လတ်တလောဖြစ်ပေါ်နေသည့် ဒေါ်လာဈေးတက်မှုနှင့် သွင်းကုန်တင်သွင်းသူများ၏ နိုင်ငံခြားငွေလိုအပ်ချက်များကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချသွားရန် စီစဉ်

လတ်တလောဖြစ်ပေါ်နေသည့် ဒေါ်လာဈေးတက်မှုနှင့် သွင်းကုန်တင်သွင်းသူများ၏ နိုင်ငံခြားငွေလိုအပ်ချက်များကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချသွားရန် စီစဉ်
Published 12 June 2015
ဆန်းထူးအောင်

လတ်တလောဖြစ်ပေါ်နေသည့် ဒေါ်လာဈေးတက်မှုနှင့် သွင်းကုန်တင်သွင်းသူများ၏ နိုင်ငံခြားငွေလိုအပ်ချက်များကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချသွားရန် စီစဉ်နေမှုကို ဇွန် ၁၂ ရက်က နေပြည်တော်ရှိ ဗဟိုဘဏ်၌ကျင်းပသည့် လတ်တလောဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်းကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။အဆိုပါအစည်းအဝေးတွင် ဒေါ်လာငွေ အမှန်တကယ်လိုအပ်ချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဖြည့်ဆည်းပေးရန်ကိစ္စ၊ အထူးသဖြင့် ဒေါ်လာငွေအမြောက်အမြားလိုအပ်ပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာငွေပမာဏ အများအပြားအသုံးပြုကာ ဝယ်ယူလျက်ရှိသည့် မရှိမဖြစ်ပစ္စည်းများအား အမှန်တကယ်တင်သွင်းသူများ၏ နိုင်ငံခြားငွေလိုအပ်ချက်များကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချပေးသွားရန် ကိစ္စရပ်များ၊ တင်ပို့သူများမှလည်း ၎င်းတို့ပို့ကုန်မှရရှိသော ငွေများကို ပြည်တွင်းဘဏ်စာရင်းများသို့ အပြည့်အဝယူဆောင်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ငွေလဲလှယ်နှုန်းကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ်အစည်းအဝေးကို နိုင်ငံတော်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဗဟိုဘဏ်မှတာဝန်ရှိသူများ၊ ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ ဆန်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ ပဲကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ ဆီကုန်သည်အသင်း၊ ငါးလုပ်ငန်းရှင်များအသင်းနှင့် ရွှေလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "လတ်တလောဖြစ်ပေါ်နေသည့် ငွေကြေးနဲ့ပတ်သက်ပြီးတော့ မက်ခရိုစီးပွားရေးအပေါ် ထိခိုက်နိုင်မှုကို လွန်ခဲ့သည့်နှစ်ကတည်းက ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်မှာ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုမရှိပါက နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်နိုင်ပါတယ်။ ပြီးတော့ ငွေကြေးကိစ္စက ထိလွယ်၊ ရှလွယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငွေကြေးကိစ္စများနဲ့ပတ်သက်ပြီး တည်ငြိမ်မှုရှိဖို့ လိုအပ်ပါတယ်" ဟုပြောကြားသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်ကလည်း အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်မှုမရှိဘဲ စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ အခန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံရန်ရှိပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် လက်ရှိငွေကြေးအခြေအနေကို အဆင်ပြေအောင် ဆောင်ရွက်မှသာလျှင် ပြည်ပမှ ငွေကြေးစီးဝင်မှု လျင်မြန်မည်ဖြစ်ကြောင်း ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြည်တွင်းတွင်ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်များမှ ပြည်တွင်းဘဏ်များကို အကူအညီပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်တွင်း၌ရှိသည့် နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များ၏ လိုအပ်ချက်များကို အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက လက်ရှိအချိန်တွင် ငွေကြေးစနစ်တည်ငြိမ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုငွေများ အလွယ်တကူဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှုကော်မရှင်တို့ အမြန်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်တွင်းတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များကို ငွေကြေးကူညီမှုပြုနိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ၎င်းတွင်ရှိသော အရန်ငွေထဲမှ ပြည်တွင်းဘဏ်နှင့် ပို့ကုန်လုပ်ငန်းများအတွက် လိုအပ်သောငွေကြေးများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးရန်လိုအပ်ကြောင်း၊ ပို့ကုန်များမှရရှိသော ငွေကြေးများကို ဘဏ်များမှတစ်ဆင့် ပေးသွင်းရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း နယ်စပ်ကုန်သွယ်ရေးကို တရားဝင်ဘဏ်စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ စာရင်းပြောင်းနည်းဖြင့် ဒေါ်လာများ ရောင်းဝယ်သည့်စနစ်ကို လျှော့ချနိုင်ရေး၊ ဈေးကွက်အတွင်း ဈေးကစားမှုများကို လျှော့ချရေးတို့ကို ဆွေးနွေးခဲ့ကြသည်။အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေသည့်အချိန်မှစ၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နေ့စဉ်နိုင်ငံခြားငွေ လေလံဈေးတွင် အမေရိကန်ဒေါ်လာများ တိုးမြှင့်ရောင်းချခြင်း၊ ဘဏ်စာရင်းများမှ နိုင်ငံခြားငွေထုတ်ယူမှုများကို ကန့်သတ်ခြင်း၊ အမေရိကန်ဒေါ်လာဝယ်လိုအား ကျဆင်းစေရန်အတွက် နိုင်ငံခြားငွေလဲလှယ်ကောင်တာများတွင် ဒေသတွင်းငွေများဖြစ်သည့် မလေးရှားရင်းဂစ်နှင့် ထိုင်းဘတ်ငွေတို့ကို တိုးချဲ့ရောင်းဝယ်ခွင့်ပြုခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent