သဘာဝပတ်ဝန်းကျင် ပျက်စီးသွားသောအခါ . . .

သဘာဝပတ်ဝန်းကျင် ပျက်စီးသွားသောအခါ . . .
Published 31 August 2015
ကျော်ဇောလင်း

ဆင်ခြောက်ကောင် ခရီးသွားနေတဲ့ သတင်းဟာ လူအများကြားမှာ စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။  တောဆင်ရိုင်းတွေ နယ်ကျွံမျက်စိ လယ်လမ်းမှားပြီး မြို့နယ်တစ်ခုကနေတစ်ခု ဖြတ်သန်းသွားလာပြီး လူကိုအန္တရာယ်ပြုတဲ့အထိ ဖြစ်လာတဲ့အချိန်မှာ ပြည်သူတွေအကြား ဆင်ခြောက်ကောင်ရဲ့ သတင်းဟာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ အားနည်းတာ၊ ကိုင်တွယ်ဖြေရှင်းရာမှာ လျင်လျင်မြန်မြန် ထိထိရောက်ရောက် မရှိတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြပါတယ်။ တောဆင်ရိုင်းတွေ လမ်းမှားရတာနဲ့ ဆက်စပ်ပြီး သဘာဝရဲ့ အခြေခံကောင်းတွေ ပျက်စီးဆုံးရှုံးသွားတာ၊ သစ်အလွန်အကျွံခုတ်မှု၊ သစ်တောပြုန်းတီး မှုတွေကြောင့် သဘာဝဂေဟစနစ်တွေ၊ တိရစ္ဆာန်တွေရဲ့ ကျင်လည်ကျက်စားမှုတွေ ကမောက်ကမ ဖြစ်ရတာတွေအထိ ဝေဖန်လာကြပါတယ်။
ဒီတစ်ပတ် သတင်းသုံးသပ်ချက် ကဏ္ဍမှာ နယ်ကျွံဆင်ရိုင်းတွေကို ဖမ်းဆီးပြီး ပဲခူးရိုးမထဲပြန်ပို့ဖို့ ကြိုးပမ်းခဲ့ကြတဲ့ သတင်းကို ပြန်လည်သုံးသပ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့ပြင် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ဖမ်းဆီးခံ ကျောင်းသားတွေအနေနဲ့ သူတို့အပေါ် ရဲလက်စွဲနဲ့မညီဘဲ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကြတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ရဲတပ်ရင်း ၁၊ ၁၀၊ ၁၁ နဲ့ ဒုရဲမှူးနန္ဒာဝင်းတို့ကို တရားစွဲခွင့်ပြုဖို့ လျှောက်ထားတဲ့ သတင်းကိုလည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။
 
ဆင်တွေလည်း လမ်းပျောက်ပြီ
တောဆင်ရိုင်းခြောက်ကောင် နယ်ကျွံပြီး တစ်မြို့နယ်ကနေ တစ်မြို့နယ် သွားလာနေတဲ့အချိန်မှာ ပြည်သူလူထု အန္တရာယ်ကင်းအောင် သက်ဆိုင်ရာက လုပ်ဆောင်ပေးနိုင်မှု အားနည်းတဲ့အပေါ် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။ နယ်ကျွံလာတဲ့ တောဆင်ရိုင်းတွေဟာ ကျောက်ပန်းတောင်းနဲ့ တောင်သာကနေတစ်ဆင့် ညောင်ဦးခရိုင် ငါ့သရောက်နယ် အတွင်းကို သြဂုတ် ၂၄ ရက်မှာ ဝင်ရောက်လာပြီး ကန်တိမ်ရွာမှ ရွာသားတစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။ ဆင်တိုးခံရတဲ့ ကန်တိမ်ရွာသားကို ညောင်ဦးဆေးရုံ ပို့လိုက်ရပါတယ်။ အဲဒီနေ့မှာပဲ ညောင်ဦးမြို့နယ် တောင်ဇင်းရဲ စခန်းပိုင် ပြွန်အုပ်စု တာလန်းကန်ရွာ အနီးမှာလည်း အသက် ၃၀ အရွယ် ရွာသားတစ်ဦး နှာမောင်းနဲ့ အရိုက်ခံရပြီး ခြေလက်များကျိုးကာ ဝမ်းဗိုက်ပေါက်ပြဲပြီး သေဆုံးခဲ့ရပြန်ပါတယ်။ ဆင်အုပ်ကို မောင်းထုတ်ရာကနေ ညောင်ပင်ကန်ရွာသားတစ်ဦး တိုက်ခိုက်ခံရပြီး ဆေးရုံပို့လိုက်ရပါတယ်။
တောဆင်ရိုင်းတွေဟာ လမ်းပျောက်တဲ့အတွက် ဒေါသထွက်နေကြပါတယ်။ ဒါကြောင့် လူတွေကို တွေ့တဲ့အချိန်မှာ သူတို့ရဲ့ ခွန်အားတွေနဲ့ တိုက်ခိုက်ကြတယ်။ သူတို့ရဲ့ စားကျက်မြေတွေ နည်းပါးလာတယ်။ သဘာ၀ တောတောင်တွေဟာ လူတွေကြောင့် ပျက်စီးယိုယွင်းလာတယ်။ တောကိုမီနေရတဲ့ တိရစ္ဆာန်တွေ တောပြုန်းတဲ့အခါမှာ သူတို့ရှင်သန် လှည့်လည်သွားလာဖို့ နေရာ ရှားလာမယ်။ သူတို့မှာလည်း သဘာဝက ပေးထားတဲ့ လက်ဆောင်တွေ မရှိတော့ဘူးဆိုရင် အခက်အခဲတွေ ဖြစ်လာပါမယ်။
လူတွေကြောင့် သဘာဝအရင်းအမြစ်တွေ ကုန်ဆုံးသွားတဲ့အချိန်မှာ အကျိုးအပြစ်ကို သားရဲတိရစ္ဆာန်တွေလည်း ခံစားကြရမှာပါပဲ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော် ၃၀ အတွင်းမှာ သစ်တောဖုံးလွှမ်းမှု အံ့အားသင့်စရာ ကောင်းအောင် လျော့ကျသွားခဲ့ ရပါတယ်။ သစ်ထုတ်လုပ်မှု လုံးဝမပြုလုပ်ရသေးဘဲ မူလအတိုင်း တည်ရှိနေတဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိတယ်လို့ ပညာရှင်တွေက အချက်အလက်တွေကို ကိုးကားပြီး ပြောကြားကြပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံဟာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ဒေသတွင်း နိုင်ငံတွေထက် သစ်ထုတ်လုပ်မှု မပြုဘဲ မူလအတိုင်း တည်ရှိနေတဲ့ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း နည်းနေပြီဆိုတာပါပဲ။ အိမ်နီးချင်းနိုင်ငံ အချို့မှာ သစ်ထုတ်လုပ်မှု မရှိဘူး။ အစိုးရတွေအနေနဲ့ သဘာ၀ အရင်းအမြစ်တွေ သစ်တောတွေကို ပြုန်းတီးမသွားအောင် စနစ်တကျ ထိန်းသိမ်းကြတယ်။ ကျွန်တော်တို့ ဆီမှာကတော့ စစ်အစိုးရ လက်ထက်အတွင်းမှာ သစ်တွေဘယ်လောက် ခုတ်ခဲ့ကြတယ်။ သစ်တောပြုန်းတီးမှု ဘယ်လောက်တောင် ရှိခဲ့တယ်ဆိုတာ ခန့်မှန်းဖို့တောင် အတော်လေးခက်ပါတယ်။ ခုထိလည်း ခုတ်နေကြတုန်းပဲ။ သစ်တောပြုန်းတီးမှု မြင့်မားရခြင်းမှာ အဓိက အချက်ကတော့ တရားမဝင် သစ်ထုတ်လုပ်မှုတွေအဖြစ် မပြတ်တာကြောင့်ပါပဲ။
နိုင်ငံရေး ကသောင်းကနင်း ဖြစ်နေတာအပေါ် အခွင့်ကောင်းယူပြီး အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံခြားသားတွေပါ သစ်ခိုးထုတ်ကြတယ်။ ဒီတော့ မြန်မာ့သစ်တောတွေ လျင်လျင်မြန်မြန် ပြုန်းတီးသွားတာ မဆန်းတော့ပါဘူး။ အခု ဒါတွေအတွက် ခါးစည်းခံကြရမယ့် သူတွေကတော့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဂေဟစနစ်တွေ ပြောင်းလဲသွားတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာပြီ။ ၂၀၀၈ မှာ အဆိုးရွားဆုံးအဖြစ် နာဂစ်ဒဏ်ကို ခံစားခဲ့ရတယ်။ အခုလည်း မကြုံဖူးတဲ့ ဘေးဒုက္ခဆိုးအဖြစ် ပြည်သူတော်တော်များများ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ ဒါတွေဟာ သဘာဝတရားနဲ့ သဘာဝက ဖန်တီးပေးထားတဲ့ အရင်းအမြစ်တွေကို တန်ဖိုးမထား တတ်ကြလို့ပဲ ဖြစ်ပါတယ်။
သြဂုတ် ၂၈ ရက်မှာ တောဆင်ရိုင်း ခြောက်ကောင်အနက် ညောင်ဦးမြို့နယ်မှာ ကွဲကျန်ရစ်ခဲ့တဲ့ ဆင်ငယ်ကို မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ကျန်တဲ့ ဆင်ရိုင်းငါးကောင်ကိုလည်း ပဲခူးရိုးမအတွင်း  ပြန်လည်ပို့ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလို နယ်ကျွံလမ်းမှားလာတဲ့ တောဆင်ရိုင်းတွေကို ရိုးမတောထဲ ပြန်ပို့ဖို့ အလျင်အမြန် လုပ်ကြရမယ့်အပြင် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူပြည်သားတွေနဲ့  ထိန်းသိမ်းထားသင့်တဲ့ တောရိုင်း တိရစ္ဆာန်တွေအတွက် သဘာဝပတ်ဝန်းကျင် ကောင်းတွေကို ပြန်လည်ဖော်ဆောင် ပေးနိုင်ဖို့ တာဝန်ရှိသူတွေ စဉ်းစားချင့်ချိန် လုပ်ဆောင်သင့်ပါတယ်။ ပျက်စီးနေပြီဖြစ်တဲ့ တောတောင်ရေမြေနဲ့ သဘာဝအရင်းအမြစ်တွေကို အနာဂတ် မြန်မာနိုင်ငံအတွက် ပြန်လည်ပြုပြင် ထိန်းသိမ်းသင့်နေပြီဆိုတာ သက်ဆိုင်သူတိုင်း သတိချက်ဖို့ လိုအပ်ပါလိမ့်မယ်။
 
ရဲလက်စွဲနဲ့မညီလို့ တရားစွဲမယ်
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားတွေကို သြဂုတ် ၂၅ ရက်မှာ ၁၄ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပါတယ်။ အဲဒီရုံးချိန်းမှာ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေက ၎င်းတို့ကို ဆေးရုံတက်ရောက် ကုသရတဲ့အထိ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ဟာ ရဲလက်စွဲနဲ့ မညီတဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ရဲတပ်ရင်း ၁၊ ၁၀၊ ၁၁နဲ့ ဒုရဲမှူး နန္ဒာဝင်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူပေးဖို့ လျှောက်လဲချက် ပေးခဲ့ပါတယ်။
ကျောင်းသားသပိတ်ကို ဖြိုခွဲရာမှာ ရဲလက်စွဲအပိုဒ်များမှာ ပြဋ္ဌာန်းထားမှုများကို လိုက်နာဖို့ ပျက်ကွက်ပြီး ရိုက်နှက်ဖမ်းဆီး ရသူတွေ နစ်နာတဲ့အတွက် တရားစွဲခွင့်ပြုဖို့ လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ရဲလက်စွဲအပိုဒ် - ၁၀၅၈ မှာ “(က) နံပါတ်တုတ်ကို အောက်ပါအတိုင်း အသုံးပြုရမည်။ (၁) ဖမ်းဆီးရာ၌ အတင်းအကျပ် ခုခံသူများ၊ ဖမ်းဆီးရမိပြီးနောက် ထွက်ပြေးရန် ကြံစည်အားထုတ်သူများကို နိမ်နှင်းရန် လိုအပ်သော အချိန်အခါဖြစ်ခြင်း၊ (ခ) တရားဥပဒေအရ ဖမ်းဆီးမည့်သူ တစ်ဦးတစ်ယောက်ကို ဖမ်းဆီးရာ၌ ခုခံခဲ့သော ပြစ်မှုဆိုင်ရာ ကျင့်ဥပဒေပုဒ်မ-၄၆ အရ ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် နိုင်နင်းအောင် ဖိစီးနှိပ်ကွပ်ခွင့် ရသော်လည်း ၎င်းတို့ကို နာကျင်အောင်ပြုလုပ်ရန် မသင့်လျော်က မပြုလုပ်ရ။ ထိုအမှုထမ်းသည် ဖမ်းဆီးရာ၌ နှိမ်နင်းမည့် လက္ခဏာမပေါ်လျှင် နံပါတ်တုတ်ကို ဆွဲယူအသုံးပြုနိုင်သည်။ သို့ရာတွင် ဦးခေါင်းကို မရိုက်မိစေရန် သတိပြုရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။
မတ် ၁၀ ရက် ကျောင်းသားသပိတ် ဖြိုခွဲတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှု ပုံရိပ်တွေကို သတင်းမီဒီယာတွေမှာ မှတ်တမ်းတွေအဖြစ် ဖော်ပြခဲ့ကြပြီး ဖြစ်ပါတယ်။ တရားစွဲခွင့်ရဖို့ ကျောင်းသားတွေရဲ့ လျှောက်ထားမှု လက်ခံ၊ မခံဆိုတာ မကြာမီ အမိန့်ချပါမယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ တရားစီရင်ရေးအပေါ် လူထုယုံကြည် ကိုးစားမှု ဘယ်လောက်ရရှိထား သလဲဆိုတဲ့ မေးခွန်းကိုတော့ ပြန်ဖြေဖို့ ခက်နေဆဲပါ။           
 

Most Read

Most Recent