သောင်းတိုက်က ကြားစေသား (၅)

သောင်းတိုက်က ကြားစေသား (၅)
Published 30 August 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

ကွဲပြားသော အချိန်ကာလ အသီးသီးတွင် အစိုးရကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့် ငြင်းပယ်ခံရသော နေရာများဖြစ်သည့် ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ်ပြည်တို့တွင် အာဏာရှင်အစိုးရများ ဖွဲ့စည်းပေါ်ပေါက်လာသည်။ ၁၉၆၅ ခုနှစ်တွင် အင်ဒိုနီးရှား၌ ပြည်သူ ၁ ဒသမ ၂ သန်းကျော် သွေးချောင်းစီး သတ်ဖြတ်ခံရပြီး စစ်အာဏာရှင်အစိုးရ ပေါ်ပေါက်လာသည်။ အကြွင်းမဲ့ အာဏာပိုင်စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ပုဂ္ဂိုလ်တစ်ဦးချင်း ဆိုသည်မှာ တန်ဖိုးမရှိသလောက်ဖြစ်ပြီး ပုဂ္ဂိုလ်လွတ်လပ်ခွင့် အခွင့်အရေးများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ မတရားရုံးများထူ ထောင်အပြစ်ပေးခြင်းတို့ဖြင့် ကန့်သတ်ချုပ်ချယ်ခြင်း ခံရသည်။ အခြားအယူအဆ တစ်ရပ်တွင်လည်း မည်သည့်အမျိုးအစား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မျိုးကို ခွင့်ပြုမည်၊ မည်သည့်အတိုင်းအတာအထိ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ပြုမည် စသည့်အချက်များကို အကြွင်းမဲ့ အာဏာကသာ ဆုံးဖြတ်ရမည်ဟူ၍ ဖြစ်သည်။ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးကို ငြင်းပယ်ခံရသည့် နိုင်ငံများတွင် နှစ်ပရိစ္ဆေဒရှည်စွာ ကြီးပြင်းခဲ့ရသော အာရှပြည်သူများ၊ တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာ နိုင်ငံတော်ဗဟိုပြုပုဂ္ဂိုလ် အစိုးရဆက်ဆံရေးကို အုပ်ချုပ်ရေး အဘိဓမ္မာအဖြစ် အခြေခံထားသည့် နိုင်ငံများတွင် ထုသားပေသားရပြီးသော အာရှပြည်သူများအတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာရှင်များ၏ အရေးကြီးဆုံး တာဝန်မှာ ‘အာရှတန်ဖိုး’ အတွေးအခေါ်ကို ဘုံရပ်တည်ချက်ဖြင့် ခိုင်ခိုင်မာမာ ဆန့်ကျင်ရေးပင် ဖြစ်သည်။ ဤနိဂုံးချုပ်ချက်အရ လေးလေးနက်နက် အကဲဖြတ် ဆန်းစစ်ချက်များ ပြုလုပ်ပြီးနောက် အာရှနိုင်ငံတိုင်းသည် လူ့အခွင့်အရေး အခြေခံမူများကို ထုတ်နုတ်ဖယ်ရှားခွင့် မရှိ၊ တစ်ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများအဖြစ် လေးစားလိုက်နာရမည်ဟူသော ရပ်တည်ချက်ကို အရပ်ဘက် အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများက ပူးပေါင်းဖော်ပြခဲ့ကြသည်။ဤဘုံရပ်တည်ချက် အခြေခံပေါ်တွင် ဗီယင်နာညီလာခံ အကြိုပြင်ဆင်ရေးနှင့် အတည်ပြုရေး ဘန်ကောက်ကွန်ဖရင့်၌ ကြေညာချက် အများအပြား ထုတ်ပြန်ကြေညာခဲ့ကြသည်။ ဤကြေညာချက်များသည် အာရှပြည်သူများ၏ အသံပင်ဖြစ်သည်။ အာရှပြည်သူများ၏ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှု အမြင်အယူအဆ ဖြစ်သည်။ ဤဘန်ကောက်ကွင်ဖရင့်သည် အာရှပြည်သူများ၏ သမိုင်းတင်သော လှုပ်ရှားမှုကြီးဖြစ်သည်။ နိုင်ငံသားတိုင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများကို လေးစားလိုက်နာမှုမူပေါ်တွင် ရပ်တည်၍ ဥပဒေနှင့် အခြေခံ အဆောက်အအုံများကို လူ့သမဂ္ဂတွင် တည်ထောင်ရန် ထုတ်ဖော်ခဲ့ကြသည်။အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ညီလာခံကြီးကို ကမ္ဘာ့ကုလသမဂ္ဂက ကြီးမှူး၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၉၃ ခုနှစ် ဇွန် ၁၄ မှ ၂၅ ထိ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။ ဤညီလာခံကြီးသည် စစ်အေးတိုက်ပွဲအပြီး ပထမဆုံးအကြိမ် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ညီလာခံဖြစ်သည်။ ညီလာခံကြီး၏ ပင်မရလဒ်မှာ ဗီယင်နာကြေညာစာတမ်း (Vienna Declaration) နှင့် အကောင်အထည်ဖော်မှု အစီအစဉ် (Action Programme) ထုတ်ပြန်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဤဆုံးဖြတ်ချက်များကို ကမ္ဘာ့နိုင်ငံပေါင်း ၁၇၁ နိုင်ငံက တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအကြား အပြန်အလှန်တည်မှီ ဆက်စပ်မှုကို ဖော်ထုတ်ခဲ့ကြသည်။ အထူးသဖြင့် စစ်အေးတိုက်ပွဲက စီးပွားရေး၊ လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများမှ နိုင်ငံရေးနှင့် လူမှုအခွင့်အရေးများ ခွဲခြားပစ်ခြင်းကို ဖျက်သိမ်းခဲ့ကြသည်။ အဆိုပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံအုတ်မြစ်ပေါ်၌သာ ဖြစ်ထွန်းသင့်ကြောင်း၊ ဆက်နွှယ်မှု သဘောတရားဖြင့် စစ်အေးအယူအဆဟောင်းကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ညီလာခံကြီး၏ ဆုံးဖြတ်ချက်အရ ကမ္ဘာ့ကုလသမဂ္ဂတွင် “United Nations High Commissioner for Human Rights”- UNHCR) ဌာနသစ်တစ်ခု ပေါ်ပေါက်လာသည်။ ညီလာခံကြီးက လူ့အခွင့်အရေးသည် အနောက်နိုင်ငံ၏ အပြင်ဘက်ရှိ နိုင်ငံများတွင် ဆိုပါက အကောင်အထည်ဖော်ဆောင်ရွက်ရန် ဦးစားပေး ဖြစ်သင့်ကြောင်း ရှင်းရှင်းလင်းလင်း လုပ်ငန်းစဉ် ချမှတ်ထားသည်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာတွင် လွတ်လပ်ပြီး အမှီအခိုကင်းသည့် တရားစီရင်ရေးစနစ်ကို မလွဲမသွေ ထူထောင်ရမည်ဖြစ်ကြောင်း ဗီယင်နာ ညီလာခံကြီးက အခိုင်အမာ ညွှန်ပြခဲ့သည်။ဤအခြေအနေတွင် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) ကို ပိုမိုကျယ်ပြန့်စွာ ဖွဲ့စည်းရန် ဗီယင်နာညီလာခံကြီး၏ ဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် (AHRC) ၏ စွမ်းပကားကို အကြီးအကျယ်မြှင့်တင်ရန် လိုအပ်ကြောင်း နိုင်ငံတကာ ပညာရှင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူက အသိအမှတ်ပြု သဘောတူခဲ့ကြသည်။ (AHRC) သည် CCA ရုံးတွင် အခန်းတစ်ခု ဖွင့်လှစ်၍ ပူးတွဲဆောင်ရွက်နေရခြင်းသည် မျက်မှောက်တောင်းဆိုချက်များနှင့် လိုက်လျောညီထွေ မရှိတော့ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြင့် (AHRC) ကို ဦးဆောင်ကွပ်ကဲနိုင်မည့်သူကို ရှာဖွေခဲ့ကြသည်။ ဤတွင် ညီလာခံက သီရိလင်္ကာနိုင်ငံသား ကုလသမဂ္ဂ အကြီးတန်းအရာရှိ ဘာဆီးလ်ဖာနန်ဒို (Basil Fenando) ကို ရွေးချယ်ခဲ့ကြသည်။ ဘာဆီးလ်ကို ၁၉၄၄ ခုနှစ် အောက်တိုဘာတွင် သီရိလင်္ကာ၌ မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ကိုလံဘိုရှိ သီဟိုဠ်တက္ကသိုလ် (University of Celon) မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ သီရိဂျာဝါဒနာပူရ (Sri Jayawadanapura University) တွင် အင်္ဂလိပ်ဘာသာရပ် ပို့ချခဲ့သည်။ သီရိလင်္ကာ တရားရုံးချုပ်တွင် ၁၉၈၀ မှ ၁၉၈၉ အထိ ဆောင်ရွက်ခဲ့သည်။ ပြစ်မှုဆိုင်ရာဥပဒေ၊ အလုပ်သမားဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်တွင် အထူးပြုဆောင်ရွက်ခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ဟောင်ကောင်ရှိ ဗီယက်နမ် ဒုက္ခသည်များ၏ ရှေ့နေအဖြစ် ၁၉၈၉ မှ ၁၉၉၂ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ မှ ၁၉၉၃ အထိ ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘောဒီးယားဆိုင်ရာ အသွင်ကူးပြောင်းရေးကာလ အကြီးအမှူး (United Nations Transitional Authority in Combodia-UNTAC) ၏ ရုံးတွင် လူ့အခွင့်အရေး တာဝန်ခံ အကြီးတန်းအရာရှိအဖြစ် ဆောင်ရွက်နေစဉ် ၁၉၉၃ ဗီယင်နာညီလာခံအပြီး (AHRC) ကို ကွပ်ကဲရန် ရွေးချယ်ခံရခြင်းဖြစ်သည်။ဘာဆီးလ်သည် (AHRC) ကို ဟောင်ကောင်တွင် အခြေစိုက်ပြီး ကျွမ်းကျင်ဝန်ထမ်းများ ပညာရှင်များ ဖွဲ့စည်းကာ ဥပဒေလက်ရုံးအဖြစ် (ALRC) ကို တစ်ပြိုင်တည်း ထူထောင်သည်။ (AHRC) သည် အခြေကျပြီးသည်နှင့် ဗီယင်နာညီလာခံကြီး၏ ဆုံးဖြတ်ချက်များ ဆက်လက်အကောင်အထည်ဖော်ရန် ပြင်ဆင်သည်။ ထိုအချိန်အတွင်း အာရှတစ်လွှား၌ အာဏာရှင် အစိုးရများက “အာရှတန်ဖိုး” (Asia Value) အယူအဆဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုကြီးကို မိုးကြိုးပစ်ရာ ထန်းလက်ကာ၍ မအောင်မြင်သည့်အခါ နည်းဗျူဟာတစ်မျိုး ပြောင်းလာပြန်သည်။ လမ်းညွှန်ဒီမိုကရေစီ (Guided Democracy)၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (Disciplined Democracy) စသဖြင့် ဒီမိုကရေစီဟူသည့် စကားလုံးသုံးကာ ဆင်သေကို ဆိတ်ရေဖြင့် ဖုံးရန်၊ အာဏာရှင် အတွင်းသရုပ်ကို ဒီမိုကရေစီ မျက်နှာဖုံးဖြင့် ပုံဖျက်ရန် ကြိုးစားလာပြန်သည်။ စင်စစ် ဒီမိုကရေစီတွင် ရပိုင်ခွင့်နှင့် တာဝန်၊ စည်းကမ်းကျင့်ဝတ်နှင့် လွတ်လပ်မှုတို့ ပါဝင်ပြီးဖြစ်သည်။ ဒီမိုကရေစီစနစ်မှ စည်းကမ်းကို ဖယ်ထုတ်ပါက မင်းမဲ့ဝါဒ (Anarchism) သာ ဖြစ်သွားပေမည်။ အာဏာရှင်တို့က တစ်ကမ္ဘာလုံး လက်ခံသည့် ဒီမိုကရေစီသည် ဦးတည်ချက် မရှိသယောင်ယောင်၊ စည်းကမ်းမရှိသယောင်ယောင် အသရေဖျက်ခြင်းဖြစ်သည်။ ၎င်းတို့ အမွှမ်းတင်နေသည့် ကြိုးကိုင်ဒီမိုကရေစီ၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ နားထင်သေနတ်တေ့ ဒီမိုကရေစီ၊ နွားမရွှံ့ပိတ် ဒီမိုကရေစီ၊ ကျားသနားမှ နွားချမ်းသာ ဒီမိုကရေစီသာ ဖြစ်သည်။ဤအခြေအနေတွင် (AHRC)၊ UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် “အာရှလူ့အခွင့်အရေး ပဋိညာဉ်စာတမ်း” (Asian Human Rights Charter) ကြီး ပေါ်ပေါက်လာရန် စိုင်းပြင်းလှုပ်ရှားကြတော့သည်။ ဤပဋိညာဉ်ကြီးသည် အာရှတိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ ယဉ်ကျေးမှုသစ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် အာရှတစ်လွှားမှ ထောင်နှင့်ချီသော ပုဂ္ဂိုလ်များသည် အကြိတ်အနယ် အပြင်းအထန် ဆွေးနွေးငြင်းခုံမှုများ၊ အကဲဖြတ်ချက်များ၊ သုံးသပ်ချက်များကို သုံးနှစ်တိုင်တိုင် တွေ့ဆုံပြုလုပ်ခဲ့ကြသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (CSO) ၂၀၀ ကျော် တိုက်ရိုက်ပူးပေါင်းပါဝင်ပြီး အခြားအရပ်ဘက် အဖွဲ့အစည်းများ၊ လူထုအဖွဲ့အစည်းများ (POs-Peoples Organizations) က လက်မှတ်ရေးထိုး ထောက်ခံပါဝင်ခဲ့ကြသည်။ ဘာသာပြန်ဆိုချက်များ အပါအဝင် မူကြမ်းများကို အနိုင်နိုင်ငံမှ သတင်းစာများ၊ ဂျာနယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ သတင်းလွှာများတွင် အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။ ပဋိညာဉ်ကြီး၏ နောက်ဆုံးအချောသပ်မူကို မူကြမ်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပါမောက္ခရရှ်ဂိုင် (Professor Yash Gai) က တာဝန်ခံရေးသားသည်။ ရရှ်ဂိုင်အပြင် အခြားကော်မတီဝင်များမှာ တရားသူကြီး ခရစ်ရှနာအိုင်ယာ (Justice Krishna Iyer)၊ ဘဂါဝတီ (P.N Bhagwati) ပါမောက္ခ ကင်မီဒဲ့မူရှာကိုဂျီ (Prof; Kimede Mushakoji)၊ မာစီဒီးဗီကွန်ထရာ (Marcedes V.Contrearas)၊ လော့ဒီအင်ဒိုင်ဆာဂျွာ (Lourdes Indai Sajor)၊ ဘာဆီလ်ဖာနန်ဒို (Basil Fernando)၊ မတ်ဒါလီ (Mark Daly)နှင့် AHRC မှ ဆန်ဂျီးဝါလီရန်နဂီ (Sanjeewa Liyange) တို့ ဖြစ်ကြပါသည်။ဤပဋိညာဉ်စာတမ်းကြီးသည် အာရှတိုက်၏ လူ့အခွင့်အရေးဆိုင်ရာ စစ်ထိုးပွဲကြီးကို ပိုမိုနက်ရှိုင်း ကျယ်ပြန့်စေပြီး လူ့အခွင့်အရေးဟူသည် အာရှပြည်သူများနှင့် ဆက်နွှယ်သက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုနေသည့် အာဏာရှင်များအား အာရှပြည်သူတို့၏ စုပေါင်းသဘောထားအမြင်ကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်။ ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လူမှုစီးပွားနှင့် တရားဥပဒေ အဆောက်အအုံများ ပြုပြင်ရေးအတွက် တပ်လှန့်နှိုးလိုက်ခြင်းလည်းဖြစ်သည်။ ဒေသတွင်း၏ ယဉ်ကျေးမှုစမ်းရေတွင်းများကို တူးဖော်စဉ် ရာစုနှစ်နှင့်ချီ၍ စမ်းရေတွင်းကို အဆိပ်သင့်စေခဲ့သော အာဃာတ၊ အမုန်းတရားများ၊ ခွဲခြားဆက်ဆံမှု၊ တန်းတူမညီမျှမှုနှင့် အကြမ်းဖက်မှုတို့ကို သန့်စင်ဖယ်ရှားရဦးမည်ဖြစ်ကြောင်း သတိပေးညွှန်ကြားလိုက်ခြင်းလည်း ဖြစ်သည်။
 
သောင်းတိုက်က ကြားစေသား (၁) ကို ဖတ်ရှူရန် >>>>>>>
သောင်းတိုက်က ကြားစေသား (၂) ကို ဖတ်ရှူရန် >>>>>>>
သောင်းတိုက်က ကြားစေသား (၃) ကို ဖတ်ရှူရန် >>>>>>>
သောင်းတိုက်က ကြားစေသား (၄) ကို ဖတ်ရှူရန် >>>>>>>
 

Most Read

Most Recent