မိုးဆက်တိုက်ရွာသွန်းမှု ဖြစ်ပေါ်နေခြင်းကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ ကုန်ကားဝင်ရောက်မှုနည်းပြီး အရောင်းအဝယ်ပါး

မိုးဆက်တိုက်ရွာသွန်းမှု ဖြစ်ပေါ်နေခြင်းကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ ကုန်ကားဝင်ရောက်မှုနည်းပြီး အရောင်းအဝယ်ပါး
Published 27 July 2015

မိုးဆက်တိုက်ရွာသွန်းမှု ဖြစ်ပေါ်နေခြင်းကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ ကုန်ကားဝင်ရောက်မှု နည်းပြီး အရောင်းအဝယ်ပါးကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ သိရသည်။
“ဒီရက်ပိုင်း မိုးဆက်နေတော့ ကုန်ကားတွေ အဝင်နည်းတယ်။ မိုးရာသီဖြစ်နေတော့ အရောင်းအဝယ်လဲ ပါးနေတယ်။ ဆန်ကားဝင်ရောက်မှုကတော့ သိသိသာသာ နည်းသွားတယ်။ အရင်က တစ်ရက်ကို အစီး ၁၀၀ ကျော်ဝင်ရင် အခုက ရာသီဥတုလည်း သိပ်မကောင်း အရောင်းအဝယ်လည်း အေးတာကြောင့် အစီး ၄၀ ကျော်လောက်ပဲ ဝင်တော့တယ်” ဟု မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကို မြန်မာ-တရုတ် နယ်စပ်တွင် နှစ်နိုင်ငံလုပ်ငန်းရှင်များ တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ ဆန်၊ ပဲ၊ ပြောင်း၊ သကြား၊ ရော်ဘာ၊ သီးနှံမျိုးစုံ စသည့် လယ်ယာထွက်ကုန် ပစ္စည်းများကို တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ယာဉ်ယန္တရား၊ တရုတ်ဆိုင်ကယ် စသည်တို့ကို တင်သွင်းမှုများကြောင်း သိရသည်။
အဆိုပါ နယ်စပ်တွင် ကုန်သွယ်မှုပြုလုပ်ရာတွင် ကုန်စည်တင်သွင်းမှုထက် ကုန်စည်တင်ပို့မှု ပိုမိုပြုလုပ်လျက်ရှိပြီး သွင်းကုန်တင်သွင်းမှုအတွက် အသုံးပြုငွေထက် ပို့ကုန်တင်ပို့မှုမှ ရငွေပိုများကြောင်း သိရသည်။
ကုန်သွယ်မှု ပမာဏအနေဖြင့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၉၁၄ သန်းကျော် ရရှိထားပြီး တရုတ်နိုင်ငံမှ သွင်းကုန်တင်သွင်းရန်အတွက် ဒေါ်လာ ၄၆၅ သန်းကျော် အသုံးပြုထားကာ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၃၇၉ သန်းကျော်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်တွင် နှစ်နိုင်ငံလုပ်ငန်းရှင်များ ကုန်သွယ်မှုပြုလုပ်နိုင်ရန် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကံပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုအများဆုံး ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်တွင် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် နယ်စပ်ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ပေးထားသော်လည်း ရှောင်ကွင်းလမ်းများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ ပြုလုပ်မှုများ ရှိခြင်းကြောင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေရကြောင်း သိရသည်။