ငွေလဲနှုန်း မတည်ငြိမ်ဖြစ်ရသည့် အဓိကအချက်ဖြစ်သော ဈေးကစားမှုတွင် ဘဏ်များပါဝင်ပတ်သက်မှု မရှိရန် တိုက်တွန်းကြောင်းနှင့် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား

ငွေလဲနှုန်း မတည်ငြိမ်ဖြစ်ရသည့် အဓိကအချက်ဖြစ်သော ဈေးကစားမှုတွင် ဘဏ်များပါဝင်ပတ်သက်မှု မရှိရန် တိုက်တွန်းကြောင်းနှင့် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား
Published 22 July 2015
ဖြိုးဝေ

ငွေလဲနှုန်း မတည်ငြိမ်ဖြစ်နေရသည့် အချက်များအနက် အဓိကအချက်ဖြစ်သည့် ဈေးကစားမှုတွင် ဘဏ်များပါဝင်ပတ်သက်မှု မရှိစေရန် တိုက်တွန်းကြောင်းနှင့် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားခဲ့ကြောင်း ဇူလိုင် ၂၂ ရက်တွင် ထုတ်ဝေသည့် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။အဆိုပါ ပြောကြားချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ဇူလိုင် ၂၁ ရက်က ပြုလုပ်သည့် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်နေသည့် ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးသည့် တတိယအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုနှင့် စပ်လျဉ်း၍ မတည်မငြိမ်ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် ဈေးကစားသည့် အချက်မှာ အဓိကဖြစ်နေကြောင်း ဦးကျော်ကျော်မောင်က ပြောကြားသည်။ဗဟိုဘဏ် အနေဖြင့် ဘဏ်များကတစ်ဆင့် သွင်းကုန်တင်သွင်းသူများကို နေ့စဉ် ဒေါ်လာရောင်းချပေးနေသကဲ့သို့ နေ့စဉ် လေလံဈေးမှလည်း ရောင်းချပေးနေကြောင်း ဦးကျော်ကျော်မောင်က ဆိုသည်။ ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချမှတ်ထားသော လိုက်နာရန် အချက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်ရသည့် အဓိကအချက်ဖြစ်သည့် ဈေးကစားမှုတွင် ဘဏ်များ ပါဝင်ပတ်သက်မှု မရှိစေရန် တိုက်တွန်းကြောင်း၊ လိုအပ်သည့် ကြီးကြပ်စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ဒေါ်လာဈေးနှုန်း မြင့်တက်လာသဖြင့် ကုန်ဈေးနှုန်း မြင့်တက်မှုများနှင့် မတည်ငြိမ်မှုများစွာ ဖြစ်ပေါ်လာသည့်အတွက် ပြီးခဲ့သည့် မေလအတွင်း ဗဟိုဘဏ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ပုဂ္ဂလိကဘဏ်များ ပါဝင်သည့် ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ဒေါ်လာဈေးမြင့်တက်သည့် ပြဿနာတွင်လည်း ပုဂ္ဂလိက ဘဏ်ကြီးအချို့က ဒေါ်လာပိုက်၍ ပြင်ပတရားမဝင် ဈေးကွက်တွင် ဝင်ရောက်ဈေးကစားမှု ပြုလုပ်နေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။မေလအတွင်း ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်အောင် ဒေါ်လာဈေးကစားသူများကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) မှ လိုက်လံဖမ်းဆီး စစ်ဆေးမည်ဟု စီးပွားကူးသန်းဝန်ကြီး ဦးဆောင်သည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ၏ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းများကြောင့် ရက်ပိုင်းအတွင်း ဒေါ်လာဈေး ပြန်လည်ကျဆင်းခဲ့သည်။ဇူလိုင် ၂၁ ရက်က ပြုလုပ်သည့် အစည်းအဝေး အပြီးတွင်လည်း ဗဟိုဘဏ်က နေ့စဉ်မြင့်တက် သတ်မှတ်နေသည့် အမေရိကန် ဒေါ်လာလဲလှယ်နှုန်းကို ဇူလိုင် ၂၁ ရက် သတ်မှတ်ဈေးဖြစ်သည့် တစ်ဒေါ်လာ ကျပ် ၁၂၄၀ တွင်သာ ရပ်တန့်လိုက်သည်။ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်သည့် ဈေးနှုန်းသတ်မှတ်မည်ဟုဆိုကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက်မှ စတင်၍ အမေရိကန်ဒေါ်လာဈေးကို တစ်ဒေါ်လာ ၇၅ ကျပ် ခုန်တက်လိုက်ပြီးနောက် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး ပိုမိုမြင့်တက်လာခဲ့ကာ အဆိုပါ မြင့်တက်လာသည့် ဒေါ်လာဈေးနောက်သို့ ဗဟိုဘဏ်က လိုက်ပါသတ်မှတ်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်စနစ် (Manage Float) အစား ဈေးကွက်နောက်သို့ လိုက်ပါနေရသည့် ထိန်းကျောင်းခံ နှုန်းရှင်စနစ် (Being Manage Float) အခြေအနေသို့ ရောက်ရှိနေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မည်ဟုဆိုကာ ဗဟိုဘဏ်က နေ့စဉ် သတ်မှတ်ပေးနေသည့် အမေရိကန်ဒေါ်လာ ဈေးနှုန်းကို ပြင်ပဈေးကွက်ပေါက်ဈေး ၁၂၂၀ ကျပ်ခန့်နှင့် လိုက်လျောညီထွေဖြစ်နိုင်သော နှုန်းထားအဖြစ် အမေရိကန်တစ်ဒေါ်လာလျင် ဇူလိုင် ၁၃ ရက်မှ စတင်၍ ၁၁၂၅ ကျပ်မှ ကျပ် ၁၂၀၀ အဖြစ် ကျပ် ၇၅ ကျပ်ခန့် မြင့်မားစွာ ဆွဲတင်ကာ ဗဟိုဘဏ်က ရုတ်ခြည်းခုန်တက်လိုက်သည်။ ထိုသို့ ခုန်တက်ပြီးနောက် ပြင်ပဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာဈေးနှုန်း လိုက်ပါမြင့်တက်လာသည့်အတွက် ဗဟိုဘဏ်က သတ်မှတ်နေသည့် ငွေလဲနှုန်းကို နေ့စဉ်တိုးမြှင့်နေရကာ ရက်ပိုင်းအတွင်း ကျပ် ၄၀ ထပ်မံခုန်တက်လိုက်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုး လျှော့ချလိုက်သည့် အနေအထားမှာ ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၂၁ ရက်အတွင်း ယခင်ထက် ရာခိုင်နှုန်း ၂၀ ခန့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ဇူလိုင် ၂၁ ရက်အတွက် ဗဟိုဘဏ်က သတ်မှတ်မှုမှာ ၁၂၄၀ ကျပ်ဖြစ်ပြီး ဇူလိုင် ၁၁ ရက်မှ တွက်ချက်မည် ဆိုပါက ကျပ် ၁၃၀ ခန့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည့် အနေအထား ဖြစ်နေသည်။ဗဟိုဘဏ်အနေနှင့် ဈေးကွက်ပေါက်ဈေးအတိုင်း အမေရိကန်ဒေါ်လာဈေးနှုန်း ဖြစ်ပေါ်စေမည့် (Free Float) ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နိုင်မှု မရှိသေးချိန်တွင် ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်စနစ် (Manage Float) သို့ လက်ရှိလုပ်ဆောင်နေသည်။ အဆိုပါ လုပ်ဆောင်မှုမှာ ပြင်ပဈေးကွက်ကို မထိန်းနိုင်သည့်အတွက် ဈေးကွက်နောက်သို့ လိုက်ပါနေရသည့် ထိန်းကျောင်းခံ နှုန်းရှင်စနစ် (Being Manage Float) အခြေအနေသို့ ရောက်ရှိလာနေရကြောင်း ဒေါက်တာအောင်ကိုကိုက ဆိုသည်။“ဗဟိုဘဏ်က ဈေးကွက်ကို ထိန်းကျောင်းရမယ့်အစား ဈေးကွက်က ထိန်းကျောင်းတာကို ခံနေရတဲ့ အနေအထား ဖြစ်လာနေတယ်။ ဗဟိုဘဏ်မှာ အရန်ငွေကလည်း အများကြီးရှိတဲ့ အနေအထား မဟုတ်ဘူး။ ဒီအခြေအနေကို မထိန်းနိုင်သရွေ့ မြန်မာကျပ်ငွေက ဆက်ပြီး တန်ဖိုးကျဆင်းနေမှာပဲ” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြား အရန်ငွေ နည်းပါးမှု ပြဿနာ၊ ကုန်သွယ်မှုလိုငွေ ပြဿနာ၊ ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လခတိုးမြှင့်မှု ပြဿနာ၊ နေ့စဉ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရန် ပြင်ဆင်လာမှု၊ ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်း ထုတ်ပြန်နိုင်မှု မရှိဘဲ ကျပ် ၅၀၀၀ တန်နှင့် ကျပ် ၁၀၀၀၀ တန်ငွေစက္ကူများ အသစ်ထပ်မံ ရိုက်ထုတ်မှု စသည့်အခြေအနေများကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုဒဏ်ကို ပြည်သူများ ခံစားနေရသည်။လက်ရှိအခြေအနေတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး ပြည်သူများအကြားတွင် အခက်အခဲများ ဖြစ်ပေါ်လာနေသည်။ ထိုသို့ ပြည်သူများအကြား စားဝတ်နေရေး ခက်ခဲလာမှုမှာ နိုင်ငံရေး အကျပ်အတည်းသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေ ဖြစ်နေပြီး အန္တရာယ်ရှိလာနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီဝင် ဦးမင်းခင်က ဆိုသည်။“ဒေါ်လာဈေး မြင့်တက်လာလို့ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်သူတွေ စားဝတ်နေရေး အဆင်မပြေ ဖြစ်လာချိန် လမ်းပေါ်ထွက်လာရင် ပဋိပက္ခတွေ ဖြစ်လာမယ်။ အခု ရွေးကောက်ပွဲနီးလာချိန်မှာ ဘယ်လိုဆူပူမှုမျိုးမှ ဖြစ်လို့ မရဘူး။ လက်ရှိ ဒေါ်လာဈေးနှုန်း မြင့်တက်တာနဲ့တင် ပြဿနာ ရှိနေပြီ။ ဒါထက် ဒေါ်လာဈေး ပိုကျသွားရင် အခြေအနေ ပိုဆိုးသွားမယ်။ နောက်ပြီး ဗဟိုဘဏ် အနေနဲ့ ပြင်ပဈေးကွက်နောက် မလိုက်တော့ဘဲ ၁၂၄၀ မှာတင် ရပ်လိုက်တာ ပိုကောင်းလာနိုင်ပါတယ်။ ဒီလိုမရပ်ရင် ဗဟိုဘဏ်ကလိုက်လေ ပြင်ပဈေးကွက်က ဈေးတက်လေ ဖြစ်နေမယ်။ ဒီလို အခြေအနေမှာ ရပ်လိုက်တဲ့အတွက် အချိန်တစ်ခုတော့ စောင့်ကြည့်ဖို့ လိုဦးမယ်” ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။လက်ရှိ ပုဂ္ဂလိကဘဏ်များ ဝင်ရောက်ဈေးကစားမှု မပြုလုပ်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌက သတိပေးမှုအပေါ် ဘဏ်များတွင် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်နေမှုကို ရပ်တန့်၍ ဗဟိုဘဏ်အနေနှင့် အရောင်းအဝယ် ပြုလုပ်မှုဖြင့် ယာယီအစားထိုးမှုများ ပြုလုပ်သင့်ကြောင်းနှင့် ထိုသို့ ပြုလုပ်သည့်အတွက် ဗဟိုဘဏ်တွင် ပြင်ပဈေးကွက်တွင် စီးမျောနေသည့် နိုင်ငံခြားငွေများ ဗဟိုဘဏ်သို့ ရောက်ရှိလာသည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း ဒေါက်တာအောင်ကိုကိုက အကြံပြုသည်။

Most Read

Most Recent