နိုင်ငံရေးအကျဉ်းသား ၁၆၉ ဦး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၄၀၀ ကျော် တရားရင်ဆိုင်နေရဆဲဟု AAPP ထုတ်ပြန်

နိုင်ငံရေးအကျဉ်းသား ၁၆၉ ဦး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၄၀၀ ကျော် တရားရင်ဆိုင်နေရဆဲဟု AAPP ထုတ်ပြန်
Published 10 July 2015

၂၀၁၅ ဇွန်လကုန်အထိ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ၁၆၉ ဦး ထိန်းသိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၄၄၆ ဦး တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၉ ရက်တွင်ထုတ်ပြန်သည့်၂၀၁၅ ဇွန်လအတွင်း နိုင်ငံရေးအကျဉ်သားများအခြေအနေပြ လစဉ်အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။ဇွန်လအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၃ ဦး ထပ်မံတရားစွဲဆိုခံရပြီး ထိုထဲတွင် ဘုန်းကြီးတစ်ပါးလည်း ဖမ်းဆီးခံထားရကြောင်း ဖော်ပြထားသည်။ ထို့ပြင်တက်ကြွလှုပ်ရှားသူ ၁၇ ဦး ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်ခံခဲ့ရကြောင်း ထည့်သွင်းဖော်ပြထားသည်။ထို့အပြင် လက်ရှိအကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားလေးဦး၏ ကျန်းမာရေးအခြေအနေများ ဆိုးရွားလျက်ရှိကြောင်းလည်း ဖော်ပြထားသည်။    "ကျွန်တော်တို့ပြုစုရရှိတဲ့ အချက်အလက်တွေအရဆိုရင် နိုင်ငံရေးအကျဉ်းသားဦးရေက လျော့နည်းသွားခြင်းမရှိပါဘူး။ ဒီထဲမှာ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေလည်းပါဝင်တာဖြစ်တယ်" ဟု AAPP မှ ဦးအောင်မျိုးကျော်က ပြောကြားသည်။ယခုလအစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်းသည့် ဥပဒေပုဒ်မများမပါဝင်သော အကျဉ်းထောင်ဥပဒေကြမ်းအား အစိုးရမှထုတ်ပြန်ခဲ့သောကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ နိုင်ငံရေးအကျဉ်းသားများအား အကာအကွယ်ပြုသည့် သီးသန့်ဥပဒေများ ထည့်သွင်းရေးစွဲပေးရန် တောင်းဆိုခဲ့ကြောင်း ၊ လက်ရှိအခြေအနေတွင် အစိုးရမှ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများရှိနေခြင်းကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားများကိုလည်း ရာဇဝတ်သားများကဲ့သို့သာ ဆက်ဆံလျက်ရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အနေဖြင့်လည်း ဥပဒေအတွင်း ထည့်သွင်းစေချင်သည့် အချက်တစ်ချက်မှာ နိုင်ငံရေးအကျဉ်းသားများအား အလုပ်ကြမ်းပြစ်ဒဏ်ချမှတ်ခြင်း မပြုလုပ်ရန်ဖြစ်ကြောင်း သိရသည်ဟု ဖော်ပြထားသည်။    နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ကလည်း၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် ဇူလိုင် ၆ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ အကြံပြုစာပေးပို့ထားသည်။

Most Read

Most Recent