လက်ရှိ၌ မြန်မာနိုင်ငံမှ ဆန်တင်ပို့နေသည့် နိုင်ငံပေါင်း ၃၈ နိုင်ငံရှိပြီး တရုတ်နိုင်ငံက ဝယ်လိုအားနည်းနေချိန်တွင် အခြားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်တင်ပို့ရန် ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“တရုတ်ဘက်က လတ်တလော ဝယ်လိုအားနည်းနေတဲ့ အချိန်မှာ အီးယူနိုင်ငံနဲ့ ဥရောပနိုင်ငံ ဈေးကွက်တွေကို တိုးချဲ့တင်ပို့နိုင်ဖို့ လုပ်မှာပါ။ လက်ရှိ မြန်မာနိုင်ငံကနေ ဆန်တင်ပို့နေတဲ့ နိုင်ငံပေါင်း ၃၈ နိုင်ငံ ရှိပါတယ်။ ဝယ်လိုအား များနေတာကတော့ တရုတ်ပေါ့။ တရုတ်ဘက်ကို တရားဝင် တင်ပို့နိုင်ဖို့လည်း ဆောင်ရွက်နေတယ်။ ဈေးကွက်သစ်နိုင်ငံတွေကို ပို့ဖို့လည်း ဆွေးနွေးဖို့ရှိတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှလည်း တင်ပို့နေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြု တင်ပို့မှု ပိုများကြောင်း သိရသည်။တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ လုပ်ငန်းရှင်များက တရားဝင်လိုင်စင်ရယူ၍ တင်ပို့မှု ရှိသော်လည်း တရုတ်ကုန်သည်များက တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းရာတွင် ဖမ်းဆီးခံရမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံဘက်မှ ဆန်ဝယ်လို အားလျော့နည်းနေကြောင်း သိရသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်အများစုကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့မှု ပြုလုပ်နေရသည့်အတွက် ယင်းကဲ့သို့ ဈေးကွက်တစ်ခုတည်းကို အားထားနေရခြင်း မဟုတ်ဘဲ နိုင်ငံစုံရှိ ဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရန် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ပြည်ပသို့ ဆန်တင်ပို့မှု ပြုလုပ်ရာတွင် တရုတ်နိုင်ငံအပြင် ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ အီတလီ၊ အင်ဒိုနီးရှား၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ မလေးရှား၊ ကနေဒါ စသည့် နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းသို့ ဆန်တင်ပို့ရာတွင် အဓိက ကုန်သွယ်မှု လမ်းကြောင်းဖြစ်သည့် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ ဒေသစုံမှ ဆန်ကားဝင်ရောက်မှုမှာ သိသာစွာ လျော့နည်းသွားပြီး ယခင်က တစ်ရက်လျှင် ဆန်ကားအစီးရေ ၁၀၀ ကျော်ဝင်ရောက်လျက် ရှိရာမှ ယခုရက်ပိုင်းများအတွင်း တစ်ရက်လျှင် ဆန်ကားအစီးရေ ၃၀ ကျော် ၄၀ လောက်သာ ဝင်ရောက်မှုရှိတော့ကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့နေသည့် နိုင်ငံပေါင်း ၃၈ နိုင်ငံရှိပြီး တရုတ်က ဝယ်လိုအားနည်းနေချိန်တွင် အခြားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်တင်ပို့ရန် ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ ပြောကြား