Pullman ဟိုတယ် ငြမ်းပြိုကျမှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သော ပိုက်ငြမ်းများမှာ မျက်မြင်အခြေအနေအရ ပိုက်ငြမ်းအဖြစ် အသုံးပြုရန် ခံနိုင်ရည် လုံလောက်မှု မရှိနိုင်ဟု ယူဆရကြောင်း စိစစ်ရေးကော်မတီ အစီရင်ခံစာတွင် ဖော်ပြ

Pullman ဟိုတယ် ငြမ်းပြိုကျမှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သော ပိုက်ငြမ်းများမှာ မျက်မြင်အခြေအနေအရ ပိုက်ငြမ်းအဖြစ် အသုံးပြုရန် ခံနိုင်ရည် လုံလောက်မှု မရှိနိုင်ဟု ယူဆရကြောင်း စိစစ်ရေးကော်မတီ အစီရင်ခံစာတွင် ဖော်ပြ
Published 1 July 2015
ငြိမ်းဇော်လင်း၊ ယဉ်မျိုးသွယ်

မန္တလေးမြို့ မင်္ဂလာမန္တလေး အိမ်ရာစီမံကိန်း အတွင်းရှိ Pullman ဟိုတယ် ငြမ်းပြိုကျမှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သော ပိုက်ငြမ်းများမှာ မျက်မြင်အခြေအနေအရ ပိုက်ငြမ်းအဖြစ် အသုံးပြုရန် ခံနိုင်ရည် လုံလောက်မှု မရှိနိုင်ဟု ယူဆရကြောင်း စည်ပင်သာယာရေးကော်မတီ စိစစ်ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ ပိုက်ငြမ်းများသည် Axial load ကိုသာ ခံနိုင်ပြီး Lateral Force ကို ခံနိုင်ရည် မရှိနိုင်သည့် ပိုက်ငြမ်းများဖြစ်သည်ဟု စင်ကာပူနိုင်ငံ ပညာရှင်များမှ သုံးသပ်ထားသည့်အပြင် မျက်မြင်အခြေအနေအရလည်း ပိုက်ငြမ်းအဖြစ် အသုံးပြုရန် ခံနိုင်ရည်လုံလောက်မှု မရှိဟု ယူဆရသဖြင့် ၎င်းပိုက်ငြမ်းများ၏ အရည်အသွေးကို စစ်ဆေးရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် သုံးသပ်တင်ပြထားသည်။ငြမ်းဆင်ခြင်းအတွက် ဒီဇိုင်းတွက်ချက်ထားခြင်း မရှိသဖြင့် လက်ရှိပိုက်ငြမ်းများသည် အပေါ်မှ လောင်းတင်မည့် ကွန်ကရစ်၏ ဝန်အားကို ခံနိုင် ရှိမရှိ ဒီဇိုင်းကို ပြန်လည်စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။ထို့ပြင် မြေညီထပ်ကြမ်းခင်းကို ကွန်ကရစ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားခြင်း မရှိဘဲ မြေကြီးသာ ဖြည့်ထားပြီး ၎င်းမြေသားပေါ်တွင် သုံးလက်မခွဲ × သုံးလက်မခွဲ သစ်သားတန်းခံ၍ သံပိုက်ငြမ်းတိုင်များ ထောင်ထားခြင်း၊ AG Pump ဖြင့် လောင်းရာတွင် အလွှာလိုက်၊ အပိုင်းလိုက်ဖြင့် စနစ်တကျ လောင်းမှုမရှိခြင်း၊ ပိုက်ငြမ်းများ၏ အဆက်ပစ္စည်းများဖြစ်သည့် Joint ဆက်ခေါင်းများသည် ကျွတ်ဆတ်၍ ညံ့ဖျင်းခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများ သုံးစွဲမှု အားနည်းခြင်း၊ ဖို့မြေပေါ်တွင် သစ်သားတန်းခံ၍ သံပိုက်ထောက်ထားခြင်းကြောင့် အခြေခိုင်ခံ့မှု မရှိခြင်းများ စသည်တို့ကို စစ်ဆေးတွေ့ရှိကြောင်း ဖော်ပြထားသည်။“ငြမ်းဒီဇိုင်း လုံးဝမရှိဘူး။ လုပ်ငန်းခွင် အန္တရာယ် အသိကို အလုပ်သမားရော ကြီးကြပ်သူတွေမှာပါ မရှိဘူး။ နောက်ပြီး အန္တရာယ်ဖြစ်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စီမံချက် မရှိပါဘူး။ ကွန်ကရစ်လောင်းနေစဉ် အဲဒီအောက်ကို လုံး၀ လူမဝင်ရပါဘူး။ ကွန်ကရစ် လောင်းမယ်ဆိုရင် အဲဒီဧရိယာကို ကြီးကြပ်သူက အရင်စစ်ဆေးရတယ် လူတစ်ယောက်မှ မရှိဖို့၊ ငြမ်းဆင်သူက အာမခံလက်မှတ် ထိုးရတယ်။ အခုက ဒဏ်ရာရတာ ၂၂ ယောက်ဆိုတော့ အဲဒီ ဧရိယာထဲ အလုပ်သမား ဘယ်နှဦး အလုပ်ဝင်လုပ်နေလဲဆိုတာ မသိဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ ဖြစ်တဲ့အကြောင်းရင်းရယ်၊ အားနည်းချက်တွေရယ်၊ တွေ့ရှိချက်တွေကို တင်ပြရတယ်။ နောက်မဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြုံပြုချက်တွေ ထည့်သွင်းတင်ပြထားပါတယ်” ဟု စစ်ဆေးရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် New Star Light & CAD ကုမ္ပဏီတို့ တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆို၍ ဆောင်ရွက်ခဲ့သော မင်္ဂလာမန္တလေး စီမံကိန်းတွင် ပါဝင်သော အဆောက်အအုံများ အနက်မှ သဘောတူစာချုပ်အရ ကုမ္ပဏီမှ ရရှိမည့် အဆောက်အအုံ တစ်ခုဖြစ်သော PullMan Mandalay Hotel တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ရေကူးကန်အဖြစ် အသုံးပြုမည့် ပထမထပ်ကြမ်းခင်း ကွန်ကရစ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ဇွန် ၂၀ ရက်က ကြမ်းခင်းအောက်ခံငြမ်းထောက် ပြိုကျကာ နှစ်ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent