အခွင့်ကောင်းကို မရှောင်လွှဲကြပါနဲ့

အခွင့်ကောင်းကို မရှောင်လွှဲကြပါနဲ့
Published 29 August 2015
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

နံနက် အရုဏ်ဆွမ်းစားပြီးတာနဲ့ Daily Eleven သတင်းစာဖတ်ပါတယ်။ သတင်းစာရဲ့ ပထမဆုံးစာမျက်နှာမှာ အောက်ခံအနီရောင်နဲ့ “ရွေးကောက်ပွဲကျင်းပရန် ရက် (  ) သာလိုတော့သည်။ သင့်နိုင်ငံအား ဂုဏ်သိက္ခာရှိသော နိုင်ငံအဖြစ် တည်ဆောက်ရန် သင်အပါအဝင် ပြည်သူအပေါင်း ခံစားနေရသော လူမှုဒုက္ခ သုက္ခအပေါင်းမှ လွတ်မြောက်ရန် သင့်တွင် နောက်ဆုံးအခွင့်အရေးရှိနေပြီ။ သင်မဲပေးပါ” ဆိုတဲ့စာကြောင်းကို နေ့စဉ်ဖတ်နေရပါတယ်။ဟုတ်ပါတယ်။ ကိုယ့် မဲတစ်ပြားက နိုင်ငံနှင့်နိုင်ငံသားတို့ ခံစားနေရတဲ့ လူမှုဒုက္ခ သုက္ခအပေါင်းမှ လွတ်မြောက်နိုင်စွမ်းရှိတာကို နိုင်ငံသားတိုင်း သိကြပြီး မဲတစ်ပြားရဲ့ တန်ဖိုးကို ထိုက်ထိုက်တန်တန် အကျိုးရှိရှိ အသုံးချကြရပါတော့မယ်။ တွေဝေနောက်တွန့် ကျန်နေကြရမယ့်အချိန် မဟုတ်တော့။အခွင့်ကောင်းကို ရှောင်လွှဲရင် သင်အပါအဝင် နိုင်ငံနဲ့ နိုင်ငံသားတို့ အခွင့်အရေးတွေ ထပ်မံဆုံးရှုံးကြရပါလိမ့်မယ်။ နှစ်ပေါင်းများစွာ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရလို့ နိုင်ငံနဲ့ နိုင်ငံသားတို့ အခုရောက်နေတဲ့ အဆင့်သို့ လျော့ကျခဲ့ခြင်းဖြစ်ပါတယ်။ အကြောင်းမဲ့ မဟုတ်ပါ။အခွင့်သာခိုက် နင်မလိုက်ရင် အမိုက် နင်သာဖြစ်လိမ့်မယ်။အခွင့်သာတုန်း နင်မရုန်းရင် အရှုံးနင်သာ ဖြစ်လိမ့်မယ်။အခွင့်သာဆဲ နင်မခဲရင် အလွဲနင်သာ ဖြစ်လိမ့်မယ်။(လယ်တီဆရာတော်ကြီး)လွှတ်တော်တရားတော် လွန်ခဲ့တဲ့လေးနှစ်လောက်က လွှတ်တော်အစည်းအဝေးပွဲများ စချိန် တောင်ဥက္ကလာပမှာ ညတရား ဟောဖြစ်ခဲ့ပါတယ်။ သီလပေး၊ ပလ္လင်ဖွင့် ဘုရားရှိခိုး၊ မေတ္တာပို့ပြီးတော့  ဘုန်းကြီးတို့ ပရိသတ် ယနေ့ည နာယူမှတ်သားကြည်ညိုကြရမယ့် တရားတော်ကတော့ “လွှတ်တော်တရားတော်” လို့ ကြေညာလိုက်ပါတယ်။တရားပွဲ ဦးဆောင်ကျင်းပသူများက စိုးရိမ်ကြတဲ့ မျက်နှာနဲ့ ဓမ္မာသနပလ္လင်ကို မော်ကြည့်ကြတယ်။ တရားနာပရိသတ်ကတော့ နိုင်ငံရေးတရား ဟောတော့မှာလား၊ ပြုံးစိစိနဲ့ပေါ့။ပိဋကတ်တော်မှာ ထွက်သက်ဝင်သက် ရှုပွားခြင်းအကြောင်းမို့ အာနာပါနသုတ်၊ သတိပဋ္ဌာန်အကြောင်းမို့ သတိပဋ္ဌာနသုတ်၊ မေတ္တာအကြောင်းမို့ မေတ္တာသုတ်၊ ကောသလမင်းအကြောင်းမို့ ကောသလဝတ္ထု၊ ဝိသာခါအကြောင်းမို့ ဝိသာခါဝတ္ထု၊ ကေသမုတ္တိရွာမှာ ဟောလို့ ကေသမုတ္တိသုတ်၊ ဇေတဝန်ကျောင်းတော်အကြောင်းဟောလို့  ဇေတဝနသုတ် စသဖြင့် အကြောင်းအရာ၊ ပုဂ္ဂိုလ်၊ နေရာကိုစွဲပြီး တရားတော်များကို အမည်ပေးလေ့ ရှိပါတယ်။ဒါကြောင့် အခုဟောမယ့် တရားတော်ကလည်း လွှတ်တော်မှာ ဟောတော်မူခဲ့တဲ့ တရားတော်ဖြစ်လို့ “လွှတ်တော်တရားတော်” လို့ အမည်ပေးတာပါ။ တစ်မျိုးမထင်ကြပါနဲ့လို့ ပြောရတယ်။လွှတ်တော်ဂဏရာဇာ-အစုအဖွဲ့နဲ့ အုပ်ချုပ်တဲ့နိုင်ငံမှာ နိုင်ငံနဲ့ နိုင်ငံသားတို့ ကောင်းကျိုး၊ ဆိုးပြစ်၊ အားသာချက်၊ အားနည်းချက်များ၊ စစ်ရေးကိစ္စများကို ဖော်ဆောင်ရာမှာ တစ်ဦးတစ်ယောက်ရဲ့ဆန္ဒနဲ့ မဆုံးဖြတ်သင့်။ အများဆန္ဒနဲ့အညီ ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်သင့်တယ်လို့ စဉ်းစာပြီး ဂဏရာဇာခေါ် ပြည်သူ့ကိုယ်စားလှယ်အမတ်များကို ရွေးချယ်ပြီး နိုင်ငံရဲ့ အရေးအရာများကို စည်းဝေးတိုင်ပင် ဆုံးဖြတ်ကြပါတယ်။ ထိုဂဏရာဇာများ စည်းဝေးတိုင်ပင် ဆုံးဖြတ်ရာအဆောက်အအုံကို သန္ထာဂါရ-လို့ ခေါ်ဆိုပါတယ်။ ဥပဒေပြုရာ လွှတ်တော်အဆောက်အအုံကြီးရဲ့ မူလဖြစ်ပါတယ်။လွှတ်တော်ဖွင့်ပွဲဘုရားရှင်ရဲ့ဇာတိကပိလဝတ်ပြည်မှာ လွှတ်တော်အဆောက်အအုံအသစ် ဆောက်လုပ်ပြီးမှာ “တို့လွှတ်တော်အသစ် အဆောက်အအုံကြီးကတော့ နတ်ဗိမာန် နတ်နန်းတမျှ အလွန်ခမ်းနားထည်ဝါ ကျက်သရေရှိလှတယ်။ အရှည်သဖြင့် ကောင်းကျိုးချမ်းသာ ဖြစ်စေဖို့ရာ ဘယ်သူ့ကိုအရင်ဆုံး အသုံးပြုစေရင်၊ ဘယ်သူနဲ့ လွှတ်တော်ဖွင့်ပွဲ လုပ်ရရင် ပိုသင့်တော်မလဲလို့” တိုင်ပင်ကြပါတယ်။“တို့အမျိုး မြတ်စွာဘုရားဟာ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ် ဖြစ်တယ်။ အရင်ဆုံးပေး အသုံးပြုရင် ပို့သင့်လျော်မယ်။ ဘုရားကြွလာရင် သံဃာလည်းပါမယ်။ သံဃာကြွရင် ပိဋကတ်သုံးပုံတရားလည်း ပါလာမယ်။ ဘုရားရှင်က ငါတို့ကို တရားဟောလိမ့်မယ်။ လွှတ်တော်အဆောက်အအုံကြီးမှာ ရတနာသုံးပါးလုံး အဦးဆုံး အသုံးပြုရာရောက်မယ်။ နောက်မှ လွှတ်တော်ကြီးမှာ နိုင်ငံရေးရာကိစ္စများ တိုင်ပင်ညှိနှိုင်းဆုံးဖြတ်ခြင်း စတာတွေ ဆောင်ရွက်ကြရင် အစဉ်သဖြင့် တို့နိုင်ငံ၊ တို့လူမျိုး စီးပွားချမ်းသာအကျိုးများမယ်” ဟု တိုင်ပင်ကြပြီး ဘုရားအမှူးရှိတဲ့ သံဃာကို လွှတ်တော်အဆောက်အအုံမှာ ပင့်၍ ညတရားနာကြပါတယ်။လွှတ်တော်တရားတော်ဘုရားရှင်က လွှတ်တော်အဆောက်အအုံအသစ်မှာ “ကောင်းကင်မှ မိုးများရွာချ လိုက်သလို၊ မြေဆီကို ညှစ်ယူသလို၊ သပြေပင်ကြီးကို ပင်စည်ကိုင်ပြီး လှုပ်ချသလို၊ ချို မြိန်တဲ့အသီးကို စက်နဲ့ညှစ်ပြီး ချိုမြိန်တဲ့အရည်ကို တိုက်သလို မဟာနာမ် မင်းအမှူးရှိ တဲ့ ကပိလဝတ်နိုင်ငံသူ၊ နိုင်ငံသားများကို  လွှတ်တော်နဲ့ စပ်တဲ့ ပကိဏ္ဏကဒေသနာခေါ် ရောပြွမ်းစပ်ရာ တရားတော်များကို များစွာ ဟောတော်မူပါတယ်။ဒေသနာအဆုံးမှာ “သင်တို့ရဲ့ လွှတ်တော်အဆောက်အအုံမှာ ဘုရားနဲ့အတူ သံဃာတော်များ သီတင်းသုံးကြတဲ့အတွက် ဓမ္မရတနာလည်း သီတင်းသုံးပြီး ဖြစ်တယ်။ ရတနာသုံးပါး သုံးဆောင်ပြီးဖြစ်တာမို့ သင်တို့ရဲ့ အဆောက်အအုံအလှူဟာ အလွန်အကျိုးကြီးပါတယ်”လို့ မိန်တော်မူပြီး အရှင်အာနန္ဒာကို ကျင့်ဆဲပုဂ္ဂိုလ်များ ကျင့်ရမယ့် လိုက်နာကြရမယ့်အကျင့် (စရဏ) တရားကို  ဆက်လက်ဟောရန် မိန့်တော်မူပါတယ်။အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပတို့ကို မဟောကြားစေဘဲ အရှင်အာနန္ဒာကို ဟောကြားစေခြင်းမှာ အရှင်အာနန္ဒာက ဗဟုသုတအရာဧတဒဂ် ရထားခြင်း၊ တရားဟောကောင်းတယ်လို့  သာကီဝင်တို့ ယုံကြည် လက်ခံထားခြင်း၊ ငါတို့ ဆွေမျိုး အရှင်အာနန္ဒာလည်း တရားဟောရင် ကောင်းမှာလို့ ဆန္ဒရှိနေကြခြင်းတို့ ကြောင့် ဟောခိုင်းခြင်း ဖြစ်ပါတယ်။တိုးတက်ကြီးပွားကြောင်းတရားသုဒ္ဓေါဒနမင်းကြီး နတ်ရွာစံ ကံတော်ကုန်၊ နန်းညွန့်နန်းလျာများဖြစ်ကြတဲ့ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်၊ နန္ဒမင်းသားနဲ့ ရာဟုလာတို့ ရဟန်းပြုသွားကြလို့ ကပိလဝတ်မှာ မဟာနာမ်မင်း အုပ်ချုပ်နေပါတယ်။“သာကီဝင်တို့သည် မင်္ဂလာရှိတဲ့လွှတ်တော်ကြီးမှာ မင်္ဂလာကို တောင်းတနေကြတယ်။ ကြီးပွားတိုးတက်ခြင်းကို အလိုရှိနေကြတယ်။ သာသနာမှာ သေက္ခ (ကျင့်ဆဲပုဂ္ဂိုလ်) တို့ရဲ့ အကျင့်ဟာ မင်္ဂလာရှိတဲ့အကျင့်၊ တိုးတက်ကြီးပွားစေနိုင်တဲ့ အကျင့်၊ ပရိသတ်ကလည်း ကျင့်ဆဲပုဂ္ဂိုလ်တွေ များတယ်။ ဒါကြောင့် တိုးတက်ကြီးပွားကြောင်း တရားကိုဟောမယ်”ဟု ကြံတွေးတော်မူပြီး အရှင်အာနန္ဒာက စရဏ (၁၅) ပါး သူမြတ်တို့ ကျင့်စဉ်တရားကို ဟောကြားတော်မူပါတယ်။မင်္ဂလာရှိပြီး တိုးတက်ကြီးပွားစေရန်-သီလသမ္ပန္န-သီလပြည့်စုံခြင်း။ ဣန္ဒြိယသံ ဝရ-ဣန္ဒြေစောင့်ထိန်းခြင်း။ ဘောဇနေ မတ္တညူတာ-ကိုယ့်ပမာဏကို သိခြင်း။ ဇာဂရိယာနုယောဂတာ-နိုးကြားခြင်း၊ သူတော်ကောင်းတရား (၇) ပါး၊ ဈာန် (၄) ပါး-ဟူသော သူမြတ်တို့ အကျင့်တရား (၁၅) ပါးနဲ့ ပြည့်စုံကြရပါမယ်။သူတော်ကောင်းတရား(၇)ပါး၁။ သဒ္ဓါ-ယုံကြည်သူ။ ယုံကြည်ချက် မခိုင်မာမပြတ်သားသူ မဖြစ်ကြရ။ ဒေသနာတော်မှာတော့ ဗုဒ္ဓဉာဏ်တော်နဲ့ ဗုဒ္ဓဂုဏ်တော်များကို ယုံကြည်သက်ဝင်သူ၊ ဘာသာရေးကိုင်းရှိုင်းသူ။၂။ ဟိရိမာ-ကိုယ်နဲ့ မကောင်းမှုပြုရ၊ နှုတ်နဲ့ မကောင်းမှု ပြောရ၊ စိတ်နဲ့မကောင်းမှု ကြံရမှာကို ရှက်တတ်သူ။၃။ သြတ္တပ္ပ-ကိုယ်နဲ့ မကောင်းမှု ပြုရ၊ နှုတ်နဲ့ မကောင်းမှု ပြောရ၊ စိတ်နဲ့မကောင်းမှု ကြံရမှာကို ကြောက်တတ်သူ။ကိုယ့် ကိုယ်ကိုယ်လေးစားပြီး တရားမဲ့ပြုကျင့်တာတွေ၊ မလျော်တဲ့ အပြုအမူတွေ၊ မရိုးသား မဖြောင့်မတ်၊ ကောက်ကျစ်စဉ်းလဲတာတွေကို ရှက်ခြင်း ဟီရိနဲ့ သူတစ်ပါးကို လေးစားပြီး ကြောက်ခြင်း သြတ္တပ္ပနှစ်ပါးနဲ့ ပြည့်စုံကြရပါမယ်။ထိုနှစ်ပါး လူသားတို့ အလေးမထားရင် လောကကြီး ပျက်တာမို့ ထိုနှစ်ပါးကို လောကပါလ-လောကစောင့်တရားလို့ ဆိုပါတယ်။ လူသားမှန်သမျှ ကိုယ့်အရွယ်၊ ကိုယ့်သိက္ခာ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို လေးစားပြီး ရှက်တတ်၊ ကြောက်တတ်ကြရပါမယ်။ လူကြီးလူကောင်းဆိုတာ ထိုတရားနှစ်ပါးပေါ်မှာ တည်ပါတယ်။၄။ ဗဟုသုတ-နယ်ပယ်အလိုက် နားကြီး မျက်စိကျယ် အတွေ့အကြုံများသူ၊ အသိကြွယ်ဝသူ၊ သုတတွေကို စုစည်းသိုမှီးထားသူ၊ ဗဟုသုတဟင်းလေးအိုးကြီး ဓမ္မတွေကို  မပျောက်ပျက်စေရန် ထိန်းသိမ်းဆောင်ထား သူ။၅။ အာရဒ္ဓဝီရိယ-မကောင်းမှုကို မလွန်ကျူးဖြစ်အောင်၊ ကောင်းမှုကို ပြည့်စုံအောင် စွမ်းအားရှိသူ၊ ပြင်းပြတဲ့ လုံ့လကြီးသူ၊ တာဝန်ယူစိတ် အပြည့်အဝရှိသူ။ ကိုယ့်တာဝန် ကိုယ်ယူပြီး တစ်ပါးသူအား လွှဲမချတတ်သူ။၆။ သတိမာ-သတိရှိသူ။ အတိတ်က ဖြစ်ခဲ့တာတွေ၊ ပြုခဲ့ပြောခဲ့တာတွေကို အစဉ်အမှတ်ရနေသူ၊ သတိရှိပြီး ပညာရင့်ကျက်သူ။ အမှုမဲ့ အမှတ်မဲ့ ကပျက်ကချော် ပေါ့ပြက်ပြက်ပုဂ္ဂိုလ်မျိုး မဟုတ်။ ကိုယ့်သမိုင်း၊ သူ့သမိုင်း၊ နိုင်ငံ့သမိုင်းကို မေ့မပစ်သူ။၇။ ပညာဝါ-ပညာတတ်သူ။ ဆင်ခြင်တုံ မြော်မြင်တုံဉာဏ်နဲ့ ပြည့်စုံသူ။ ဖြစ်ပျက်ကို သိနိုင်တဲ့ ဝိပဿနာဉာဏ်နဲ့ ကိလေသာကို ဖျက်ဆီးပြီး ဒုက္ခကုန်ရာနိဗ္ဗာန်သို့ ရောက်စေတဲ့ မဂ်ဉာဏ်နဲ့ ပြည့်စုံသူ။ပညာဉာဏ်ချို့တဲ့ရင် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ထင်ရာစိုင်းတတ်တယ်။ မှားမှန်းသိလျက် ပြင်ရကောင်းမှန်း မသိ၊ နည်းလမ်းမှားတွေကို နည်းလမ်းအမှန်လို့ ထင်တယ်။ သူ ဦးဆောင်တဲ့နိုင်ငံ၊ လူမျိုးနဲ့ မိသားစုရဲ့ လားရာဟာ အချိန်ကာလကြာလာတာနဲ့အမျှ အဆိုးဆုံးအခြေအနေအောက်သို့ ထိုးဆင်းသွားတယ်။မဟာနာမ်မင်းအမှူးရှိတဲ့ ကပိလဝတ် လွှတ်တော်မှာ သူမြတ်တို့ကျင့်စဉ် စရဏတရား (၁၅) ပါးကို ဟောကြားတော်မူပါတယ်။ နိုင်ငံ့ရေးရာများ ဆောင်ရွက်ကြမည့် ဂဏရာဇာခေါ် လွှတ်တော်အမတ်များ သူမြတ်ကျင့်စဉ်နဲ့ ပြည့်စုံကြရပါမယ်။ သူမြတ်ကျင့်စဉ်နဲ့ ပြည့်စုံသူကိုသာ ရွေးချယ်နိုင်ကြရပါမယ်။ သို့မှသာ ဂုဏ်သိက္ခာရှိသော နိုင်ငံအဖြစ် တည်ဆောက်နိုင်ပြီး သင်အပါအဝင် ပြည်သူအပေါင်း ခံစားနေရသော လူမှု ဒုက္ခ သုက္ခ အပေါင်းမှ ဧကန်လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ရေမြုပ်နေတဲ့နိုင်ငံနိုင်ငံတစ်ဝန်း မိုးများကြီးပြီး ရေကြီးရေလျှံလို့ ရေဘေးသင့်ပြည်သူများကို တက်ညီလက်ညီ အားပါးတရ အချီအချ လက်ကျ ညီညီ အခုတိုင် ကူညီကယ်ဆယ်နေကြရတယ်။ နှစ်ရှည်လများ ရေမြုပ်နေသလိုမျိုး အဘက်ဘက်က ခြွတ်ခြုံကျပြိုလဲနေတဲ့ မိမိတို့ နိုင်ငံကို အခုလို အခွင့်သင့်လို့ အခါကြုံတုန်းမှာ အခွင့်ကောင်းကို လက်မရှောင်ကြဘဲ သင့်လက်ထဲက မဲတစ်ပြားနဲ့ အားဖြည့်ကူညီ ကယ်တင် ဆယ်ယူကြပါစို့။မာ ဝေါ ခဏံ ဝိရာဓေထ-အခွင့်ကောင်းကို မရှောင်လွှဲကြပါနဲ့...။ခဏာတီတာ ဟိသောစရေ-အခွင့်ကောင်း ရှောင်လွဲသူတို့သည် အခွင့်အရေးတွေ ဆုံးရှုံးပြီး နှစ်ရှည်လများ ဝမ်းနည်းပူဆွေး ငိုကြွေးကြရပါလိမ့်မယ်..လို့ ဘုရားမြတ်စွာ သတိပေးတော်မူခဲ့ပါတယ်။
ကျမ်းညွှန်း။       ။ မဇ္ဈိမပဏ္ဏာသ၊သေက္ခသုတ်။ ပါဠိ၊အဋ္ဌ။

Most Read

Most Recent