ရော်ဘာကုန်ကြမ်းအား တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး အခြားနိုင်ငံကြီးများက ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း အရည်အသွေးနှင့် အရေအတွက် အာမခံချက် မပေးနိုင်ခြင်းကြောင့် မတင်ပို့နိုင်သေး

ရော်ဘာကုန်ကြမ်းအား တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး အခြားနိုင်ငံကြီးများက ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း အရည်အသွေးနှင့် အရေအတွက် အာမခံချက် မပေးနိုင်ခြင်းကြောင့် မတင်ပို့နိုင်သေး
Published 19 July 2015
ချမ်းမြေ့သူ

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းအား တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး အခြားနိုင်ငံကြီးများက ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း အရည်အသွေးနှင့် အရေအတွက် အာမခံချက် မပေးနိုင်ခြင်းကြောင့် တင်ပို့မှု ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။ရော်ဘာကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြင့် တင်ပို့မှုအများဆုံး ပြုလုပ်နေရခြင်းဖြစ်ပြီး ဈေးရရှိမှု အနေဖြင့် နည်းပါးကြောင်း သိရသည်။ယခုအခါ မြန်မာနိုင်ငံမှ ရော်ဘာကုန်ကြမ်းများကို ဂျပန်၊ ဂျာမနီနှင့် ဗီယက်နမ်နိုင်ငံတို့က ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားသော်လည်း မြန်မာနိုင်ငံဘက်မှ လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါနိုင်ငံများက သတ်မှတ်ထားသည့် အရည်အသွေးနှင့် လိုအပ်သည့် အရေအတွက်ကို အာမခံချက် ပေးနိုင်ခြင်း မရှိသောကြောင့် ယခုအချိန်အထိ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။“ရော်ဘာကုန်ကြမ်းကို ဝယ်ယူဖို့ ကမ်းလှမ်းကြတဲ့ နိုင်ငံတွေကို တင်ပို့မှု ပြုလုပ်မယ်ဆိုရင် အရည်အသွေးပိုင်းကို တာဝန်ယူရတယ်။ သူတို့ဈေးကွက်ကို တင်သွင်းတဲ့ အခါမှာလည်း သူတို့နိုင်ငံရောက်ရင် အရည်အသွေးပိုင်းကို အဆင့်ဆင့် စစ်ဆေးမှုတွေ လုပ်တယ်။ အဲဒါကြောင့် အရည်အသွေးပိုင်းကို လွဲချော်လို့ မရဘူး။ ပြီးတော့ အရေအတွက် သူတို့က တစ်လကို တန်ချိန်ဘယ်လောက် တစ်နှစ်ကို တန်ချိန်ဘယ်လောက် ဆိုပြီး မှာကြမှာ။ အဲဒီအခါ အထွက်နည်းလို့ တန်ချိန်ဘယ်လောက်ပဲ ပို့နိုင်တယ် ဆိုရင်လဲ မရဘူး။ အဲလိုမျိုး အချက်တွေ ရှိတာပေါ့” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။ဆက်လက်၍ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့် မြန်မာနိုင်ငံသည် ရော်ဘာအထွက်နှုန်းနည်းသည့်နိုင်ငံ မဟုတ်သည့်အတွက် အရေအတွက်ထက် အရည်အသွေးပိုင်းကို ပိုမိုဂရုစိုက်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံကြီးများသို့ တင်ပို့မှု ပြုလုပ်နိုင်ပါက ဈေးနှုန်းပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ပြည်တွင်းရော်ဘာဈေးနှုန်းများမှာ ယခုနှစ်ဆန်းပိုင်းက ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး ရော်ဘာခြံရှင်များ အနေဖြင့် ထုတ်လုပ်မှုစရိတ်အောက်သို့ ကျဆင်းသည့် အနေအထား ဖြစ်ပေါ်ခဲ့ပြီး အထိနာခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ဒုတိယပတ်အတွင်းက နိုင်ငံတကာ ရော်ဘာဈေးကွက်၌ RSS 3 အမျိုးအစား တစ်တန်လျှင် ဒေါ်လာ ၁၅၀၀ ကျော်ရှိပြီး ပြည်တွင်း၌ RSS 3 အမျိုးအစား တစ်ပေါင်လျှင် ကျပ် ၇၇၀ ဈေးရှိကြောင်း၊ အဆိုပါဈေးမှာ အရောင်းအဝယ်ပြုလုပ်၍ ရနိုင်သော ဈေးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent