ယခုနှစ် နှစ်ဝက်အတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုနှင့် အခြားရာဇဝတ်မှု ကျူးလွန်သည့်ဖြစ်စဉ် ၅၆ မှုရှိလာပြီး အများစုမှာ ငွေကြေးလိုအပ်မှုကြောင့် ကျူးလွန်နေကြခြင်းဟု ဆို

ယခုနှစ် နှစ်ဝက်အတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုနှင့် အခြားရာဇဝတ်မှု ကျူးလွန်သည့်ဖြစ်စဉ် ၅၆ မှုရှိလာပြီး အများစုမှာ ငွေကြေးလိုအပ်မှုကြောင့် ကျူးလွန်နေကြခြင်းဟု ဆို
Published 5 July 2015
မင်းသိန်းနိုင်၊ အောင်ထက်ခိုင်

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုကျူးလွန်ခြင်း နှင့် အခြားရာဇဝတ်မှုများ ကျူးလွန်သည့်ဖြစ်စဉ်များမှာ ၅၆ မှုအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
 
ယင်းကဲ့သို့ ဆယ်ကျော်သက်လူငယ်များ အပါအဝင် ၂၀ ဝန်းကျင် လူငယ်များ ပြစ်မှုကျူးလွန်နေကြခြင်းမှာ ငွေကြေးလိုအပ်မှုများကြောင့် အများဆုံးကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။
 
“သက်ငယ်လူတွေဟာလည်း အုပ်စုဖွဲ့ပြီးတော့ ကျူးလွန်တာတွေ များလာတယ်၊ ဒီကလေးတွေဟာ ဂျလေဘီလေးတွေ၊ လျှောက်သွားတဲ့ အခြေအနေမဲ့ သဘောမျိုးပေါ့၊ မိဘတွေကလည်း မအုပ်ချုပ်နိုင် နေချင်ရာနေ သွားချင်ရာသွားနေတဲ့ ကလေးတွေပါ၊ အဓိက အထပ်မြင့်တိုက်တွေမှာတော့ ရာဇဝတ်မှုကျူးလွန်ဖို့ အလားအလာများပါတယ်၊ အသက်ကြီးတဲ့သူတွေ တစ်ယောက်တည်းနေတော့ အန္တ ရာယ်များပါတယ်။ အဲဒါကြောင့် ရာဇဝတ်မှုမဖြစ်အောင် မြို့နယ်မှူးကိုခေါ်ပြီး  ဖြစ်စဉ်တွေကို ပြည်သူတွေသိအောင် ချပြခိုင်းတယ်။ ပြီးတော့ တိုက်ခန်းတွေမှာ CCTV တပ်သင့်တဲ့အကြောင်း တိုက်ခန်းတစ်ခန်းနဲ့ တစ်ခန်း ထိန်းသိမ်းစောင့်ရှောက်မှုတွေ လိုတယ်လို့ ပြောလိုပါတယ်”ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက ဇူလိုင် ၃ ရက်က ပြောကြားသည်။
 
အဆိုပါကဲ့သို့ ဆယ်ကျော်သက်လူငယ်များ ငွေကြေးလိုအပ်မှုကြောင့် ရာဇဝတ်မှု ကျူးလွန်ခဲ့သည့်ဖြစ်စဉ်တစ်ခုမှာ ဇွန် ၂၇ ရက် ညပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် နေအိမ်တိုက်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သည့် အသက် ၈၀ ကျော်အရွယ် အဘိုးအိုတစ်ဦး အသတ်ခံရမှုဖြစ်သည်။
 
အဆိုပါ အဘိုးအိုအား သတ်ဖြတ်ခဲ့သူများမှာ သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၁၆ နှစ်မှ ၂၀ နှစ်အရွယ် လူငယ်လေးဦးဖြစ်ပြီး အုပ်စုဖွဲ့ လုံးထွေးသတ်ပုတ်ပြီး လက်၊ ခြေထောက်၊ လည်ပင်းတို့အား အဝတ်ဖြင့်ချည်နှောင်၍ မျက်နှာအား ဖက်ခေါင်းအုံးဖြင့် တစ်လှည့်စီဖိကာ သတ်ဖြတ်ခဲ့ပြီး ပိုက်ဆံများနှင့် အရောင်မျိုးစုံကျောက်များ ထည့်ထားသည့် ဘူးတစ်ဘူးအား ယူဆောင်သွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
 
ဆက်လက်၍ ဒုတိယရဲမှူးကြီး မြင့်ထွေး က “ဒီဖြစ်စဉ်ထဲမှာ ပါဝင်တဲ့ ဖိုက်ဇယ်ဆိုတဲ့ တစ်ယောက်က အဲဒီအဘိုးကြီးရဲ့ဆိုင်မှာ ပိုက်ဆံခိုးလို့ အလုပ်ထုတ်ခံရဖူးတယ်လို့ သိရတယ်။ သူတို့က အဘိုးကြီးတစ်ယောက်တည်းနေတာကို သိထားတယ်။ အဓိကက ငွေကြေးလိုအပ်ချက်ကြောင့်လည်း ပါမှာပေါ့။ သူတို့က လူငယ်တွေဆိုတော့ သွားချင်တယ်။ လာချင်တယ် စားချင်တယ်ပေါ့။ သူတို့နောက်မှာ ပံ့ပိုးမယ့်သူ မရှိဘူး။ မိဘတွေက ပေးကမ်းတာမရှိဘူး။ မိဘတွေကိုလည်း ပြန်မလှည့်ကြည့်ကြဘူး”ဟု  ပြောကြားသည်။
 
အဆိုပါလူငယ်များများ အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန်သည့်ဖြစ်စဉ်နည်းတူ ဧပြီ ၃၀ ရက်ကလည်း ကမာရွတ်မြို့နယ်တွင် လူငယ်လေးဦးက ၎င်းတို့၏ သူငယ်ချင်းတစ်ဦးကို လက်ကိုင်ဖုန်း ခိုးယူဖျောက်ဖျက်ထားမှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ အရက်အတူသောက်ရန်ခေါ်ပြီး မြကန်သာအိမ်ရာ အားကစားကွင်း၌ ဝိုင်းဝန်းထိုးကြိတ်ပြီး အရက်ပုလင်းနှင့် ခေါင်းအား ရိုက်သတ်ခဲ့သည့်ဖြစ်စဉ်၊ မေ ၂၁ ရက်တွင် ဆယ်ကျော်လူငယ် ငါးဦးက အငှားယာဉ်တစ်စီးဖြင့် အလုံမြို့နယ်အတွင်း အမျိုးသားသုံးဦးအား ဝိုင်းဝန်းထိုးကြိတ်ပြီး ပိုက်ဆံများနှင့် အိုင်တီပစ္စည်း လုယက်သွားမှု ဖြစ်စဉ်တို့လည်း ဖြစ်ပွားခဲ့သည်။
 
ထိုသု့ိ အလုံမြို့နယ်တွင်  ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သူ လူငယ်လေးဦးအား ဆက်လက်စစ်ဆေးရာတွင်လည်း အခြားလုယက်မှုများ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းလည်း သိရသည်။
 
အလားတူ ဇွန် ၄ ရက်တွင် သာကေတမြို့နယ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက တာမွေမြို့နယ်ရှိ တိုက်တစ်တိုက်၏ လှေကား၌ အမျိုးသမီးတစ်ဦးထံမှ ဓားထောက်ပြီး ရွှေဆွဲကြိုးနှင့် နားကပ် လုယက်သည့်ဖြစ်စဉ်၊ ဇွန် ၁၈ ရက်တွင် အင်းစိန်မြို့နယ်၌ ၁၉ နှစ် အရွယ် လူငယ်တစ်ဦးက နေအိမ်တစ်အိမ်က ငွေကျပ် ၃၅သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း၊ လက်ကိုင်ဖုန်းများ ခိုးယူသွားသည့်ဖြစ်စဉ်တို့လည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
 
ထိုသို့ ဆယ်ကျော်သက် လူငယ်အများစု ရာဇဝတ်မှုများ ဆက်တိုက်ဆိုသလို ကျူးလွန်နေကြသည့် ဖြစ်စဉ်များနည်းတူပင် ဇွန် ၂၇ ရက် ညပိုင်းတွင် ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်ကိုလည်း အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက မျက်နှာဖုံးစွပ်၍ ဖောက်ထွင်းပြီး ငွေကျပ်သိန်း ၁၄၀ ကျော်တန်ဖိုးရှိ နားကပ်၊ နားဆွဲများ ခိုးယူသွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သူ လူငယ်များကိုလည်း သက်ဆိုင်ရာမှ ဖမ်းဆီးပြီး အသီးသီးအမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
“ဒီလိုဖြစ်စဉ်တွေ မဖြစ်အောင် ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ ပညာပေးဟောပြောမှုတွေ လုပ်တယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို သေသေချာချာထိန်းသိမ်းဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ပစ္စည်းတွေ လုံခြုံစွာထားဖို့ လိုပါတယ်”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက ဆက်လက်ပြောကြားသည်။
 
အဆိုပါကဲ့သို့ သက်ငယ်ရာဇဝတ်မှု ကျူးလွန်နေမှုများမှာ ၂၀၁၃ ခုနှစ်တွင် ၇၉ မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၁၇ မှုအထိဖြစ်ပွားရခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ဝက်တွင်ပင် ၅၆ မှုအထိရှိ လာနေပြီဖြစ်ကြောင်းလည်း သိရသည်။
 

Most Read

Most Recent