၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိကြသူ ထူးချွန်သူအချို့နှင့် တွေ့ဆုံခြင်း

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိကြသူ ထူးချွန်သူအချို့နှင့် တွေ့ဆုံခြင်း
Published 18 June 2015

၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၅၉၇၉၄၆ ဦးရှိခဲ့ရာမှ ၂၂၄၇၄၈ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၆၀ ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ ဂုဏ်ထူးရရှိသူဦးရေ ငါးသောင်းကျော်ရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ သိပ္ပံတွဲ၌ အမှတ်အများဆုံး ရရှိသူတစ်ဦး၊ ဒုတိယ အမှတ်အများဆုံး ရရှိသူတစ်ဦးနှင့် တတိယ အမှတ်အများဆုံး ရရှိသူ လေးဦးရှိခဲ့သည်။ သို့ဖြစ်ရာ ယင်းတို့ထဲမှ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြသူ အချို့နှင့် ၎င်းတို့၏ ကြိုးစားအားထုတ်ခဲ့ကြပုံများအား မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ သိရှိလေ့လာ မှတ်သားအတုယူနိုင်စေရန် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ 
‘အစ်မကလည်း မနှစ်က အမှတ်အများဆုံး ပထမရခဲ့တော့ သူ့ကိုအားကျပြီး ကြိုးစားလိုစိတ်တွေ ပိုမိုဖြစ်ပေါ်ခဲ့ရပါတယ်’
မေး - တက္ကသိုလ်ဝင်တန်းကို နှစ်စကနေစပြီး ဘယ်လိုခံယူချက်တွေထားပြီး ကြိုးစားခဲ့လဲဆိုတာ အရင်ဆုံး ပြောပြပေးပါဦး။    ဖြေ- နှစ်စကတည်းက အမှတ်များများနဲ့ ထူးထူးချွန်ချွန် အောင်မြင်ရမယ်။ လပတ်စာမေးပွဲတွေမှာလည်း ဘာသာတိုင်းကို အမှတ်ကောင်းကောင်း ရရမယ်။ တစ်နေ့စာ တစ်နေ့လည်း အကြွေးမထားဘဲ ပုံမှန်ပြီးရမယ်လို့ ခံယူချက်ထားပြီး ကြိုးစားခဲ့ပါတယ်။မေး - ဘာသာရပ် တစ်ခုချင်းစီအလိုက်ရော ဘယ်လိုလေ့လာမှုမျိုးတွေ ပြုလုပ်ခဲ့လဲ။    ဖြေ - ဘာသာရပ်တိုင်းကို ကျွမ်းကျင်အောင် လေ့လာထားခဲ့ပါတယ်။ မြန်မာစာမှာက ခက်ဆစ်၊ သဒ္ဒါ၊ မေးခွန်းတို စတာတွေကို တိတိကျကျ ကျက်မှတ်ပြီး စာစီစာကုံးပိုင်းမှာတော့ ဆရာ၊ ဆရာမကြီးတွေ ရေးသားထားတဲ့ စာစီစာကုံးတွေကို လေ့လာခဲ့ပါတယ်။ အင်္ဂလိပ်စာမှာလည်း Essay၊ Letter တွေကို တစ်ပတ်တစ်ပုဒ်စီလောက်တော့ လေ့ကျင့်ဖြစ်ပါတယ်။ သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒမှာပါတဲ့ ပုစ္ဆာတွေကို မေးခွန်းဟောင်းတွေရော ပုံနှိပ်စာအုပ်ထဲကပါ အကုန်တွက်တတ်အောင် ထပ်ကာထပ်ကာ လေ့ကျင့်ပါတယ်။ Definations နဲ့ Law တွေ ကိုတော့ ပုံနှိပ်စာအုပ်ထဲကအတိုင်း မလွဲရအောင် ကျက်မှတ်ပြီး Equation တွေကတော့ လက်နဲ့ချပြီး အရေးကျင့်ခဲ့ပါတယ်။ Biology ကတော့ ဖတ်စာအုပ်ထဲမှာ ပါတာတွေကို တစ်ပုဒ်မှမချန်ဘဲ တိကျအောင် ကျက်ပါတယ်။    မေး - မြန်မာတစ်နိုင်ငံလုံးမှာရော အခုလိုမျိုး အမှတ်အများဆုံး ရရှိဖို့ မျှော်မှန်းထားခဲ့လား။ဖြေ - တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံး ရရှိဖို့အတွက် မျှော်မှန်းဖူးပါတယ်။ ရခဲ့တဲ့အတွက်လည်း အများကြီး ဝမ်းသာမိပါတယ်။ တစ်နေ့တာအတွက် အချိန်ကို ခြောက်ဘာသာလုံးစာ မျှမျှတတခွဲေ၀ အသုံးချပါတယ်။ စာကျက်တဲ့အခါ အချိန်ဇယားဆွဲပြီး ကျက်တာမျိုးတော့ မရှိပါဘူး။ တစ်နေ့စာတစ်နေ့ အကြွေးမထားဘဲ အကုန်ပြီးပြတ်အောင် ကျက်ပါတယ်။မေး - မိသားစုတွေကရော ဒီလိုမျိုး ရလဒ်ကောင်းတွေ ရရှိအောင် ဘယ်လိုလမ်းညွှန်မှုတွေ ပေးခဲ့လဲ။ဖြေ - မိဘတွေကတော့ ပညာရေးမှာသာမက ကျန်းမာရေးအတွက်လည်း အများကြီး ဂရုစိုက်ပေးခဲ့ပါတယ်။ ငယ်ငယ်ကတည်းက လိုချင်စိတ်ရှိအောင် မိဘတွေက သင်ကြားပေးခဲ့ပါတယ်။ စိတ်ဓာတ်အမြဲတက်ကြွနေအောင်လည်း အားပေးခဲ့ပါတယ်။မေး - မနှစ်ကလည်း အစ်မဖြစ်တဲ့ သီရိထက်နိုင်ကလည်း မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံး ပထမဖြစ်ခဲ့တယ်။ ညီမလေးကိုရော အမဖြစ်သူက ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပံ့ပိုးမှုတွေ ပေးခဲ့လဲ။ဖြေ - အစ်မကလည်း မနှစ်က အမှတ်အများဆုံး ပထမရခဲ့တော့ သူ့ကိုအားကျပြီး ကြိုးစားလိုစိတ်တွေ ပိုမိုဖြစ်ပေါ်ခဲ့ရပါတယ်။ သီးသန့်အချိန်ပေးပြီး Guide လုပ်တာမျိုး မရှိပါဘူး။ နားမလည်တဲ့စာ မသိတဲ့စာလေးတွေရှိရင် ပြောပြပေးပါတယ်။မေး - ငယ်စဉ်ကတည်းက ပညာရေးမှာ အရေးပါတဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့တာတွေကိုလည်း ပြောပြပေးပါဦး။ဖြေ - သုံးတန်းနှစ်လောက်ကစပြီး အခုတက္ကသိုလ်ဝင်တန်းအထိ ကမာရွတ်မြို့နယ်မှာ ဘက်စုံထူးချွန် ပထမဆုကို နှစ်စဉ်ရရှိခဲ့ပါတယ်။ လေးတန်းနဲ့ ရှစ်တန်းမှာတော့ တိုင်းအဆင့်၊ ခရိုင်အဆင့် ဘက်စုံထူးချွန်ဆုတွေ ရရှိခဲ့ပါတယ်။ အထက်တန်း ပညာသင်ဆုလည်း ရရှိထားပြီး ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ဘက်စုံထူးချွန် လူငယ်အဖြစ် ပုဂံနဲ့အင်းလေးကို လေ့လာရေးခရီး သွားရောက်ခဲ့ဖူးပါတယ်။ တက္ကသိုလ်ဝင်တန်း အကြိုစာမေးပွဲမှာ တတိယဆု ရခဲ့ပါတယ်။မေး - ထူးချွန်တဲ့ မျိုးဆက်သစ်လူငယ်တစ်ယောက် အနေနဲ့ အနာဂတ်ပညာရေးလမ်းကြောင်း ရွေးချယ်ထားမှု အခြေအနေကိုလည်း ပြောပြပေးပါဦး။ဖြေ - အနာဂတ်မှာတော့ ဆေးတက္ကသိုလ်တက်ပြီး ထူးချွန်တဲ့ ဆရာဝန်ကြီးတစ်ယောက် ဖြစ်ချင်ပါတယ်။

မအိရတနာနိုင်    မွေးသက္ကရာဇ် - ၂၅ - ၇ - ၁၉၉၉မိဘအမည် - ဦးမျိုးနိုင် + ဒေါ်သီတာခင်ဂုဏ်ထူးရဘာသာ - ဘာသာစုံ(သိပ္ပံတွဲ)တက္ကသိုလ်ဝင်တန်းတက်ရောက် အောင်မြင်ခဲ့သည့်ကျောင်း - ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း။အမှတ်စာရင်း - ၅၆၀ မှတ် (တစ်နိုင်ငံလုံး အမှတ်အများဆုံး)

‘အားမလျှော့ဘဲ ရောက်တဲ့နေရာကနေ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ဆိုရင် အောင်မြင်မှာပါ’မေး - ညီမလေးအနေနဲ့ အခုလိုမျိုး ထူးချွန်အောင် ဘယ်လိုခံယူချက်တွေထားပြီး ကြိုးစားခဲ့လဲဆိုတာ ပြောပြပေးပါဦး။ဖြေ - ရောက်တဲ့နေရာမှာ အကောင်းဆုံး၊ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုတဲ့ ခံယူချက်ထားပြီး ကြိုးစားခဲ့ပါတယ်။                            မေး - တက္ကသိုလ်ဝင်တန်း တက်နေစဉ်မှာ ဘာသာရပ်အလိုက် ဘယ်လိုလေ့လာမှုမျိုးတွေ ပြုလုပ်ခဲ့လဲ။ဖြေ - အဓိကအနေနဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာ စာစီစာကုံးတွေကို ကိုယ်ပိုင်ဟန်နဲ့ လေ့ကျင့်ပါတယ်။ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ နမူနာ စာစီစာကုံးတွေကိုပါ အတုယူပါတယ်။ သချာၤပုစ္ဆာတွေကိုလည်း အကြိမ်ကြိမ် တွက်ပါတယ်။ ဓာတုဗေဒနဲ့ ရူပဗေဒအတွက် မေးခွန်းဟောင်းတွေကို လေ့လာပါတယ်။ ဇီဝဗေဒကို ပုံတွေကို ပုံစာတွေကိုရော လေ့ကျင့်ပါတယ်။မေး - တစ်နေ့တာအတွက် အချိန်ကို ဘယ်လိုအသုံးချသလဲ။ အချိန်ဇယားဆွဲပြီး စာကျက်တာမျိုးတွေ ရှိလား။    ဖြေ - အချိန်ဇယားဆွဲပြီး ကျက်ပါတယ်။ မနက်ပိုင်းနဲ့ ညပိုင်းမှာ ပိုကျက်ဖြစ်ပါတယ်။ အားနည်းတဲ့ ဘာသာတွေကို ပိုပြီးကျက်ဖြစ်ပါတယ်။မေး - ထူးချွန်သူတစ်ယောက်ဖြစ်အောင် မိသားစုရဲ့ ပံ့ပိုးပေးမှု အကြောင်းကိုလည်း ပြောပြပေးပါဦး။ဖြေ - ဆေးတက္ကသိုလ်တက်နေတဲ့ အစ်မနဲ့ အစ်ကိုကလည်း အတွေ့အကြုံတွေကို ပြောပြပြီး ကူညီပေးပါတယ်။ မိဘတွေကလည်း ငယ်ငယ်တည်းက စာကြိုးစားအောင် ဆုံးမပါတယ်။ တစ်နှစ်ပတ်လုံး ကောင်းကောင်းမွန်မွန် စာကြိုးစားနိုင်ဖို့ လူမှုရေး၊ ကျန်းမာရေး အစစအရာရာ ပံ့ပိုးပေးပါတယ်။    မေး - အခုလက်ရှိအချိန်မှာ ဘာသင်တန်းတွေ တက်နေပါသလဲ။ဖြေ - အင်္ဂလိပ်စာသင်တန်းနဲ့ ကွန်ပျူတာသင်တန်း တက်နေပါတယ်။မေး - ကိုယ့်ဘဝမှာ စံပြုလေးစားပြီး အားကျအတုယူရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရှိလား။    ဖြေ - ရှိပါတယ်။ အရှေ့ကနေ ဖြေသွားကြတဲ့ Top Ten အစ်ကို အစ်မတွေ အားလုံးကို အရမ်းအားကျခဲ့ပါတယ်။ သူတို့လိုဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်။    မေး - ပြည်ပနိုင်ငံတွေမှာရော သွားရောက်ပညာသင်ယူဖို့ အစီအစဉ်တွေ ရှိလား။ဖြေ - အခုလောလောဆယ်မှာတော့ အစီအစဉ် မရှိသေးပါဘူး။    မေး - မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေကိုရော ပညာရေးနဲ့ပတ်သက်ပြီး ဘာတွေအကြံပြုပေးချင်တာရှိလဲ။ဖြေ - စိတ်ကောင်းရှိဖို့ အဓိကဆိုတဲ့ စကားအတိုင်း စိတ်ကိုသာ ဖြူစင်အောင်ထားပါ။ အားမလျှော့ဘဲ ရောက်တဲ့နေရာကနေ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ဆိုရင် အောင်မြင်မှာပါလို့ အကြံပြုချင်ပါတယ်။    မေး - ပညာရေးမှာ အရေးပါခဲ့တဲ့ အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။    ဖြေ - အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွေ ဖြေဆိုပြီး ဆုတွေရရှိခဲ့ပါတယ်။    မေး - အနာဂတ်ပညာရေးလမ်းကြောင်းကို ဘယ်လိုပုံဖော်ထားလဲ။ ဘယ်တက္ကသိုလ်တက်ဖို့ စီစဉ်ထားလဲ။    ဖြေ - နောင်အနာဂတ်မှာလည်း ဆက်ပြီးကြိုးစားသွားပါမယ်။ ဆေးတက္ကသိုလ်တက်ပြီး ထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။ 

မဆုမွန်        မွေးသက္ကရာဇ် - ၁၃ - ၇ - ၁၉၉၉    မိဘအမည် - ဦးအောင်မြင့်သိန်း + ဒေါ်ယဉ်ပို့ဂုဏ်ထူးရဘာသာ - ဘာသာစုံ(သိပ္ပံတွဲ)တက္ကသိုလ်ဝင်တန်း တက်ရောက်အောင်မြင်ခဲ့သည့်ကျောင်း - အ.ထ.က(၁)ဒဂုံ။အမှတ်စာရင်း - ၅၅၇ မှတ် (တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး) 

           ‘ကျောင်းသားဗဟိုပြု သင်ကြားတဲ့စနစ်ကို လက်ခံပါတယ်။ အလွတ်ကျက်စနစ်ကို မကြိုက်ပါဘူး’မေး - မောင်လေးအနေနဲ့ရော နှစ်စကတည်းကနေ ဘယ်လိုခံယူချက်တွေထားပြီး ကြိုးစားခဲ့လဲဆိုတာ သိချင်ပါတယ်။        ဖြေ - နှစ်စကတည်းက ကိုယ့်ကိုကိုယ် အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဆယ်တန်းစာမေးပွဲက ဘဝရဲ့ တစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်တဲ့အတွက် ကိုယ်လုပ်ခဲ့တဲ့ အလုပ်အပေါ် ပြန်ပြီး နောင်တမရစေရဘူးဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားခဲ့ပါတယ်။                            မေး - ပညာရေးမှာ ပြိုင်ဆိုင်မှုတွေနဲ့ စိန်ခေါ်မှုတွေ များနေတဲ့အချိန်မှာ ပြင်ပဗဟုသုတတွေကို ဘယ်လိုပုံစံမျိုး လေ့လာခဲ့လဲ။    ဖြေ - အချိန်ရရင်ရသလို အင်တာနက်ကနေ Google၊ Wikipedia တို့လို ဝက်ဘ်ဆိုက်တွေကနေ ကျောင်းစာနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာပါတယ်။ ပြင်ပစာတွေကိုလည်း ပြင်ပလောကနဲ့ အဆက်အသွယ်မပြတ်အောင် ဖတ်ပါတယ်။မေး - စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ဘယ်လိုပုံစံမျိုး ဖြေဖျောက်လေ့ရှိလဲ။        ဖြေ - စာတွေကျက်တဲ့အခါ၊ စာတွေများလာတဲ့အခါ စိတ်ဖိစီးမှုတွေ ရှိတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ စိတ်ကိုပေါ့ပေါ့ပါးပါး ထားတဲ့အတွက် အခက်အခဲရယ်လို့ အထွေအထူး မရှိခဲ့ပါဘူး။မေး - ကိုယ်ပိုင်အချိန်တွေမှာရော လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး စိတ်အပန်းဖြေလေ့ ရှိလဲ။ဖြေ - ကိုယ်ပိုင်အချိန်တွေမှာ ဂိမ်းဆော့တယ်။ သီချင်းနားထောင်တယ်။ အင်တာနက်သုံးပါတယ်။    မေး - ပညာရေးမှာ ထူးချွန်တဲ့ မှတ်တိုင်တွေအကြောင်း ပြောပြပေးပါဦး။        ဖြေ - ငယ်ငယ်ကတော့ မရှိခဲ့ပါဘူး။ ခုနစ်တန်းနဲ့ ရှစ်တန်းလောက်မှာ အင်္ဂလိပ်ထူးချွန်ဆု ရရှိခဲ့ပါတယ်။ ကိုးတန်းမှာတစ်ကျောင်းလုံး ပထမဆုကို ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ တိုင်းဒေသကြီးအစိုးရ တက္ကသိုလ်ဝင်တန်း အကြိုစာမေးပွဲမှာတော့ ဒဿမဆု ရရှိခဲ့ပါတယ်။မေး - မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ စာမေးပွဲဖြေဆိုနိုင်ဖို့ကိုပဲ အဓိကထား အသားပေးတဲ့ ဆရာဦးတည်ပြီး အလွတ်ကျက်စနစ်ကနေ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို ပြုပြင်ပြောင်းလဲဖို့ စီစဉ်လာတာတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတစ်ယောက်အနေနဲ့ သဘောထားအမြင်ကိုလည်း သိချင်ပါတယ်။ဖြေ - ကျောင်းသားဗဟိုပြုစနစ်ကို ကျွန်တော်လက်ခံပါတယ်။ အလွတ်ကျက် စနစ်ကိုတော့ မကြိုက်ပါဘူး။                        မေး - ဝါသနာနဲ့ အနာဂတ်ပညာရေးလမ်းကြောင်း ရွေးချယ်လျှောက်လှမ်းမယ့် အခြေအနေကို သိချင်ပါတယ်။    ဖြေ - ဝါသနာပါတာကတော့ အိုင်တီပညာရပ်တွေပါ။ အမေကတော့ ဆရာဝန်လုပ်စေချင်ပါတယ်။ အဲဒီအတွက် ဆေးကျောင်းတက်ပြီး ဝါသနာပါတဲ့ အိုင်တီပညာရပ်ကို ဆက်လက်လေ့လာသွားမှာပါ။    မေး - ထူးချွန်ကျောင်းသားတစ်ယောက် အနေနဲ့ တက္ကသိုလ်ဝင်တန်း တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက် ဘာတွေများ အကြံပြုပြောကြားချင်တာ ရှိလဲ။        ဖြေ - လက်ရှိတက္ကသိုလ်ဝင်တန်း တက်နေတဲ့ ကျောင်းသူကျောင်းသားတွေကို ပြောချင်တာကတော့ စာတွေကနားလည်မှ ကျက်တာလွယ်ကူတဲ့အတွက် နားလည်အောင် အထပ်ထပ်လေ့လာသင့်ပါတယ်။ နောက်ပြီး ကိုယ်ပိုင်စာကျက်ချိန်သီးသန့်ထားပြီး ကျက်စေချင်ပါတယ်။ အချို့မိဘတွေက သားသမီးတွေကို တော်စေချင်ပြီး မနက်ကနေညအထိ ကျူရှင်တွေထားတော့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီး တကယ်တမ်း စာကျက်ချိန်ရောက်တော့ အိပ်ငိုက်ပြီး စာကောင်းကောင်း မကျက်နိုင်တော့ဘူး။ စာသင်တဲ့အချိန်မှာ သေချာသင်ယူပြီး ကိုယ်ပိုင်စာကျက်ချိန်ကို သီးသန့်ထားစေချင်ပါတယ်။ ကျန်းမာမှ စာကျက်နိုင်မှာမို့ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါလို့ အကြံပြုချင်ပါတယ်။

မောင်ရှင်းသန့်ကျော်လင်း    မွေးသက္ကရာဇ် - ၂၇ - ၁၁ - ၁၉၉၈မိဘအမည် - ဦးကျော်လင်း + ဒေါ်စပယ်ကျော့ရှင်းဂုဏ်ထူးရဘာသာ - ဘာသာစုံ(သိပ္ပံတွဲ)တက္ကသိုလ်ဝင်တန်း တက်ရောက်အောင်မြင်ခဲ့သည့်ကျောင်း - အ.ထ.က(၁)ဒဂုံ။အမှတ်စာရင်း - ၅၅၅ မှတ် (တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံး)

 

Most Read

Most Recent