မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကူညီပံ့ပိုးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့်အတူ UOB ၏ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲ စတင်ဖွင့်လှစ်

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကူညီပံ့ပိုးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့်အတူ UOB ၏ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲ စတင်ဖွင့်လှစ်
Published 2 July 2015
အငယ်ထွေး၊ နီလာ

လာမည့် ၁၂ လအတွင်း မိတ်ဆွေလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့်အတူ UOB ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကို ဇူလိုင် ၂  ရက်တွင် ရန်ကုန်မြို့ Park Royal  တွင်  စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“UOB အနေနဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ရုံးခွဲပေါင်း ၅၀၀ ကို ဖွင့်လှစ်ထားပြီးပါပြီ။ ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ဘဏ်ခွဲ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ  နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရတဲ့ ဘဏ်ကိုးဘဏ်ထဲမှာ ပါဝင်တဲ့အတွက် အခုလို UOB ရဲ့ရုံးခွဲကို လာရောက်ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု သော်လည်းကောင်း၊ ဖက်စပ်လုပ်ငန်းတွေကို သော်လည်းကောင်း၊ လိုအပ်တဲ့ငွေကြေး ထောက်ပံ့မှုတွေ လုပ်ပေးဖို့ ရည်ရွယ်ပါတယ်။ UOB အနေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်ကလည်း ရုံးခွဲဖွင့်လှစ် လုပ်ဆောင်ခဲ့ဖူးပါတယ်” ဟု Ian Wong, Head of Group Strategy and International Management က အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ အပါအဝင် အာရှနှင့် ဥရောပဒေသများတွင် အခြေစိုက်သော စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံရန်ရှိနေပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် စက်ရုံ၊ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ဆောက်လုပ်ခြင်းများတွင် တိုက်ရိုက်ရင်းနှီး မြှုပ်နှံသွားမည် ဖြစ်သောကြောင့် UOB အနေဖြင့် အဆိုပါ စီမံကိန်းများအတွက် လိုအပ်သော အရင်းအနှီးများနှင့် ချေးငွေများအား ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသည်။
အလားတူ UOB အနေဖြင့် စွမ်းအင်ကဏ္ဍတွင် လုပ်ဆောင်လျက်ရှိသော စီးပွားရေး လုပ်ငန်းများစွာကိုလည်း ချေးငွေများ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများတွင် စင်ကာပူနိုင်ငံမှ Asiatech Energy လုပ်ငန်းစုလည်း အပါအဝင်ဖြစ်ပြီး ထိုလုပ်ငန်းသည် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် UOB အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဌာနကို ဖွင့်လှစ်ခဲ့ပြီး အာရှဒေသတွင်း UOB မှဖွင့်လှစ်ထားသည့် ယင်းကဲ့သို့ ဌာနပေါင်းကိုးခု ရှိပြီဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဌာနမှတစ်ဆင့်UOB သည် အာရှဒေသတွင်း စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ခဲ့သော ကုမ္ပဏီပေါင်း ၅၀၀ ထက်မနည်းကို လိုအပ်သော အကူအညီများ ပံ့ပိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂ ရက်တွင် UOB ရန်ကုန်ရုံးခွဲဖွင့်လှစ်သည့် အခမ်းအနားကို စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr.TEO Chee Hean တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent