ဗဟိုဘဏ်၏ သတ်မှတ် နိုင်ငံခြားငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၂၀ အထိ မြင့်မားလာ

ဗဟိုဘဏ်၏ သတ်မှတ် နိုင်ငံခြားငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၂၀ အထိ မြင့်မားလာ
Published 17 July 2015
အောင်မြတ်ကို

ဇူလိုင် ၁၇ရက် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ကျပ်၁၂၂၀အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။
 
ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းသည် ၂၀၁၅ ခုနှစ် ဇွန်နှင့် ဇူလိုင်လဆန်းပိုင်းတွင် တန်ဖိုးတိုးမြှင့်သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့သည်။
 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက်များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက်မှစ၍ တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။
 
တန်ဖိုးမြင့်တက်နေသော ဒေါ်လာတန်ဖိုးသည် ဇူလိုင် ၃ ရက်မှ ၁၀ ရက် အထိ တစ်ဒေါ်လာ တန်ဖိုး ၁၁၂၅ ကျပ်အထိ ရှိခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ သို့ ၇၅ ကျပ် ထပ်မံတိုးမြှင့် သတ်မှတ်ထားသည်။ 
ဇူလိုင်၁၄ ရက်တွင် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာတန်ဖိုးမှာ ၁၂၀၅ ကျပ် ရှိလာပြီး ဇူလိုင် ၁၅ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာ ကျပ် ၁၂၁၀ အထိ မြင့်တက်လာသည်။ 
 
ဇူလိုင်၁၄ ရက်မှစ၍  ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် တစ်ရက်လျှင် ပျမ်းမျှ ငါးကျပ်မြင့်တက်လာပြီး ဇူလိုင် ၁၇ရက် တစ်ဒေါ်လာတန်ဖိုးမှာ ကျပ်၁၂၂၀ အထိ ရှိလာသည်။
 
ဇူလိုင် ၁၇ ရက်တွင်ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၂၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ကျပ်၁၂၅၂ ဝန်းကျင်၊ ဝယ်ဈေး ကျပ်၁၂၄၂ ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေး ၉၀၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၈၉၀ ကျပ်ဝန်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင် ရောင်းဈေး ကျပ် ၁၃၄၅ ဝန်းကျင်၊ ဝယ်ဈေး ၁၃၃၅ ကျပ် ဝန်းကျင်တွင် ရှိနေသည်။
 
ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် ဇူလိုင် ၃ ရက်မှစ၍ ဇူလိုင် ၁၀ ရက်အထိ ရောင်းဈေး ၁၁၃၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၃၄ ကျပ်ဝန်းကျင်သို့ မြင့်တက်လာခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ရောင်းဈေး ၁၂၀၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၉၈ ကျပ်ဝန်းကျင်သို့ တိုးမြှင့် သတ်မှတ်ထားသည်။ ဇူလိုင် ၁၇ ရက်တွင် ရောင်းဈေး ကျပ် ၁၂၃၀ ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၇ကျပ် ဝန်းကျင်တွင် ရှိနေသည်။
 
တရားဝင်ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate  ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate  ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။                                   

Most Read

Most Recent