ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်မြို့လယ်ကောင်၌ ဆန္ဒပြခဲ့ကြသည့် တကသ ကျောင်းသားခေါင်းဆောင်များကို ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်မြို့လယ်ကောင်၌ ဆန္ဒပြခဲ့ကြသည့် တကသ ကျောင်းသားခေါင်းဆောင်များကို ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
Published 1 July 2015
အောင်ကျော်ထက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် ရန်ကုန်မြို့လယ်ကောင်တွင် ဇွန် ၃၀ ရက်က ကျောင်းသားနှင့် ပြည်သူ ပူးပေါင်း၍ ဆန္ဒပြခဲ့ကြပြီး ဦးဆောင်ခဲ့သည့် တကသ ကျောင်းသားခေါင်းဆောင်များကို ၎င်းတို့ ဖြတ်ကျော်ဆန္ဒပြခဲ့သည့် ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဇူလိုင် ၁ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်မှူးထံမှ သိရသည်။“ခွင့်ပြုမိန့်နဲ့ ဆန္ဒထုတ်ဖော်ခြင်း မဟုတ်တာကြောင့် ပုဒ်မ-၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ဖြတ်ကျော်ခဲ့တဲ့ ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်တို့မှ ဖွင့်ထားတာပါ။ တကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ အပါအဝင် ကျောင်းသားခေါင်းဆောင် ငါးဦးကို အမှုဖွင့်ထားတာပါ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။အဆိုပါ ဆန္ဒပြပွဲကို ယင်းနေ့ ညနေ ၃ နာရီခန့်တွင် မဟာဗန္ဓုလလမ်းအတိုင်း သိမ်ကြီးဈေးရှေ့တွင် လူစုပြီး ရန်ကုန်မြို့တော် ခန်းမရှေ့သို့ ချီတက်ဆန္ဒပြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လမ်းတစ်လျှောက် သုံးကြိမ်ပိတ်ဆို့ တားဆီးခဲ့ပြီး နောက်ဆုံးအကြိမ် တားဆီးမှုတွင် တစ်ဖက်နှင့် တစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကာ ဆန္ဒပြသူများမှ အတားအဆီးများမရှိသည့် လမ်းတစ်ဖက်မှ ဖောက်ထွက်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့သို့ ရောက်အောင်ချီတက်ခဲ့သည်။“ကျွန်တော်တို့ ခွင့်ပြုမိန့်တင်တော့ရော ပေးမှာမှ မဟုတ်တာ။ ဘာကြောင့် တင်မှာလဲ။ ပုဒ်မ-၁၈ ကိုလည်း အယုံအကြည် မရှိဘူး။ နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ်ဆန္ဒကို ထုတ်ဖော်ခဲ့တာပါ” ဟု ကိုဇေယျာလွင်က ပြောကြားသည်။အဆိုပါ ဆန္ဒပြပွဲကို တားဆီးရာတွင် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အရာရှိများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးတို့က အဆင့်ဆင့် ပိတ်ဆို့တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent