အုပ်ချုပ်သည့်အစိုးရ အဂတိကင်းမှသာ နိုင်ငံတိုးတက်မည်ဖြစ်ပြီး ပြည်သူများအေးချမ်းသာယာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁၁ ရက်တွင် ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့မယ့် အစိုးရဟာ အဂတိကင်းစေရမယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့အထက်ကလူကြီးတွေက အဂတိကင်းလို့ပဲ။ လူကြီးအဂတိကင်းမှ အဖွဲ့ကအဂတိကင်းနိုင်မှာပါ။ အုပ်ချုပ်တဲ့အဖွဲ့က အဂတိကင်းမှ နိုင်ငံကအဂတိကင်းမှာပါ။ နိုင်ငံမှာ အဂတိကင်းမှ ပြည်သူတွေလည်း တိုးတက်မှာပါ။ အဲဒီလိုတိုးတက်မှသာ ပြည်သူတွေက အေးအေးဆေးဆေး ကိုယ့်အိပ်ရာထဲမှာ အိပ်နိုင်မှာဖြစ်ပါတယ်။ အလုပ်တစ်ခုကိုမလုပ်ခင်ကတည်းက ဘယ်သူ့ကို ဘယ်လောက်လာဘ်ထိုးရမလဲ စဉ်းစားရတဲ့ ပြည်သူတွေရဲ့ဘဝဟာ ဘယ်လိုမှကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့် အဂတိကင်းစင်ရေးကို အင်မတန်မှအလေးထားပါတယ်။ အဂတိကင်းစင်တဲ့ အစိုးရတစ်ခုကို ကျွန်မတို့ထူထောင်မယ်" ဟု မင်းလှမြို့ခံလူထုအား ပြောကြားသည်။ ဆက်လက်၍ "ဒါကြောင့် အခုရွေးထားတဲ့ကိုယ်စားလှယ်လောင်းအားလုံးဟာ ပိုင်ဆိုင်မှုစာရင်းပေးရတယ်။ ရွေးထားတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ အသိုင်းအဝိုင်းပေါ့။ စီးပွားရေးနဲ့ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် စိစစ်မယ်။ ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး စိစစ်မှုတွေသေချာလုပ်ထားပါတယ်။ ဒါမှ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ အားကိုးနိုင်မယ်။ ကိုယ်စားလှယ်ဖြစ်ပြီးမှ စီးပွားရေးလုပ်ငန်းတွေ ပြောင်းသွားတယ်ဆိုရင် ကျွန်မတို့အနေနဲ့ စုံစမ်းပိုင်ခွင့်ရှိတယ်။ အိမ်တစ်လုံးကနေ အိမ်တွေအများကြီးတိုးလာတယ်ဆိုရင်တော့ စိစစ်ရတော့မှာပေါ့။ ကြည့်နေလို့ဘယ်ရတော့မလဲ။ နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်မယ့်အစား ကိုယ့်အကျိုး၊ ကိုယ့်မိသားစုအကျိုး၊ အသိုင်းအဝိုင်းအကျိုးလုပ်ဆောင်မယ့် ပုဂ္ဂိုလ်တွေဆိုရင်တော့ ကျွန်မတို့အစိုးရထဲမှာ ကြာကြာခံမှာမဟုတ်ပါဘူးဆိုတာ ကတိပေးနိုင်ပါတယ်" ဟုပြောကြားသည်။ ဒီမိုကရေစီစနစ်အရ ပြည်သူများအနေဖြင့် အခွင့်အရေးများစွာရလာမည်ဖြစ်ကြောင်း၊ အခွင့်အရေးများနှင့်အတူ တာဝန်ယူမှုများပါလာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးကြရမည်ဖြစ်ကြောင်း၊ မဲပေးမှုမှန်ကန်ရန်အတွက် ပညာပေးမှုများပြုလုပ်မည်ဖြစ်ကြောင်း၊ ပြည်သူများမှ လိုလိုလားလားဖြင့်ပေးသည့် မဲများကိုသာ လိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က "စနစ်ကိုပြောင်းဖို့ဆိုတာ ကျွန်မတို့အစိုးရဖြစ်မှပြောင်းနိုင်မှာပါ။ အစိုးရမလုပ်ဘဲနဲ့ စနစ်ကိုပြောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါက ရိုးရိုးသားသားပြောတာပါ။ တချို့ကတော့ အစိုးရမလုပ်ချင်ပါဘူး။ ပြည်သူကိုချစ်လွန်းလို့ ဝင်ပြီးပြိုင်တာပါဆိုပြီးပြောကြတယ်။ ချစ်တာတော့ ချစ်ပါတယ်။ ဒါပေမဲ့ အစိုးရဖြစ်မှလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် အစိုးရဖွဲ့ချင်တာပါ" ဟု ဆက်လက်ပြောကြားသည်။ ပြည်သူများအနေဖြင့် ယခင်အခြေအနေတွင် စိတ်ထဲကနေထောက်ခံသည်မှာ မှန်ကန်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင်မူ မဲပြားနှင့်ထောက်ခံရန် လိုအပ်လာပြီဖြစ်ကြောင်း ဒေသခံများအား ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ပြည်သူတွေက တစ်ယောက်နဲ့တစ်ယောက် မနာလိုမှုတွေရှိနေကြတယ်။ အဲဒီလိုဘာလို့ဖြစ်ကြလဲဆိုတော့ ယုံကြည်မှုအားနည်းလို့ပဲ။ စနစ်ပြောင်းမှရမယ်။ လူတွေရဲ့စိတ်ထားတွေလည်းပြောင်းရမယ်။ ဒီနှစ်ခုပြောင်းလဲမှသာ နိုင်ငံကလည်းတိုးတက်လာမယ်" ဟုဆိုသည်။ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မည်သည့်အရာမျှပေး၍ စည်းရုံးနိုင်မည်မဟုတ်ကြောင်း၊ ပါတီအနေဖြင့် ငွေကြေးချမ်းသာခြင်းမရှိကြောင်း၊ ပြည်သူများ၏ အားပေးမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူအပေါ်တွင် နိုင်ထက်စီးနင်းပြုမူမှုများ မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်သည်ကို အာမခံကြောင်း မင်းလှမြို့၌ ဒေသခံများအား ပြောကြားသည်။
အုပ်ချုပ်သည့်အစိုးရ အဂတိကင်းမှသာ နိုင်ငံတိုးတက်မည်ဖြစ်ပြီး ပြည်သူများအေးချမ်းသာယာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား