NLD က မဲဆန္ဒနယ် ၁၁၃၈ နေရာအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီး ကျန်ရှိ ကိုယ်စားလှယ်လောင်း တာဝန်ပေးအပ်မှုများကို ယနေ့ အပြီးသတ်ပြုလုပ်မည်

NLD က မဲဆန္ဒနယ် ၁၁၃၈ နေရာအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီး ကျန်ရှိ ကိုယ်စားလှယ်လောင်း တာဝန်ပေးအပ်မှုများကို ယနေ့ အပြီးသတ်ပြုလုပ်မည်
Published 13 August 2015
ဇာလီမြင့်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ် ၁၁၃၈ နေရာအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားပြီးဖြစ်ပြီး ကျန်ရှိကိုယ်စားလှယ်လောင်း တာဝန်ပေးအပ်မှုများကို သြဂုတ် ၁၄ ရက် (ယနေ့) တွင် အပြီးသတ် ပြုလုပ်ရန်ရှိကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က “သြဂုတ် ၁၂ ရက်အထိကတော့ ၁၁၃၈ နေရာအတွက်ကို ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတာပေါ့။ ဒီနေ့ရယ်၊ မနက်ဖြန်ရယ် ကျန်နေသေးတယ်။ ထပ်လာမှာတွေ ရှိသေးတယ်။ အခုကတော့ စိစစ်မှုတွေ ဆက်လုပ်နေပါတယ်။ လောလောဆယ်တော့ အပြီးသတ်စာရင်း မရသေးဘူး။ မနက်ဖြန်မှပြီးမှာပါ” ဟု သြဂုတ် ၁၃ ရက်က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သြဂုတ် ၁၂ ရက်အထိ ကိုယ်စားလှယ်လောင်း တာဝန်ပေးမှု အခြေအနေအရ မဲဆန္ဒနယ် ၁၁၇၁ နေရာအနက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အနက် ၃၁၉ နေရာတွင် လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာအနက် ၁၆၆ နေရာတွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာအနက် ၆၂၄ နေရာတွင် လည်းကောင်း၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး) ၂၉ နေရာအနက်၂၉ နေရာ အပြည့်တို့၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် ၁၁၃၈ ဦးကို ကနဦး သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက “ကျွန်တော်တို့ စာရင်းပိတ်လို့ မရသေးပါဘူး။ မနက်ဖြန် စာရင်းပိတ်ပြီးမှပဲ ပြောနိုင်ပါမယ်။ လွဲနေမှာစိုးလို့ပါ။ လက်ရှိကရော စိစစ်မှုတွေ လုပ်နေတုန်းပါပဲ” ဟု ပြောကြားသည်။
အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မဲဆန္ဒနယ် အားလုံးနီးပါးမှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး သြဂုတ် ၁ ရက်တွင် မဲဆန္ဒနယ် ၁၁၃၃ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ထုတ်ပြန်ခဲ့သည်။
ထို့နောက်ပါတီမှ ထုတ်ပြန်ခဲ့သည့် ကိုယ်စားလှယ်လောင်းများထဲမှ နုတ်ထွက်သူများရှိခဲ့ပြီး နုတ်ထွက်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၀ ကျော်အတွက် ယင်းနေရာတွင် ပြန်လည်အစားထိုးမှုများ ပြုလုပ်ပေးခဲ့ ကြောင်းလည်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်ကို သြဂုတ် ၈ ရက် မှ ၁၄ ရက်သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်သတ်မှတ်ပေးထားရာ ယနေ့သည် ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံးတင်သွင်းနိုင်သည့် နေ့ရက်လည်းဖြစ်သည်။ 
၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲဆန္ဒနယ် ၁၁၇၁ နေရာသတ်မှတ်ထားရာ NLD အနေဖြင့် ဒေသအချို့တွင် ဝင်ပြိုင်မည့် ပါတီဝင်အင်အား မရှိသည့်အတွက် ဝင်မပြိုင်သည့် မဲဆန္ဒနယ်များ ရှိသကဲ့သို့ တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ ဝင်ပြိုင်ရန်ရှိသည့် နေရာတို့ကိုလည်း ဝင်ပြိုင်ရန်မရှိကြောင်း သိရသည်။
ထို့ပြင်ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်မြေစာရင်းများ ထုတ်ပြန်ထားချက်အရ  ကိုယ်စားလှယ်လောင်း အများစုမှာ ဒေသခံများဖြစ်ကြောင်း သိရသည်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးရှိရာ လာမည့်ရွေးကောက်ပွဲတွင် ၁၁ ဦးသာ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ 
 

Most Read

Most Recent