ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၃၀ အထိ မြင့်တက်လာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၉၀ အထိ ရောက်ရှိ

ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၃၀ အထိ မြင့်တက်လာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၉၀ အထိ ရောက်ရှိ
Published 20 July 2015
အောင်မြတ်ကို

ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၃၀ အထိမြင့်မားလာပြီး ပြင်ပဈေးကွက် ပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၉၀ ဝန်းကျင်ရှိနေကြောင်း စုံစမ်းသိရသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၀၀ မှစ၍ တစ်ရက်လျှင် ငါးကျပ်ဝန်းကျင်နှုန်းဖြင့် မြင့်တက်လာခြင်းဖြစ်ပြီး ဇူလိုင် ၂၀ ရက်တွင် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ကျပ် ၁၂၃၀ အထိ မြင့်မားလာကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေ ဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက်မှစ၍ တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။ ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း တိုးမြှင့်သတ်မှတ်ချက်နှင့်အတူ ဇူလိုင် ၁၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင် စက်သုံးဆီနှင့် စားသုံးဆီ လုပ်ငန်းများအတွက် လိုအပ်သည့်ဒေါ်လာ များကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ရောင်းချပေးလျက် ရှိသကဲ့သို့ အခြားသွင်းကုန် လုပ်ငန်းရှင်များ အားလုံးကိုလည်း လိုအပ်သော ဒေါ်လာများကို နေ့စဉ် လေလံဖြင့် ပုဂ္ဂလိကဘဏ်များမှ တစ်ဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။
ပြင်ပဈေးကွက်သည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း မြင့်တက်ခြင်းနှင့်အတူ ဆက်တိုက်မြင့်တက်လျက်ရှိပြီး ဇူလိုင် ၁၃ ရက် ဈေးကွက်ပေါက်ဈေး တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၁၂၀၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၀၂ ကျပ် ဝန်းကျင်မှ တစ်ပတ်အ  တွင်း ဇူလိုင် ၂၀ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ကျပ် ၁၂၉၀၊ ဝယ်ဈေး ၁၂၈၁ ကျပ်ဝန်းကျင်သို့ တစ်ဒေါ်လာတန်ဖိုး ကျပ် ၈၀ ကျော်အထိ မြင့်တက်သွားကြောင်း ပြင်ပ ဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။
ဇူလိုင် ၂၀ ရက်တွင် ဖြစ်ပေါ်နေ သော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း မှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၁၂၈၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၇၇ ကျပ်ဝန်းကျင်တွင် ရှိနေ သည်။ ပြင်ပဈေးကွက်တွင် စင်ကာပူတစ် ဒေါ်လာလျှင် ရောင်းဈေး ၉၂၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၁၄ ကျပ်ဝန်းကျင်နှင့် ယူရို တန်ဖိုး မှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၅၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၃၄၅ ကျပ်ဝန်းကျင် တွင် ရှိနေသည်။
ပြည်တွင်းပုဂ္ဂလိကဘဏ်များ ဇူလိုင် ၁၃ ရက်တွင် ရောင်းဈေး ၁၂၀၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၉၈ ကျပ်ဝန်းကျင်သို့ တိုးမြှင့်သတ်မှတ်ထားပြီး ဇူလိုင် ၁၆ ရက်တွင် ရောင်း ဈေး ၁၂၂၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၃ ကျပ်ဝန်း၊ ဇူလိုင် ၁၇ ရက်တွင် ရောင်းဈေး ကျပ် ၁၂၃၀ ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၇ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ဇူလိုင် ၂၀ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးရောင်းဈေး ကျပ် ၁၂၄၀၊ ဝယ်ဈေး၁၂၃၉ ကျပ်အထိ ရှိလာသည်။
တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင် နှုန်းဘောင် အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေသည်။           
 

Most Read

Most Recent