သတင်းစာဆရာကြီး မောင်ထင်

သတင်းစာဆရာကြီး မောင်ထင်
Published 28 August 2015
မြေနီသစ္စာ

“သတင်းလိုက်တာ သတင်းရေးတာကို သင်လို့ရတယ်။ တကယ်စိတ်ဝင်စားရင် တစ်ချိန်ချိန်မှာ တတ်သွားတာပဲ။ သင်ရုံနဲ့မရ၊ ကိုယ်တိုင်ကျင့်သုံး ဆောက်တည်မှ ရတာကတော့ အကျင့်သီလ ရိုးသားဖြောင့်မတ်မှုပဲ။ သမာသမတ်ကျတဲ့ သတင်းစာတစ်စောင်ရဲ့ သိက္ခာရှိတဲ့ သတင်းစာဆရာ ဖြစ်ဖို့ကတော့ ရိုးသားဖြောင့်မတ်ဖို့ဟာ အရေးအကြီးဆုံး အခြေခံ လိုအပ်ချက်ပဲ။ယင်းသည် သတင်းစာဆရာကြီး မောင်ထင်၏ သြဝါဒပင်။၁၉၅၈ ခုနှစ် သြဂုတ်၊ စက်တင်ဘာလ။ လွန်ခဲ့သော ၅၇ နှစ်ကာလ။ ၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ စာပေဗိမာန် ပထမထပ်တွင် သတင်းစာပညာသင်ကျောင်း ရှိသည်။ ဤကျောင်းမှာပင် သတင်းစာပညာသင် ကျောင်းသားဘဝနှင့် မိမိသည် သတင်းစာဆရာကြီး မောင်ထင်နှင့် ဆုံစည်းခဲ့ရလေသည်။ဆရာမောင်ထင်သည် အဟောအပြောကောင်း၏ ။ချစ်စဖွယ် မိန်းမချောကလေးတစ်ယောက်လို ဆရာသည် ပြုံးပြုံး,ပြုံးပြုံးနှင့် တပည့်ကျောင်းသားတို့ကို ဆွဲဆောင်သိမ်းသွင်းတတ်၏။ ဆရာပြောလျှင် ဆင်ခြင်စဉ်းစားနိုင်အောင် အဆိုအချေပြု၍ ပြောသည်။ အကောင်းနှင့်အဆိုး၊ အဖြူနှင့်အမည်းတို့ကို နှိုင်းယှဉ်တင်စား၍ ပြောသည်။ ယင်းသို့ပြောရာတွင်လည်း ဟာသနှော၍ ပြောလေ့ရှိ၏။ယင်းကြောင့် သတင်းစာ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေပညာကို သူပို့ချသည့်အခါ။ မိမိတို့သည် ကြိမ်ဖန်များစွာပင် ပြုံးပျော်ရယ်မော နေရပေသည်။ ဆရာကား တကယ့်ကို ဟာသကြွယ်ဝသူပင်။ထိုစဉ်က စာပေဗိမာန်နှင့်ကပ်လျက် ကုန်သည်လမ်းပေါ်မှာ မေတ္တာတော်ကဖီး ရှိသည်။ မေတ္တာတော်ကဖျော်သော ကော်ဖီသည် ကော်ဖီကြိုက်သူတို့အဖို့ နှစ်ခွက်သောက်ချင်လောက်အောင် ဆွဲဆောင်၏။ ကျောင်းချိန်ပြီးလျင် ဆရာမောင်ထင်နှင့် မိမိတို့သည် မေတ္တာတော်မှာ စားပွဲထိုင်ကြ၏။ ဆရာမောင်ထင်သည် ကော်ဖီအရသာ စစ်စစ်ကို ကြိုက်၏။ မေတ္တာတော် အဖျော်ဆရာ ကိုတင်သည် ဆရာမောင်ထင်စိတ်ကြိုက် ဖျော်ပေးလေ့ ရှိပေသည်။ဆရာမောင်ထင်ကို ဗဟိုပြုထားသည့် မိမိတို့ ကော်ဖီဝိုင်းသည် စင်စစ် သတင်းစာပညာ စကားဝိုင်းတစ်ခုသာလျှင် ဖြစ်၏။မိမိတို့ အထဲတွင် အမေးဘွဲ့ကျောင်းဟု တံဆိပ်ကပ်နိုင်သည်အထိ ရှာရှာဖွေဖွေ မေးတတ်သူမှာ ရန်ကုန်အနောက်ပိုင်း ဗဟိုရ်စည်က ကြယ်နီသတင်းထောက်ဝင်းဌေး (နောင် မြန်မာ့အလင်းသတင်းထောက်ချုပ် ဖြစ်သွားသူ) ပင်။ သူ့လိုပင် (နောင် စစ်တွေတက္ကသိုလ် မြန်မာစာကထိက ဖြစ်သွားသူ၊ တက္ကသိုလ် နှင်းဝေအမည်ခံ) အင်းစိန်မောင်တင်ကလည်း ဝင်းဌေးမေးဖို့ မေ့ကျန်နေသည့် အကျအပေါက်တို့ကို စေ့စေ့စပ်စပ် မေးတတ်ပေသည်။တစ်ခါတစ်ခါ စန်းစန်း (ကြေးမုံအယ်ဒီတာချုပ် ဦးခင်မောင်ဦးညီမ- ၉၀ ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်က အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်) လည်း ရောက်လာတတ်သည်။ ဒေါက်တာဦးသိန်း (ကထိက၊ ကျန်းမာရေးကျောင်း) နှင့် အင်းစိန်ကိုဝင်းနိုင် (နောင် ခေတ်သစ္စာ အယ်ဒီတာချုပ်) တို့ကတော့ လူကြီးများပီသစွာပင် မိမိတို့၏ အမေးများကို ဆရာမောင်ထင် ဖြေကြား၍ အဆင်ပြေအောင် ကူထောက်ဖြည့်စွက်ပေးလေ့ ရှိ၏။ဘယ်သူတွေ ဘယ်လိုပဲမေးမေး ဆရာမောင်ထင်ကတော့ ပြုံးလျက် တစ်ခါတစ်ရံ ရယ်မောလျက် စေ့စေ့စပ်စပ် ရှင်းပြလေ့ရှိသည်။ “သတင်းရေးတာမှာ ဝါကျအရှည်ကြီးတွေရေးပြီး အဆုံးမသတ်နိုင်တော့ ‘ပြီး’ ကို သုံး၊ လေးခါ ဆက်သုံးတတ်တယ်။ ‘၍၊ ကာ၊ ရာ၊ တုန်း၊ ရင်း’ တွေကိုလည်း အပ်ကြောင်းထပ်အောင် သုံးတတ်တယ်။ အဲဒါတွေကို သတိထား ရှောင်ရှားရမယ်။ အထူးသဖြင့် ‘ကို’ သုံးရမယ့် နေရာမှာ ‘ကို’ ကိုမသုံးဘဲ၊ ‘အား’ ကို သုံးတာတွေ၊ ‘က’ နေရာမှာ ‘မှ’ ဝင်ယူပြီး ဥက္ကဋ္ဌကြီးမှ ပြောကြားသွား၏ဆိုတဲ့ အမှန်က ဥက္ကဋ္ဌကြီးက ပြောကြားသွား၏ဆိုတဲ့ အမှားမျိုးတွေကို ရှောင်ရမယ်။’ ဟု ဆရာထင်က အလွဲအမှား အရေးအသားတို့ကို ထောက်ညွှန်ပြသပါသည်။ သတင်းရေးရာတွင် ကျစ်လျစ်သိပ်သည်းအောင် ရေးဖို့ကိုလည်း အမြဲမှာကြားပါသည်။ဆရာထင်သည် မျိုးဆက်သစ်တို့ကို အားပေး၏။ မျိုးဆက်သစ် သတင်းစာသမားတို့၏ တန်ဖိုးကို မြှင့်တင်ပေးလို၏။ မျိုးဆက်ဟောင်းတို့ နေရာတွင် မျိုးဆက်သစ်တို့ ဆက်ခံဆောင်ရွက်သည့်အခါ အလွဲအမှား အတိမ်းအစောင်း မဖြစ်အောင် အသစ်နှင့် အဟောင်းတို့ အပြန်အလှန် ဆက်ဆံရေးတို့ကိုလည်း အပြုသဘော ရှုထောင့်ကနေ၍ သြဝါဒပေး၏။စင်စစ် ထိုစဉ်က မိမိတို့သည် မြန်မာသတင်းစာ လောကအတွက် မျိုးဆက်သစ်များ ဖြစ်ခဲ့ကြ၏။ အသစ်သည် တွေ့ရာရာကို စမ်းသပ်ရင်းက တစ်ခါတစ်ရံ ချွတ်ချော်တိမ်းပါးမှုများနှင့် တွေ့ရတတ်သည်ပင်။ “အပြောင်းအလဲကာလတွင် အဟောင်းဆီက အကောင်းအမွေတွေ ယူရမည့်အစား အိုနေပြီ၊ ဟောင်းနေပြီ၊ မသစ်လွင်တော့၊ မလိုအပ်” ဟူသည့် အဟောင်းအပေါ် အထင်သေးစိတ်မွေးလျက် အောက်တန်းကျသည့် အပြုအမူ အပြောအဆိုတို့ကို ရှောင်ကြည်ရန် ဆရာသည် မကြာခဏ သတိပေး၏။“အဟောင်းတွေကို အထင်သေးတော့ အဟောင်းဆီက ရနိုင်သမျှ အတွေ့အကြုံတွေကို လက်ဆင့်ကမ်း မယူနိုင်ကြတော့ဘူး။ အတွေ့အကြုံဆိုတာ သုံးသပ်ဆင်ခြင်တတ်ရင်၊ တစ်နည်း သင့်တင့်လျောက်ပတ်စွာ အသုံးချတတ်ရင် အရည်အချင်း အပေါင်းလက္ခဏာ ဖြစ်တာပဲ။ ကိုယ်ရမယ့် အခွင့်အလမ်း အရည်အချင်းကို ဘယ်တော့မှ မပိတ်နဲ့” ဟု အပြုသဘော ချဉ်းကပ်ကြဖို့ ဆရာသည် အမြဲသတိပေး၏။“သတင်းလည်း မှန်ရမယ်၊ ပြည်သူကိုလည်း သတင်းမှန်နဲ့ အမြဲအကျိုးပြုတာကို အမြဲလက်ကိုင်ထားကြပါ။ သတင်းစာသမားဟာ ဘယ်တော့မဆို အမှန်တရားကို ရှာဖွေတင်ပြတတ်ရမယ်။ ဘယ်လိုအကြောင်းနဲ့မှ သတင်းထဲမှာ ကိုယ့်အာဘော်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်သဘောထားကို ထည့်မရေးရဘူး။အမှန်တရားကို ရှာဖွေတင်ပြရာ၌ သတင်းသမား Journalist သည် အခက်အခဲ အကျပ်အတည်း အမျိုးမျိုး တွေ့ရတတ်၏။ သြဇာအာဏာတို့၏ ဖိအားပေးခံရတတ်၏။ အသက်ပင်လျှင် ရန်ရှာခံရတတ်၏။ ယင်းတို့ကို ထိုကာလ နိုင်ငံရေးဇာတ်ခုံပေါ်က အဖြစ်အပျက်တို့နှင့် ချိန်ထိုးကိုးကားလျက် ဆရာသည် တူးဆွဖော်ပြ၏။အာဏာလောင်းရိပ်အောက်တွင် သတင်းထောက် ကိုစံရှား အသတ်ခံခဲ့ရပုံကို ဆရာမောင်ထင်က ထိရှရင်နာစရာ မတရားမှု၊ အဓမ္မမှုတို့၏ အော့နှလုံးနာစရာတို့ကို ပိုင်းခြားစိတ်ဖြာပြ၏။၂၁-၃-၁၉၀၉ ခုဖွား လပွတ္တာဇာတိ၊ အမည်ရင်း ဦးထင်ဖတ်ခေါ် စာရေးဆရာ သတင်းစာဆရာမောင်ထင်သည် ရန်ကုန်တက္ကသိုလ်က ၁၉၃၃ တွင် ဝိဇ္ဇာဘွဲ့ရသည်။ ကျောင်းဆရာအဖြစ် မြောင်းမြတွင် ခေတ္တအခြေချခဲ့သည်။ မြန်မာ့အသံ အရာရှိချုပ်၊ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်၊ ရန်ကုန်သတင်းစာအုပ်ချုပ်မှု အယ်ဒီတာ၊ လန်ဒန်တိုင်း သတင်းထောက်၊ စာပေဗိမာန် စွယ်စုံကျမ်း အတိုင်ပင်ခံ၊ ၁၉၅၄ စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ ၁၉၅၉ သတင်းစာဆရာအသင်း ဥက္ကဌ၊ သူ၏ ‘ငဘ’ ရသဝတ္ထုကို ဗြိတိသျှဘားမားနှင့် ယခု-ကျော်သူ (နာရေးကူညီမှုအသင်း)တို့နှင့်ပါ နှစ်ကြိမ် ရုပ်ရှင်ရိုက်ခံရသည်။ အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆုတို့ကို ရရှိခဲ့ပြီး ၂၉-၁-၂၀၀၆ နေ့တွင် ကွယ်လွန်သည်။

Most Read

Most Recent