မလေးရှားနိုင်ငံမှ ရဟတ်ယာဉ်တစ်စင်း တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

မလေးရှားနိုင်ငံမှ ရဟတ်ယာဉ်တစ်စင်း တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ
Published 1 July 2015
ဖြိုးဇင် (ထားဝယ်)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာလာသော KULIARCHAR GROUP တံဆိပ်ပါ 9M-NKX ရဟတ်ယာဉ် တစ်စင်းသည် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်ခွဲ အတွင်းရှိ ကံပေါက်-နတ်အိမ်တောင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၅၈ ဒသမ ၅ ကီလိုမီတာ အနီးတွင် ပြီးခဲ့သည့် ဇွန် ၂၇ ရက်က အရေးပေါ် ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။လူလေးဦး လိုက်ပါစီးနင်းနိုင်သည့် ယင်းရဟတ်ယာဉ်တွင် မလေးရှားနိုင်ငံသား လေယာဉ်မှူး နှစ်ဦးနှင့် စက်ပြင်တစ်ဦး လိုက်ပါလာကြောင်း ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် ကံပေါက်ဒေသရှိ သဘာဝဓာတ်ငွေ့ အခြေစိုက်စခန်းများမှ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့တင်ပို့ရာ လမ်းကြောင်းဖြစ်သော ကံပေါက်-နတ်အိမ်တောင်(သီးသန့်လမ်း) ၅၈ ဒသမ ၅ ကီလိုမီတာရှိ ဇောတိကနှင့် ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုဆုံရာအနီး မြေကွက်လပ်ပေါ်သို့ ရာသီဥတု အခြေအနေကြောင့် အရေးပေါ် ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည့် မလေးရှားနိုင်ငံမှ ရဟတ်ယာဉ်အား တွေ့ရစဉ်
“ဒီရဟတ်ယာဉ်က မလေးရှားကနေ လာတာလို့သိရတယ်။ ရဟတ်ယာဉ်က လေးယောက်စီး အမျိုးအစားဖြစ်ပြီး မလေးရှားနိုင်ငံသား သုံးဦး လိုက်ပါလာတာ တွေ့ရတယ်။ သူတို့ကို မေးမြန်းချက်အရ ထားဝယ် ရန်ကုန် ခရီးစဉ်လို့ ပြောတယ်။ ဒါပေမဲ့ အခုသူတို့ အရေးပေါ် ဆင်းခဲ့တဲ့ ဒီနယ်မြေက ကန့်သတ်နယ်မြေဖြစ်ပြီး ဘာလို့ ထားဝယ်ကွင်းက မပြောလိုက်ရတာလဲဆိုတာ တွေးစရာ ဖြစ်ပါတယ်။ ပြီးတော့ ဒီပျံသန်းမှုက Ground test flight လို့ခေါ်တယ်။ မြေပြင်အမှတ်အသားကြည့် ပျံသန်းခြင်းပေါ့။ ဒါမျိုးဆို ရာသီဥတုကလည်းကောင်းမှ လေကြောင်းလမ်းပြလည်းပါမှ ပျံသန်းရတာမျိုးပါ။ အခုက ဒီအတိုင်း ပျံသန်းတယ်ဆိုတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုက အနီးအနားက တပ်တွေ မသိဘူး။ ဒီနေရာမှာ တခြားလေယာဉ်ဆို ဘယ်လိုလုပ်မလဲ” ဟု ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ခဲ့သည့် နေရာသို့ သွားရောက်ခဲ့သော ဒေသခံတစ်ဦးက ထားဝယ်အခြေစိုက် မီဒီယာများကို ပြောကြားသည်။ ၎င်းရဟတ်ယာဉ်မှာ ကွာလာလမ်ပူ-ပတ္တရား-ရနောင်း-မြိတ်-ထားဝယ်-ရန်ကုန်-မွန်ဘိုင်း-ကာတာ ခရီးစဉ်ဖြစ်ကြောင်း ရဟတ်ယာဉ်အား ကာတာနိုင်ငံသို့ ပို့ဆောင်ရန်ဖြစ်သည်ဟု ရဟတ်ယာဉ်တွင် လိုက်ပါလာသူများက ပြောကြားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ထားဝယ်လေဆိပ်တာဝါမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းခဲ့ရာ မအားသေးကြောင်း ပြောကြားခဲ့ပြီး နောက်နေ့ရက်မှ လာရောက်မေးမြန်းပါဟု ပြန်လည်ဖြေကြားခဲ့သည်။ ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ခဲ့သည့် ဒေသဖြစ်သော ကလိန်အောင်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ အရာရှိတစ်ဦးက “ဒီဖြစ်ရပ် အသေးစိတ်ကို ရဲမှူးပဲ သိပါတယ်။ အခုတော့ ရဲမှူးက အပြင်ထွက်သွားလို့ စခန်းမှာ မရှိသေးပါဘူး။ အရေးပေါ် ဆင်းသက်ခဲ့တဲ့ ရဟတ်ယာဉ်က မလေးရှားနိုင်ငံကနေ လာရောက်တာဖြစ်ပြီး ထားဝယ်လေဆိပ်မှာ ဆီဖြည့်ရပ်နားပြီး ရန်ကုန်ကို အသွားလမ်းမှာ ရာသီဥတု ဆိုးရွားပြီး ဆီလုံလောက်မှု မရှိတော့တာကြောင့် ကားလမ်းနဲ့ နီးရာမှာ အရေးပေါ် ဆင်းသက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရဟတ်ယာဉ်ကို ရန်ကုန်ပို့မယ်လို့ သိရတယ်။ အရေးပေါ်ဆင်းပြီး နောက်တစ်နေ့မှာပဲ ထားဝယ်ကို ပြန်ထွက်သွားပါတယ်။ ကျွန်တော်တို့သိတာ ဒီလောက်ပါပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။      

Most Read

Most Recent