ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း
Published 4 July 2015
ယဉ်မျိုးသွယ်

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး  တံတားဦးအဝိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍  ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
 
“E-Lite Express ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲတဲ့ ယာဉ်လိုင်းကိုပဲ ပြေးဆွဲခွင့် ပိတ်တာပါ။ E-Lite နာမည်နဲ့ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် လုံးဝမရှိတော့ပါဘူး။ ရာသက်ပန် ပိတ်သိမ်းလိုက်တာပါ”ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း က ယာဉ်လိုင်းပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။
 
မေ ၃၁ ရက်က E-Lite Express ယာဉ် အသင်း 2G/7504  ယာဉ် ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်၌ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/ဝ) တံတားဦးအဝိုင်းတွင် တိမ်းမှောက်ခဲ့သည့်ဖြစ်စဉ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပိတ်သိမ်းရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ထိုတိမ်းမှောက်မှုဖြစ်စဉ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရအဖွဲ့ညွှန်ကြားချက်ဖြင့် အရေးယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောကြားသည်။
 
ရန်ကုန်မှ ပြင်ဦးလွင်သို့ မေ ၃၁ ရက်က ခရီးသည် ၄၅ ယောက်ဖြင့် ထွက်ခွာလာသည့် E-Lite Express မော်တော်ယာဉ်သည့် နံနက် ၃ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး မိုင်တိုင်အမှတ် ၃၅၇/၀ တံတားဦးအဝိုင်းကို ယာဉ်မောင်းအိပ်ငိုက်ပြီး  ဝင်တိုက်မှုကြောင့် ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်သော ယာဉ်လိုင်းပိတ်သိမ်းကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။ E-Lite Express မော်တော်ယာဉ်လိုင်းသည် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်သုံးခု ပြေးဆွဲနေကြောင်း သိရသည်။
 
ယခုကဲ့သို့ ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သိမ်းခြင်းကဲ့သို့ ၂၀၁၄ ခု နှစ် မေ ၁၂ ရက်က မိုင်တိုင်အမှတ် (၁၉၇/၆) အနီးတွင် တိမ်းမှောက်ပြီး ခရီးသည် ၁၄ ဦး သေဆုံးခဲ့သည့် ရာဇာမင်းခရီးသည်တင် ယာဉ်လိုင်းအား နေ ပြည်တော် ကုန်းလမ်းပို့ဆောင်ရေးက အဆိုပါအသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ပြေးဆွဲခွင့်အား ၂၀၁၄ ခုနှစ် မေ ၁၅ ရက်မှ စတင်ကာ ခရီးစဉ်ပြေးဆွဲခွင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent