ကချင်ဆရာမနှစ်ဦး အမှုကိစ္စနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်များ တင်ပြမှုအပေါ် ရဲတပ်ဖွဲ့မှ အလေးထားစစ်ဆေး ဆောင်ရွက်မှု မရှိကြောင်း သိရ

ကချင်ဆရာမနှစ်ဦး အမှုကိစ္စနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်များ တင်ပြမှုအပေါ် ရဲတပ်ဖွဲ့မှ အလေးထားစစ်ဆေး ဆောင်ရွက်မှု မရှိကြောင်း သိရ
Published 1 July 2015
အောင်သူ

စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့၍ လေ့လာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ကော်မတီ၏ တွေ့ရှိချက်များကို ရဲတပ်ဖွဲ့မှ အလေးထားစစ်ဆေး ဆောင်ရွက်ပေးမှု မရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ကချင်ဆရာမနှစ်ဦး အမှုကိစ္စနှင့် ပတ်သက်၍ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ အမှုစစ် အဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့်အတူ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ငါးလကျော် ကြာမြင့်သည်အထိ ကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။“ကျွန်တော်တို့ကော်မတီ အဖွဲ့ထဲမှာပါတဲ့ ရှေ့နေတွေရဲ့ စစ်ဆေးချက်၊ ထွက်ဆိုချက်တွေကို ရဲတပ်ဖွဲ့အနေနဲ့ ထည့်သွင်းစဉ်းစားပြီး အလေးထား လုပ်ဆောင်ပေးတာ မရှိဘူး။ ကျွန်တော်တို့အဖွဲ့ကပဲ ဒီအမှုကို နှောင့်နှေးအောင် လုပ်သလို ပုံစံမျိုး ပြောဆိုလာတယ်။ ကော်မတီအနေနဲ့ ရွာကလူ ၄၁ ဦးကို စစ်ဆေးတဲ့အခါ တရားခံလို့ ယူဆရတဲ့သူတွေ တွေ့ပါတယ်။ အဲဒီ တွေ့ရှိတဲ့ အချက်အလက်တွေကိုလည်း ရဲတပ်ဖွဲ့ကို ပေးပို့ထားပါတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။“ဆရာမနှစ်ဦး အမှုကို စုံစမ်းစစ်ဆေးမှုတွေ အများကြီး လုပ်နေတာ မပြီးသေးပါဘူး။ DNA အဖြေကလည်း ပြန်မရသေးပါဘူး။ အဲဒီ ရွာဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လောလောဆယ် အနေအထားမှာ ထူးခြားမှု မရှိသေးပါဘူး” ဟု မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးက ပြောကြားသည်။
စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦး နေထိုင်ရာအိမ်အတွင်းရှိ ဓာတ်ပုံများအား တွေ့ရစဉ်
ဆရာမနှစ်ဦး အမှုမှန် အမြန်ဆုံး ပေါ်ပေါက်နိုင်ရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် စုံစမ်းရေးကော်မတီအဖွဲ့ဝင် ရှေ့နေများနှင့် နိုင်ငံတကာ သံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့တွင် တွေ့ဆုံမှု ပြုလုပ်သွားမည်ဖြစ်ပြီး မကြာမီ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။“အမှုမှန် ဖော်ထုတ်ရေးကို ရာနှုန်းပြည့် လိုလားသလို အပြစ်မဲ့တဲ့သူတွေ တရားခံဖြစ်မှာကိုလည်း စိုးရိမ်ပါတယ်။ ကော်မတီအနေနဲ့ အခင်းဖြစ်တဲ့ရက်က နံနက်အစောကြီး ကားမောင်းထွက်သွားတဲ့ ကားသမားနှစ်ဦးနဲ့ အဲဒီနေ့က ရွာမှာရောက်ရှိနေတဲ့ စစ်ကြောင်းမှူးကို တွေ့ဆုံမေးမြန်းဖို့အတွက် ရဲဌာနကို တင်ပြထားပါတယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ဆက်လက်ပြောကြားသည်။အကျိုးဆောင် စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) နယ်မြေ၊ ကောင်းခါးကျေးရွာရှိ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရင်း ဇန်နဝါရီ ၁၉ ရက် ညသန်းခေါင်ယံ အချိန်၌ ၎င်းတို့နေထိုင်ရာ ဘုရားကျောင်းဝင်းရှိ နေအိမ်၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent