အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ၂၄ နှစ်အောက်လူငယ်များ အခမဲ့တက်ရောက်ခွင့်ပြုရန် စီစဉ်

အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ၂၄ နှစ်အောက်လူငယ်များ အခမဲ့တက်ရောက်ခွင့်ပြုရန် စီစဉ်
Published 4 July 2015
ထွယ်ဆန်အောင်

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အသက် ၂၄ နှစ်အောက် လူငယ်များအား အခမဲ့တက်ရောက်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။
 
ယင်းညီလာခံတွင် နိုင်ငံတကာအသီးသီးမှ ပညာရှင်များ၊ လူငယ်များ တက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံမှလူငယ်များအတွက်လည်း ယင်းညီလာခံတက်ရောက်ရန် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ကာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အဖွဲ့မှ ကုန်ကျစရိတ်များအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
 
ယင်းညီလာခံကို မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှုးကျင်းပပြီးအခြား ပြည်တွင်းပြည်ပအဖွဲ့ အစည်းအသီးသီးမှလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ညီလာခံကို  ၂၀၁၆ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး လေးရက်တာညီလာခံ တက်ရောက်ရန်အတွက် စာရင်းပေးသွင်းသည့် ကာလပေါ်တွင်မူတည်ကာ မြန်မာနိုင်ငံသားတစ်ဦးလျှင် တစ်သိန်းမှ တစ်သိန်းခွဲအထိ သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၄၀၀ မှ ၅၀၀ ထိ သတ်မှတ်ထားကာ အသက်၂၄ အောက်ဖြစ်ပြီး ကျောင်းသားဖြစ်ပါက မြန်မာနိုင်ငံသားတစ်ဦးလျှင် ၇၅၀၀၀ နှင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
 
ညီလာခံကျင်းပရေးအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပမှ အသက် ၂၄ အောက် လူငယ် ၅၀ ကို ရွေးချယ်ကာ အခမဲ့ တက်ရောက်ခွင့်ပေးမည်ဖြစ်သလို (UNFPA) အဖွဲ့မှလည်း ၎င်းတို့စီမံချက်နယ်မြေ ၈၉ မြို့နယ်ရှိ ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် လူထုအခြေပြုအဖွဲ့အစည်းမှ စေတနာရှင် လုပ်အားပေးသူတစ်ဦးနှုန်းဖြင့် မြို့နယ်တစ်ခုလျှင် နှစ်ဦးနှုန်းနှင့် အသက် ၂၄ အောက် လူငယ် ၅၀ တို့ကိုရွေးချယ်ကာ ယင်းညီလာခံ တက်ရောက်ရန်အတွက် ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးမည်ဟု သိရသည်။
 
ယင်းညီလာခံ အခမဲ့တက်ရောက်ခွင့်ရရန် လျှောက်ထားလိုသူများအနေဖြင့် www.mm8apcrshr.org  website နှင့် www. unfpa.org  website တို့ တွင် ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ကြောင်း သိရသည်။
 
ယင်းညီလာခံကို လုပ်ငန်းစဉ်ကဏ္ဍ ၁၀ ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး လူငယ်ကဏ္ဍတစ်ရပ်ကိုလည်း ထည့်သွင်းမည်ဖြစ်ကာ ပွဲတွင် မျိုးဆက်ပွား၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပြခန်းများ၊ စာတမ်းဖတ်ပွဲများ၊ တိုင်းရင်းသားရိုးရာပြခန်းများ၊ အမျိုးသမီးရေးရာမှ ဆောင်ရွက်နေသည့် ပြခန်းများ စသည့်ပြခန်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် အဆိုပါပွဲ၌ ဖတ်ကြားရန် မိခင်နှင့်ကလေး၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်သည့် စာတမ်းများကို ပေးပို့ရန် ဖိတ်ခေါ်ထားပြီး လက်ရှိအချိန်ထိ ပြည်တွင်းပြည်ပမှ စာတမ်းတင်သွင်းမှုမှာ ၂၇ စောင်ခန့်သာ ရှိသေးပြီး စာတမ်းများကို စက်တင်ဘာ ၃၀ တွင် နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါညီလာခံကို ၂၀၀၁ ခုနှစ်မှ စတင်ကျင်းပခဲ့ကာ အာရှဖစိဖိတ်ဒေသများအတွင်း နှစ်နှစ် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ၂၀၀၁ တွင် ဖိလစ်ပိုင်၊၂၀၀၃ တွင် ဘန်ကောက်၊ ၂၀၀၅ တွင် မလေးရှား၊ ၂၀၀၇ တွင် ဟိုက်ဒရာဘက်၊ ၂၀၀၉ တွင် ပေကျင်း၊ ၂၀၁၁ တွင် အင်ဒိုးနီးရှားနှင့် ၂၀၁၄ တွင် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
 
 

Most Read

Most Recent