စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ
Published 29 August 2015
ဒေါက်တာ ဖြိုးသီဟ

လောကမှာ ဆုံးရှုံးသွားပြီးရင် ဘယ်လိုမှ ပြန်အစားထိုးလို့မရနိုင်တဲ့ အရာနှစ်ခုကတော့ မိဘမေတ္တာနဲ့ အချိန်ပါ။ အဲဒီနှစ်ခုမှာမှ မိဘမေတ္တာကို ကျွန်တော်တို့တွေ အတိုင်းအဆမရှိ ရနိုင်ပေမယ့် သဘာဝတရားကြီးက ကျွန်တော်တို့အတွက် အချိန်ကိုတော့ အကန့်အသတ်နဲ့သာ ဖန်ဆင်းပေးထားပါတယ်။အပြင်မှာ တစ်ခါမှ မတွေ့ဖူးလိုက်ရပေမယ့် ဖေ့စ်ဘွတ်မှာ သိနေခဲ့တဲ့ စာပေမိတ်ဆွေ တစ်ယောက် ပြီးခဲ့တဲ့အပတ်က ကားမတော်တဆဖြစ်ပြီး ရုတ်တရက် ဆုံးပါးသွားတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ ရှိနေကြတဲ့ “အချိန်အကန့်အသတ်” ဆိုတာကို သတိရမိလိုက်တယ်။ လတ်တလော နိုင်ငံအနှံ့ကြုံနေရတဲ့ ရေဘေးဒုက္ခတွေ စဖြစ်ချိန်ကတည်းက သူအလုပ်လုပ်နေတဲ့ စင်ကာပူမှာလည်း အလှူငွေတွေ အင်တိုက်အားတိုက် လိုက်ကောက်ပေး၊ ခုလည်း ကိုယ်တိုင် ပရဟိတအလုပ်တွေမှာ ဝင်ကူဖို့ မြန်မာပြည် ပြန်လာရင်းနဲ့ ဒီလို မတော်တဆဖြစ်ခဲ့ရတာပါ။ အဲဒီ ပရဟိတခရီးစဉ် မသွားခင်ကဆို ဒါဟာ သူ့ရဲ့နောက်ဆုံးအချိန်ဖြစ်လိမ့်မယ်လို့ သူ ဘယ်ထင်မိခဲ့မလဲ။ တိုတောင်းလှတဲ့ ဘဝလေးကို အဓိပ္ပာယ်ရှိအောင် အသုံးချလိုက်နိုင်ဖို့အတွက် သူ့မှာ အိပ်မက်တွေ၊ စိတ်ကူးတွေ အစီအစဉ်တွေ ရှိနေခဲ့လိမ့်မယ်။သူ့ရင်ထဲမှာ ပြောပြချင်ပေမယ့် မပြောရသေးတဲ့ ကျေးဇူးတင်စကားတွေ၊ ချစ်တယ်ဆိုတဲ့စကားတွေ၊ ဆုတောင်း စကားလေးတွေလည်း ရှိကောင်းရှိဦးမှာပဲ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ မျှော်လင့်မထားတဲ့ အဖြစ်ဆိုးတစ်ခုအောက်မှာ ပျောက်ပျက်သွားခဲ့ရပြီ။ကျွန်တော်တို့တွေဟာ မသိခြင်းငါးပါးနဲ့ ရှင်သန်နေရတယ်။ ကိုယ့်မှာ အချိန် ဘယ်လောက်ကျန်သေးလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အဲဒီတော့ အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရားအတွက် အကောင်းဆုံး ပြင်ဆင်ထားနိုင်ကြဖို့ လိုတယ်။ ကိုယ့် ကိုယ်ကိုယ် မေးကြည့်ပါ။ ခုချိန်သေရမယ်ဆို သေဖို့အတွက် အဆင်သင့်ဖြစ်ပြီလားလို့။ ဒီဘဝမှာ အများအကျိုးအတွက် ဘာမှဖြစ်ဖြစ် မြောက်မြောက် မလုပ်ရသေးဘူး။ ကိုယ် ဒီလောကကြီးထဲ ရောက်လာပြီး နေထိုင်အသက်ရှင်ခဲ့ကြောင်း အထောက်အထား အမှတ်အသားကောင်း တစ်ခုခုမှ ချန်မထားနိုင်ခဲ့သေးဘူး။ တစ်နေ့တစ်နေ့ အရေးမပါတာတွေလုပ်ရင်း စားလိုက်အိပ်လိုက်နဲ့ပဲ အချိန်ကုန်နေသေးတယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ပဲ သတ်မှတ်ရမှာပါ။ဘာပဲဖြစ်ဖြစ် ကျွန်တော့်မိတ်ဆွေဟာ အချိန်အကန့်အသတ်အရ နည်းခဲ့ပေမယ့် သူရခဲ့တဲ့အချိန်လေးတွေကို တန်ဖိုးရှိရှိ အသုံးချနိုင်ခဲ့တဲ့အတွက် သူ့အစား ဝမ်းနည်းမနေချင်ဘူး။ အဲဒီအစား သူ့ကို အတုယူကြရမယ်။ ကိုယ့်အချိန်တွေကို လူ့လောကအတွက် အကျိုးရှိရှိ အသုံးချကြရမယ်။ ဒီလောကထဲက ထွက်သွားရခါနီးမှ နောင်တရနေတာဟာ လောကကောင်းကျိုးအတွက် ဘာမှမလုပ်ခဲ့တာနဲ့ မထူးခြားပါဘူး။အဲဒီလို ရှင်သန်ခြင်း ဖြစ်တည်ခြင်းတွေအတွက် အချိန်အကန့်အသတ်ရှိသလို၊ တွေ့ဆုံခြင်း ဆုံဆည်းခြင်းတွေအတွက်လည်း အချိန်အကန့်အသတ်ဆိုတာ ရှိပါတယ်။ တကယ်တော့ ခွဲခွာခြင်းဆိုတာ လောကရဲ့နိယာမတစ်ခုပါပဲ။ ငြင်းဆန်လို့မရဘူး၊ ရှောင်လွှဲလို့ မရဘူး။ ဆုံတွေ့ခြင်းတစ်ခုဟာ “ခေါင်း”ဆိုရင် ခွဲခွာခြင်းဆိုတာ “ပန်း”ပါပဲ။ အမြဲတွဲလျက်ပါနေတယ်။ ခေါင်းပဲ လိုချင်တယ်၊ ပန်း မလိုချင်ဘူး လုပ်လို့မရသလို၊ ဆုံတွေ့ရတာကိုပဲ ပျော်တယ်၊ ခွဲခွာရမှာကို မခံစားနိုင်ဘူး လုပ်လို့မရပါဘူး။ မိဘနဲ့ သားသမီးလည်း ခွဲရတယ်။ ဆရာနဲ့ တပည့်လည်း ခွဲရတယ်။ အရမ်းချစ်တဲ့ သူငယ်ချင်းတွေလည်း ခွဲခွာကြရတယ်။တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကတောင် အပျောက်မခံနိုင်ပါဘူးဆိုတဲ့ ချစ်သူတွေလည်း တစ်နေ့တော့ ခွဲခွာကြရစမြဲပါပဲ။ခွဲခွာခြင်းဆိုတာဟာ ကျွန်တော်တို့ ရွေးချယ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကျွန်တော်တို့ ရွေးချယ်လို့ရတာက ဆုံတွေ့နေရတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုစိတ်ထားတွေနဲ့ ဆက်ဆံကြမလဲဆိုတာပါပဲ။ နောင်တစ်ချိန် အကြောင်းတစ်ခုခုကြောင့် ခွဲခွာရတော့မယ်ဆိုတဲ့အချိန်မှာ ငါ သူ့ကို ဒီလိုပြောခဲ့မိတဲ့အတွက် နောင်တရနေတာမျိုး၊ ငါ သူ့ကို ချစ်တယ်၊ ခင်တယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့စကားလေး မပြောမိလိုက်ဘူးဆိုတာမျိုး ရှိမနေစေဖို့၊ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားချစ်ခင်ကြဖို့ လိုအပ်ပါတယ်။ အတူရှိနေတဲ့အချိန်မှာ အတူရှိခွင့်ရတဲ့အချိန်ခဏလေးကို နားလည်မှု ယုံကြည်မှု အနစ်နာခံမှုတွေနဲ့သာ ဖြတ်သန်းနိုင်ခဲ့ကြမယ်ဆိုရင် ခွဲခွာခြင်းတစ်ခုအတွက် ဝမ်းနည်းစရာမရှိသလို နောင်တရစရာလည်း မရှိပါဘူး။တကယ်တော့ လူ့ဘဝဆိုတာ ရထားတစ်စင်းလိုပါပဲ။ ကျွန်တော်တို့တွေဟာ ဒီဘူတာကနေ ဟိုဘူတာကို ရောက်ဖို့ အသည်းအသန် ခုတ်မောင်းရင်း အချိန်တွေ ကုန်လွန်နေကြတယ်။ တကယ်တော့ ရထားဆိုတာ ဒီဘူတာကနေ ဟိုဘူတာရောက်သွားဖို့ သက်သက်မှ မဟုတ်တာ။ လမ်းတစ်လျှောက်မှာ မြင်နေရတဲ့ ရှုခင်းတွေ၊ အဖြစ်အပျက်တွေ ကို ကြည့်ရင်း ပျော်ရွှင်မှုကို ခံစားတတ်ကြဖို့လည်း လိုပါသေးတယ်။ အောင်မြင်မှုတွေ၊ ငွေကြေးတွေ၊ ဂုဏ်ဒြပ်တွေသက်သက်နဲ့တော့ ပြည့်စုံတဲ့ဘဝတစ်ခုကို မရနိုင်ပါဘူး။ဒါဖြင့် ပျော်ရွှင်မှုအစစ်အမှန်ကို ဘယ်လိုရနိုင်ပါသလဲ။တစ်ခါတုန်းက လူတစ်ယောက်ဟာ ရတနာသေတ္တာသော့ ပျောက်သွားလို့ဆိုပြီး သူ့အိမ်ရှေ့က လမ်းမီးတိုင်အောက်မှာ ရှာဖွေနေတယ်။ ရှာလို့မတွေ့တဲ့အဆုံး ဘေးက လူတွေကို အကူအညီတောင်းတယ်။ ရှာလို့ တွေ့ခဲ့ရင် ခွဲဝေပေးမယ်ပေါ့။ အဲဒီလို အားလုံး ဝိုင်းရှာကြတာလည်း မတွေ့ရော၊ လူတစ်ယောက်က ပိုင်ရှင်ကို ဘယ်နားမှာ သော့ပျောက်သွားတာလဲလို့ လာမေးပါတယ်။ အဲဒီမှာ ပိုင်ရှင်က ပြန်ဖြေတယ်။ ပျောက်တာကတော့ ကျွန်တော့်အိမ်ထဲမှာပါ၊ ဒါပေမဲ့ အိမ်ထဲမှာက မီးမရှိတဲ့အတွက် ကျွန်တော် ဒီမှာ လာရှာနေတာပါတဲ့။ကျွန်တော်တို့တွေဟာလည်း အဲဒီသော့ ပိုင်ရှင်လိုပါပဲ။ ပျော်ရွှင်မှုဆိုတာကို ရုပ်ရှင် တွေကြည့်ရင်း ရှာတယ်။ အရက်သောက်ရင်း ရှာတယ်။ ကားတွေ ဖုန်းတွေ အဆင့်မြင့် အသုံးအဆောင်တွေကြားထဲမှာ ရှာတယ်။ ငွေကြေးတွေ ဂုဏ်ဒြပ်တွေနားမှာများ ရှိမလား ရှာတယ်။ ဘယ်လိုရှာရှာ မတွေ့နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေဟာ နေရာမှားပြီး ရှာနေကြလို့ပါပဲ။ လမ်းမီးတိုင်က သူ့ရဲ့အလင်းနဲ့ ဒီနေရာမှာ တွေ့နိုင်တယ်လို့ သော့ပိုင်ရှင်ကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေကြတဲ့ အရာတွေကလည်း သူတို့ဆီမှာတော့ ပျော်ရွှင်မှုအစစ်ဆိုတာကို ရှာတွေ့နိုင်တယ်လို့ သွေးဆောင်နေကြတယ်။ ကျွန်တော်တို့ကလည်း အဲဒီ သွေးဆောင်မှုတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်နေခဲ့ကြတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့တွေဟာ ကိုယ်ပျော်တယ်လို့ ထင်နေတဲ့အရာတွေကြားထဲမှာ နေနေရင်းနဲ့ကိုပဲ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြရတာပဲ ဖြစ်ပါတယ်။အမှန်တကယ်တော့ “စစ်မှန်တဲ့ ပျော်ရွှင်မှု” ဆိုတာ သူတစ်ပါးကို ကူညီလိုက်ရတဲ့အချိန်မှာ ခံစားလိုက်ရတဲ့ ရင်ထဲက ခံစားမှုပါပဲ။ ပရဟိတဆိုတာ အသက်စွန့်ရဲမှ၊ တစ်ဘဝလုံး ရင်းနှီးမြှုပ်နှံပြီး လုပ်နိုင်တော့မှ ဖြစ်တာ မဟုတ်ပါဘူး။ အစာငတ်နေတဲ့ ကလေးတစ်ယောက်ကို မုန့်တစ်ဖဲ့ ကျွေးလိုက်တာလည်း ပရဟိတပဲဖြစ်သလို၊ လမ်းမသိလို့ လာမေးတဲ့သူကို စိတ်ရှည်လက်ရှည် ဖြေပေးလိုက်တာကလည်း ပရဟိတပါပဲ။ကျွန်တော်တို့အားလုံးမှာ အချိန်ဟာ အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ နောက်ကျတာဟာ မလုပ်လိုက်ရတာနဲ့ ဘာမှမထူးပါဘူး။ ဒါကြောင့် တန်ဖိုးရှိတဲ့ ကိုယ့်ဘဝကို အကျိုးရှိရှိ အသုံးချသွားရမယ်။ ကိုယ်ပိုင်ဆိုင်ခွင့်မရှိတဲ့ ဆုံးရှုံးလိုက်ရတဲ့အရာတွေအတွက် ကြေကွဲဝမ်းနည်းနေမယ့်အစား ကိုယ့်ဆီမှာ ရှိတဲ့အရာတွေ၊ ကိုယ့်ဘေးနားက လူတွေကို တန်ဖိုးထားတတ်ရမယ်။ အချိန်လွန်မှ နောင်တရနေတာထက် ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ရှိအချိန်တိုင်းမှာ အများအတွက် အကူအညီတွေပေးရင်း ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေကြဖို့ လိုပါတယ်။တကယ်တော့ ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ အကျိုးရှိတာ တစ်ခုခုလုပ်ဖို့ အတွက် တုံ့ဆိုင်းနေဖို့ အချိန်မရှိပါဘူး။

Most Read

Most Recent