ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲ၍ အမှိုက်သိမ်းခတိုးမြှင့်မည့် အစီအစဉ် မြို့နေလူထု ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် အစီအစဉ်ရပ်ဆိုင်း

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲ၍ အမှိုက်သိမ်းခတိုးမြှင့်မည့် အစီအစဉ် မြို့နေလူထု ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် အစီအစဉ်ရပ်ဆိုင်း
Published 4 July 2015
ကျော်ထင်

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲပြောင်း၍ အမှိုက်သိမ်းဆည်းခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ရန်ကုန်မြို့နေလူထု၏ ဆန္ဒသဘောထား ကောက်ခံရာ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် လွှဲပြောင်းမည့်အစီအစဉ် အားရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
 
ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းရေးအတွက် တင်ဒါခေါ်ယူခဲ့ရာ  ကုမ္ပဏီခုနစ်ခု တင်ဒါတင်သွင်းခဲ့ကြောင်း၊ အဆင့်ဆင့် စိစစ်ရွေးချယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ အစိုးရအဖွဲ့အစည်းအဝေးအရ Zeya & Associates ကုမ္ပဏီနှင့် TYTC Servies  ကုမ္ပဏီတို့ တင်ဒါအောင်မြင်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီမှဆောင်ရွက်မည့် အစီအစဉ်များနှင့် တိုးမြှင့်ကောက်ခံမည့် အမှိုက်သိမ်းဆည်းခများကို မေ ၁၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရန်ကုန်မြို့နေလူထု၏ သဘောထားကို ကောက်ခံခဲ့ကြောင်း သိရသည်။
 
ရန်ကုန်မြို့နေပြည်သူများ၏ ဆန္ဒသဘောထားကို ကောက်ယူရာတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းရေးကို ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူခဲ့ဘဲ ၁၉ ဒသမ ၈ ရာခိုင်နှုန်းသာ သဘောတူပြီးကြောင်း၊ ထို့အတွက် ပုဂ္ဂလိကသို့ မလွှဲတော့ဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသာ ဆက်လက်လုပ်ဆောင်မည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိကကို လွှဲပြောင်းမည့်အစီအစဉ်တွင် အမှိုက်သိမ်းစနစ်များကို လက်ရှိထက်ကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဆိုသော်လည်း အမှိုက်သိမ်းဆည်းခ (သန့်ရှင်းရေးဆောင်ရွက်ခ) အဖြစ် မြို့တွင်းမြို့နယ်များတွင် လက်ရှိစည်ပင်က ကောက်ခံနေသည့် တစ်လ ကျပ် ၆၀၀မှ ကုမ္ပဏီများက ကျပ် ၁၆၀၀ သို့ လည်းကောင်း၊ မြို့တွင်း ဆက်စပ်မြို့နယ်များတွက် လက်ရှိတစ်လလျှင် ကျပ် ၄၅၀ မှ ကျပ် ၁၄၀၀ သို့လည်းကောင်း၊ ဆင်ဖြေဖုံးမြို့ နယ်များအတွက် လက်ရှိ တစ်လလျှင် ကျပ် ၃၀၀ မှကျပ် ၁၂၀၀ သို့ တိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းနှုန်းထားတိုးမြှင့်မည့်အပေါ် ရန်ကုန်မြို့နေပြည်သူအများစုက သဘောမတူခဲ့ကြခြင်းဖြစ်သည်။
 
ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကသာ ဆက်လက်တာဝန်ယူ လုပ်ကိုင်မည်ဖြစ်သဖြင့် အမှိုက်သိမ်းစနစ်များကို အဆင့်မြှင့်တင်မှုများပြုလုပ်ရန်ရှိသည်ဟု ဆိုသည်။
 
“အခုထက် အဆင့်မြှင့်ဖို့ ရှိပါတယ်။ လွန်ခဲတဲ့ နှစ်နှစ်ကတည်းက  မြို့တွင်းနဲ့ အချို့ နေရာတွေက အမှိုက်ကန်တွေကို ဖျက်သိမ်းပြီး အမှိုက်ပုံးတွေနဲ့ အစားထိုးခဲ့တယ်။ အမှိုက်ပုံးတွေကို အစားထိုးတာက အခု အမှိုက်ပုံးတွေကို တိုက်ရိုက်ချိတ်ဆွဲပြီး အမှိုက်သိမ်းတဲ့ ကားတွေနဲ့ စနစ်ကိုစလုပ်နေပြီ။ သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ လုပ်စရာမလိုတော့ဘူးပေါ့။ အမှိုက်သိမ်းကားအသစ်တွေ၊ အမှိုက်ပုံးအသစ်တွေလည်း ဝယ်ဖို့ရှိပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
ရန်ကုန်မြို့တွင် တစ်နေ့အမှိုက် တန် ၁၆၀၀ ထွက်ရှိပြီး နေ့စဉ် အမှိုက်သိမ်းချိန် အဖြစ် နံနက်  ၆ နာရီ မှ  ၁၀  နာရီအထိ တစ်ကြိမ်၊ ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ တစ်ကြိမ် သိမ်းဆည်းနေကြောင်းနှင့် အမှိုက်သိမ်းဆည်းခအဖြစ် မြို့တွင်းခြောက် မြို့နယ်အတွက် တစ်လကျပ် ၆၀၀၊   မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များအတွက် တစ်လလျှင် ကျပ် ၄၅၀ နှင့် ဆင်ခြေဖုံးမြို့နယ်များအတွက် တစ်လလျှင် ကျပ် ၃၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး ရန်ကုန်မြို့တွင် အိမ်ထောင်စုယူနစ် ခုနစ်သိန်းကျော်အနက် အမှိုက်သိမ်း ဆည်းခ ကောက်ခံရရှိသည့် အိမ်ထောင်စု ယူနစ် သုံးသိန်းကျော်သာရှိသည်ဟု ဆိုသည်။
                                   

Most Read

Most Recent