ရေနစ်မြုပ်နေတဲ့ လယ်သမားတွေရဲ့ အနာဂတ်ကို ဆယ်ယူပေးပါ

ရေနစ်မြုပ်နေတဲ့ လယ်သမားတွေရဲ့ အနာဂတ်ကို ဆယ်ယူပေးပါ
Published 28 August 2015
မင်းချစ်နိုင်

ယခင်နှစ်တွေတုန်းက မန္တလေး အပါအဝင် မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်း ဒေသတွေမှာ မိုးတွင်းဘက် မိုးမရွာခဲ့တဲ့အတွက် စပါးမစိုက်ပျိုးနိုင်တာတွေ၊ နွားစာအခက်အခဲ ဖြစ်တာတွေ၊ သောက်သုံးရေရှားပါးတာတွေ ဖြစ်ပေါ်ပြီး လယ်သမားတွေ အတိဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီအချိန်မှာ လယ်သမားတွေဟာ မိုးကို အငမ်းမရ မျှော်လင့်ခဲ့ပေမယ့် မိုးက ရောက်မလာခဲ့တဲ့အတွက် လွန်ဆွဲပွဲတွေ၊ ပရိတ်ရွတ်ပွဲတွေ၊ ဆုတောင်းပွဲတွေလုပ်ပြီး မိုးကိုခေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိုးက တော်တော်နဲ့ ရောက်မလာခဲ့ပါဘူး။ အခုတော့ မိုးဟာ အဲဒီဒေသတွေဆီကို မခေါ်ဘဲနဲ့ ရောက်လာပြီး အဆက်မပြတ် သဲသဲမဲမဲ ရွာသွန်းခဲ့တာကြောင့် မြန်မာပြည်သမိုင်းမှာ အဆိုးရွားဆုံး ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်က မုတ်သုံလေ အားကောင်းပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြန်မာပြည် နေရာတော်တော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ ရေဘေးသင့်သေဆုံးခြင်း၊ အိုးအိမ်တွေဆုံးရှုံးရခြင်း၊ လယ်ယာတွေ ရေနစ်မြုပ်ပျက်စီးခြင်း၊ ကားလမ်းတွေ ကျိုးပျက်ပြီး ကူးသန်းသွားလာရေး၊ ကုန်သွယ်ရေးလုပ်ငန်းတွေ ပြတ်တောက်ခြင်းတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအထဲမှာမှ အထိအနာဆုံးက ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးပါပဲ။ မြန်မာပြည်ဟာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတွေ အားနည်းနေတဲ့အချိန်မှာ ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း အချိန်မီ စနစ်တကျ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် ပြည်သူတွေဟာ ပိုပြီး အထိနာခဲ့ရပါတယ်။ အဲဒီကာလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေဟာ အခုအချိန်မှာ ဧရာဝတီတိုင်းဒေသကြီးအထိ ရောက်ရှိလာပြီး ပြည်သူတွေမြောက်မြားစွာကို ရေဘေးသင့်စေခဲ့ပါပြီ။    အခု ရေကြီးမှုဟာ နှစ်စဉ် သာမန်ရေကြီးနေကျ ရေကြီးတဲ့ ပုံစံမျိုးမဟုတ်ဘဲ ခါတိုင်းနှစ်တွေထက် နှစ်ဆသုံးဆ ပြင်းထန်သလို ဧရိယာကလည်း တစ်ပြည်လုံးအထိ ကျယ်ပြန့်ဖြစ်ပွားခဲ့တာကြောင့် သမိုင်းဝင် စံချိန်တင်ခဲ့ပါတယ်။ အခုလောလောဆယ် အနေအထားအရ ဒေသတော်တော်များများမှာ ရေတွေပြန်ကျသွားပြီ ဆိုပေမယ့် ရေဘေးကူညီထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးပိုင်းတွေဟာ ပြည့်စုံလုံလောက်မှု မရှိဘဲ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ရေဘေးကူညီထောက်ပံ့ရေးတွေကို ပြည်သူတွေနဲ့ အစိုးရက လုပ်ဆောင်နေတာ တွေ့ရပေမယ့် ရေမြုပ်ပျက်စီးသွားတဲ့ လယ်မြေတွေအတွက် အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ထောက်ပံ့ကူညီမှုတွေဟာ မရှိသလောက် နည်းနေတာ တွေ့ရပါတယ်။တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အဓိကထုတ်ကုန်ဟာ ဆန်စပါးဖြစ်သလို ပြည်သူ ရာခိုင်နှုန်း ၇၀ ကျော်ဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်ရှင် ရပ်တည်နေရတာပါ။ ဒီ့အတွက် ရေကြီးနစ်မြုပ်မှုတွေကြောင့် စပါးတွေ ပျက်စီး၊ အထွက်နှုန်းတွေ လျော့ကျရင် လယ်သမားတွေကို ထိခိုက်သလို နိုင်ငံတော်ရဲ့ စီးပွားရေးကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ထိခိုက်မှာတော့ လယ်သမားတွေပါပဲ။ နဂိုကတည်းကမှ လယ်သမားတွေဟာ စိုက်ပျိုးရေးသွင်းအားစု၊ စိုက်ပျိုးစရိတ်ချေးငွေ၊ လယ်လုပ်သားရှားပါးမှု၊ စပါးဈေးမတည်ငြိမ်မှု၊ လယ်မြေသိမ်းဆည်းမှုနဲ့ အငြင်းပွားမှု အစရှိတဲ့ အမျိုးမျိုးသော အခက်အခဲ၊ ပြဿနာတွေ ဖြစ်ပေါ်နေတဲ့အပြင် လယ်ယာစိုက်ပျိုးတဲ့နေရာမှာ အရင်းအနှီးများပြီး အမြတ်နည်းတဲ့အတွက် ကြွေမြီတွေ တင်နေရတာပါ။ ဒီကြားထဲ သဘာဝဘေးကြောင့် ထပ်မံဆုံးရှုံးရတယ်ဆိုတော့ လယ်သမားတွေ ဘယ်လို ရပ်တည်ကြရမှာလဲ။ ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ အထူးဂရုစိုက် ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။သြဂုတ် ၁၉ ရက် ညပိုင်းမှာ မြန်အောင်မြို့နယ်က စာရေးဆရာ၊ သတင်းထောက်တစ်ယောက် ကျွန်တော့်ဆီကို ဖုန်းဆက်လာပါတယ်။ ထုံးစံအတိုင်း သတင်းကိစ္စတွေ၊ လုပ်ငန်းကိုင်ငန်းကိစ္စတွေ ပြောဆိုရင်း ကျွန်တော်က မြန်အောင်မှာ ရေနစ်မြုပ်သွားတဲ့ အခြေအနေနဲ့ လက်ရှိအခြေအနေကို မေးလိုက်မိပါတယ်။ သူက မြန်အောင်မှာ ဧရာဝတီမြစ်ရေက ပြန်ကျသွားပေမယ့် လယ်ဧကနှစ်သောင်းကျော် ရေနစ်မြုပ်နေသေးကြောင်း၊ လယ်သမားတွေအနေနဲ့ ရေပြန်ကျဖို့ မျှော်နေကြပေမယ့် လယ်ကွင်းထဲကရေတွေက ပြန်လည်ကျဆင်းမှု နှေးနေကြောင်း၊ ရေပြန်ကျသွားရင်လည်း ပျက်စီးသွားတဲ့ လယ်တွေကို ပြန်လည်စိုက်ပျိုးဖို့  မျိုးစပါး အလုံအလောက် မရှိကြောင်း၊ လယ်တွေ ရေနစ်မြုပ်တာနဲ့ ပတ်သက်ပြီး ဒီနေ့အချိန်ထိ အစိုးရက ဘာတစ်ခုမှ ကူညီမှု မပေးသေးကြောင်း၊ ပျက်စီးသွားတဲ့ လယ်စိုက်ခင်းတွေကို အခုအချိန် ပြန်စိုက်မှ အချိန်မီမှာဖြစ်ကြောင်း ပြောပါတယ်။ သူပြောတဲ့အတိုင်းဆိုရင် လယ်သမားတွေရဲ့ အနာဂတ်က စိုးရိမ်စရာ အနေအထားပါ။ ဒါ မြန်အောင်မြို့နယ် တစ်နယ်တည်း ရှိပါသေးတယ်။မြန်မာတစ်ပြည်လုံး အတိုင်းအတာအရ ဇူလိုင် ဒုတိယပတ်က ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံစိုက်ဧက ၁၄ သိန်းကျော် နစ်မြုပ်ခဲ့ရပြီး ဧက ခြောက်သိန်းကျော်ဟာ လုံးဝပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။ ကျန်တဲ့ လယ်ဧကတွေဟာလည်း ရေနစ်မြုပ်ထားတာ ဖြစ်တဲ့အတွက် တော်တော်နာလန်ထူဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။ ရေဘေးသင့် လယ်သမားတွေအနေနဲ့ လတ်တလော မိသားစုစားဝတ်နေရေး ပြန်လည်တည်ငြိမ်ဖို့ ဆောင်ရွက်နေရတာကြောင့် ရေမြုပ်သွားတဲ့လယ်တွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ခက်ခက်ခဲခဲ အားယူနေကြရပါတယ်။ တချို့လယ်သမားတွေဆိုရင် ငွေကြေးအခက်အခဲ၊ လုပ်သားအခက်အခဲတွေကြောင့် ရေမြုပ်လယ်တွေကို ပြန်လည်မစိုက်ပျိုးတော့ဘူးလို့ ကြားသိရပါတယ်။ ပြန်စိုက်ဖို့ အစီအစဉ်ရှိတဲ့ လယ်သမားတွေကျတော့လည်း မျိုးစေ့အခက်အခဲ၊ လယ်ပြန်ထွန်ယက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ ရေမြုပ်ပျက်စီးသွားတဲ့ လယ်တွေ ပြန်စိုက်ပျိုးနိုင်ဖို့ မျိုးစေ့တွေ ထောက်ပံ့ပေးနေတယ်လို့ ကြားသိရပေမယ့် လုံလောက်မှု မရှိတဲ့အတွက် လယ်သမားအများစုဟာ မျိုးစေ့အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ရေနစ်မြုပ်ပျက်စီးခဲ့တဲ့ လယ်တွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့ဆိုရင် နိုင်ငံတော်အစိုးရ အပါအဝင် ကူညီမှု ထိထိရောက်ရောက် ပေးနိုင်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်ပါတယ်။ ရေနစ်မြုပ်ပျက်စီးသွားတဲ့ လယ်တွေကို ပြန်လည်စိုက်ပျိုးနိုင်ဖို့ အဓိက လိုအပ်တာက မျိုးစပါးပါ။ နောက်ပြီး လူအင်အား၊ စက်ပစ္စည်းအင်အား၊ နည်းပညာ အကူအညီတွေလည်း မဖြစ်မနေ လိုအပ်ပါတယ်။ လယ်တွေကို ပြန်လည်စိုက်ပျိုးမယ်ဆိုရင် အခုလအတွင်း စိုက်ပျိုးနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် တတ်သိနားလည်တဲ့ စိုက်ပျိုးရေး ပညာရှင်တွေ အကူအညီ၊ နည်းပညာ အကူအညီတွေနဲ့ အလျင်အမြန် ဆောင်ရွက်ကြရမှာပါ။ အဲဒီလို မလုပ်ဘဲ ပြီးပြီးရော စိုက်ရင်တော့ ငွေကုန်အသံပြာဖြစ်ပြီး တစ်ပူပေါ်နှစ်ပူဆင့် ဆုံးရှုံးမှုတွေ ထပ်မံကြုံတွေ့ရဖို့ များပါတယ်။ ဒီအတွက် နိုင်ငံတော်အစိုးရ အနေနဲ့ သေသေချာချာ ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်လှပါတယ်။ဒီလိုပြဿနာတွေဟာ ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်ပေါ်နေခဲ့တာ ခုမှမဟုတ်ပါဘူး။ နှစ်စဉ်လိုလို ဖြစ်ပေါ်နေတာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်လာခဲ့ရာမှ ဒီနှစ်ဟာ အဆိုးဆုံး ဖြစ်ပေါ်ခဲ့တာပါ။ ကျွန်တော်တို့ မြန်မာပြည်မှာ မိုးရွာသွန်းပြီးနောက်ပိုင်း နေရာစုံက အားနည်းချက်တွေကြောင့် ရေကြီးနစ်မြုပ်မှုက အမြဲတမ်း အားကောင်းခဲ့ရတာပါ။ ဒါကလည်း အခုတစ်နှစ်တည်း မဟုတ်တော့ပါဘူး။ နှစ်ဆက်နေခဲ့ပါပြီ။ ကျွန်တော်တို့တွေဟာ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ပထမအကြိမ်ဆိုရင် မသိလို့မှားတာ၊ ခံလိုက်ရတာလို့ ပြောလို့ရပေမယ့် ဒုတိယအကြိမ်နဲ့ နောက်အကြိမ်ကြိမ်တွေမှာတော့ မသိလို့ပါ အကြောင်းပြချက်ဟာ မပြည့်စုံတော့ပါဘူး။ ကျွန်တော်တို့တွေ တစ်ခါသေဖူးရင် ပျဉ်ဖိုးတော့ နားလည်သင့်တယ် မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ အချိန်မီပြင်ဆင်ဖို့ လိုအပ်နေပြီလို့ အားလုံးလက်ခံ နားလည်သဘောပေါက်ချိန်လည်း တန်ပါပြီ။ရေကြီးနစ်မြုပ်မှုဟာ ဒီနှစ်ထဲမှာတောင် နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ ကျန်ပါသေးတယ်။ အဲဒီ ရေကြီးမယ့်ကာလဟာ မြန်မာပြည်ရဲ့ ဒုတိယမုန်တိုင်းရာသီဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာပါပဲ။ အဲဒီကာလမှာ ပုံမှန်မြစ်ရေတိုးမှုနဲ့ မုန်တိုင်းမိုးရွာခဲ့ရင် ရေကြီးနစ်မြုပ်မှုနဲ့ မဖြစ်မနေ ကြုံတွေ့ရဦးမယ့် အနေအထား ရှိပါတယ်။ နောက်ပြီး အဲဒီကာလဟာ လယ်သမားတွေ စပါးသိမ်းချိန်လည်း ဖြစ်နေပါတယ်။ ဒါကြောင့် အထူးသတိထားဖို့ လိုပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြရမလဲ။ကျွန်တော်တို့ မြန်မာပြည်ရဲ့ မိုးကြိုနဲ့ မိုးလွန်ကာလတွေမှာ နှစ်စဉ်မိုးကြီးလို့ ရေနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာ နိုင်ငံတော်အစိုးရ အပါအဝင် တောင်သူလယ်သမားတွေနဲ့ ပြည်သူတွေအားလုံး သိပြီးသားဖြစ်လို့ ကြိုတင်ကာကွယ်မှုတွေကို တကယ်ထိထိရောက်ရောက် လုပ်ထားဖို့ လိုပါတယ်။ အဓိက,ကတော့ နိုင်ငံတော်အစိုးရပေါ့။ အစိုးရက လယ်သမားတွေအတွက် ရေနစ်မြုပ်မှုဒဏ်ခံနိုင်တဲ့ မျိုးစပါးတွေကို ပျိုးထောင်ပေးတာတို့၊ စပါးတွေရေမြုပ်ပြီး ပျက်စီးသွားရင်တောင် ချက်ချင်းပြန်စိုက်ပျိုးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတာတို့၊ လယ်ကွက်တွေ စတင်ဖော်ထုတ်ကတည်းက ရေမဝင်နိုင်အောင် ပတ်တာတွေ လုပ်ထားတာတို့၊ အလွယ်တကူ ရေပြန်ထုတ်နိုင်တဲ့ ရေနုတ်မြောင်းတွေ တူးဖော်ထားတာတို့၊ လိုအပ်တဲ့ စက်ပစ္စည်း၊ ငွေကြေးအကူအညီ ပေးတာတို့ကို လုပ်ဆောင်ပေးရပါမယ်။ တောင်သူလယ်သမားတွေဘက်ကလည်း ရာသီဥတု အခြေအနေကို အမြဲတမ်းနားစွင့်ကာ နိုးနိုးကြားကြားနေပြီး ကိုယ့်ဘက်က တတ်နိုင်သမျှ လုပ်သားအင်အား၊ စက်အင်အားတွေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရပါမယ်။ ဒါမှသာ တောင်သူလယ်သမားတွေရဲ့ အနာဂတ်တွေ ရေနစ်မြုပ်နေရတဲ့ဘေးမှ ကင်းဝေးနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent