစကား ရှိပါတယ်။ မြန်မာပြည်မှာရော နိုင်ငံခြားမှာရော ဆိုရိုးစကား ရှိပါတယ်။ မြန်မာပြည်မှာတော့ ဆင်ဟာ အိမ်မွေးဆင် ဖြစ်လင့်ကစား သူ့ရဲ့ဦးစီးကို တစ်နေ့သုံးကြိမ် သေကြောင်းကြံတယ်။ နိုင်ငံခြားကတော့ ဆင်ဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံအောင် သင်ကြားလို့ မရပါဘူး။” တောဆင်ရိုင်းမပြောနှင့် အိမ်မွေးဆင်ပင် သူ့သခင်ကို အန္တရာယ် ပေးတတ်ကြောင်း ဆင်ကျွမ်းကျင်သူ ဒေါက်တာစည်သူဦးဝမ်ထွန်းက ဆိုသည်။
သြဂုတ် ၂၇ ရက်တွင်မူ တောဆင်ရိုင်း ခြောက်ကောင်အနက် ငါးကောင်သည် ကျောက်ပန်းတောင်း နယ်အတွင်း ရောက်ရှိသွားပြီး ဆင်ငယ်တစ်ကောင်မှ ညောင်ဦးနယ်အတွင်း ကျန်ရစ်ခဲ့သည်။
သြဂုတ် ၂၈ ရက်တွင် ညောင်ဦးနယ်အတွင်း ကျန်ခဲ့သော ဆင်ငယ်လေးကို မေ့ဆေးဖြင့် ပစ်ဖမ်းလိုက်သည်။ ဆင်က အထီး၊ ဟံ အမျိုးအစားဆင်၊ အရပ်က လေးပေခွဲလောက်၊ အသက်က လေးနှစ်ခွဲလောက်ရှိပြီဟု ဆင်ဦးစီး ဦးကျော်ဝင်းလှိုင်က ပြောပြသည်။ ကျောက်ပန်းတောင်းနယ်ရောက် တောဆင်ရိုင်းသည်လည်း နတ်မောက်နယ်ထဲ ဝင်သွားသည်။ သူတို့၏ မူရင်းဒေသနှင့် နီးစပ်သွားပြီ။ ထိုနေ့ညနေပိုင်းတွင် သတင်းဌာန တစ်ခုက ကျွန်တော့ကို အင်တာဗျူးလုပ်သည့်အခါ မေးခွန်းတစ်ခု ပါလာသည်။
“တောဆင်ရိုင်းတွေဘာကြောင့် ပုဂံညောင်ဦးနယ်ထဲ ရောက်လာတယ်လို့ ထင်ပါသလဲ” တဲ့။
ကျွန်တော်က ဆင်ကျွမ်းကျင် သူလည်းမဟုတ်။ ဆိုတော့ ကျွန်တော်တို့ ဒေသခံတွေ အများစု သုံးသပ်သည်မှာတော့ “ဒီဆင်တွေဟာ တောတွေပြုန်းတီးပြီး အစာရေစာ ရှားပါးလို့ နယ်ကျွံရောက်လာတာ ဖြစ်မယ်လို့” သုံးသပ်ကြကြောင်း ပြန်လည်ဖြေပေးလိုက်သည်။
ပြန်တွေးကြည့်သည့်အခါ တောတွေပြုန်းသဖြင့် ကျွန်တော်တို့သည် ရေနင်းခံကြရသည်။ ယခုလည်း တောတွေပြုန်းသဖြင့် ဆင်နင်းခံရပြန်သည်။ ပညာရှင် ဆိုခဲ့သည့်အတိုင်း မိမိပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းသည် မိမိကိုယ်ကိုယ် ဖျက်ဆီးသကဲ့သို့ ဖြစ်နေပေပြီ။ ယခုလည်း ချင်းပြည်နယ်၊ တွန်းဇံမှာ တောင်ကျချောင်းရေကြောင့် နေအိမ်တွေမျောပါပြီး ကလေးမှာလည်း ရေတက်လာလို့ အထိတ်တလန့်ဖြစ်ကာ ပြောင်းကြ ရွှေ့ကြ ဖြစ်နေပြန်သတဲ့။
(ကိုးကား - တိရစ္ဆာန်ဆေးကု ဆရာဝန်ဦးအောင်စိုး၏ မြန်မာ့ဆင် စာအုပ်)










