၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ အမေရိကန်-မြန်မာကုန်သွယ်မှုတွင် မြန်မာဘက်မှ အမေရိကန်ဒေါ်လာ ၂၃ သန်းဖိုး တင်ပို့ထား

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ အမေရိကန်-မြန်မာကုန်သွယ်မှုတွင် မြန်မာဘက်မှ အမေရိကန်ဒေါ်လာ ၂၃ သန်းဖိုး တင်ပို့ထား
Published 19 July 2015
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ၁ရက်မှ ဇူလိုင်ပထမပတ်အထိ အမေရိကန်နှင့် မြန်မာနိုင်ငံ ကုန်သွယ်မှုပြုရာ၌ မြန်မာဘက်မှ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၂၃ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
အဆိုပါ အမေရိကန်နိုင်ငံများအုပ်စုအတွင်း ရှစ်နိုင်ငံပါဝင်ကြောင်း၊ ကနေဒါ၊ ကျူးဘား၊ ပနားမား၊ ဘရားဇီး၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ အီကွေဒေါနှင့် အမေရိကန်တို့ ပါဝင်ကြောင်း သိရသည်။
 
“အမေရိကန်နိုင်ငံများအားလုံးဆို ရှစ်နိုင်ငံရှိတယ်။ အမေရိကန်နိုင်ငံများအားလုံး နဲ့ ပို့ကုန်မှာဆိုရင် ၂၈ သန်း ပို့ထားတယ်။ အဲဒီ ၂၈ သန်းမှာ အဓိက တင်ပို့တဲ့ အမေရိကန် နဲ့က ၂၃ သန်းရှိတယ်။ အများဆုံးတင်ပို့ တာက အမည်စုံပဲ” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
 
အလားတူ သွင်းကုန်အနေဖြင့်မူ အမေရိကန်နိုင်ငံများမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိကာ အမေရိကန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၃ သန်းဖိုး တင်သွင်းထားကြောင်း သိရသည်။
 
၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အမေရိကန်ကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၅၀ အထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က မြန်မာနဲ့ အမေရိကန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၅၅၀ ရခဲ့တာ ယခင်ကထက်ပိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ပါတယ်။ အဲဒီ သန်း ၅၅၀ မှာ အမေရိကန်ဘက်က ကုန်ပစ္စည်းတင်သွင်းမှုက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးအထိရှိခဲ့ပြီးတော့ ကျွန်တော်တို့ဘက်က အမေရိကန်ကို တင်ပို့နိုင်ခဲ့တာက ဒေါ်လာ သန်း ၅၀ ဖိုးပဲ ရှိခဲ့ပါတယ်”ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
 
ယင်းကဲ့သို့ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့မှုအနက် အဓိကအနေဖြင့် လူသုံးကုန်ပစ္စည်းများဖြစ်ကာ တန်ဖိုးအမေရိကန်ဒေါ်လာ  ၄၂၈ သန်းအထိ တင်သွင်းခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအား ဒေါ်လာ သန်း ၅၀ အထိလည်းကောင်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများအား တန်ဖိုးဒေါ်လာ ၂၁ သန်းဖိုးအထိ တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံအထိ ဝင်ရောက်ခဲ့ရာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ  ၇၃၆၂ သန်းကျော်ဖိုး ရှိခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် လယ်ယာထွက်ကုန်အပါအဝင် ပို့ကုန်အုပ်စု ခုနစ်မျိုးကိုတင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုများကို အဓိကတင်သွင်းနေခြင်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent