လေစွမ်းအင်သုံးလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် Zeya & Associates နှင့် ဒိန်းမတ်ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာရေးထိုး

လေစွမ်းအင်သုံးလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် Zeya & Associates နှင့် ဒိန်းမတ်ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာရေးထိုး
Published 12 June 2015
သန်းထိုက်အောင်

မြန်မာနိုင်ငံ၏ လေစွမ်းအင်သုံး လျှပ်စစ်ကဏ္ဍတိုးတက်ရေးအတွက် မြန်မာနိုင်ငံမှ Zeya & Associates ကုမ္ပဏီနှင့် ဒိန်းမတ်နိုင်ငံမှ Vestas Asia Pacific Wind Technology ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်း  နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးနေအိမ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်သလို အခုလို လက်မှတ်ရေးထိုးမှုဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ အခုလိုလက်မှတ်ရေးထိုးခြင်းဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဝင်ရောက်နိုင်ဖို့ ခြေလှမ်းတစ်ခုဖြစ်သလို နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vestas နဲ့လက်တွဲခွင့်ရတာ အလွန်ပဲဝမ်းမြောက်မိပါတယ်" ဟု Zeya & Associates ကုမ္ပဏီ၏ ဥက္ကဋ္ဌဦးဇေယျသူရမွန်က ပြောကြားသည်။ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ထောင်သွားရန် စီစဉ်ထားကြောင်းသိရပြီး အခြားသောပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံလို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတဲ့ ဈေးကွက်မျိုးမှာ လက်တွဲဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိသလို အခုလိုဒီနိုင်ငံရဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ Zeya & Associates ကုမ္ပဏီနဲ့ လက်တွဲခွင့်ရတာ အလွန်ပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်" ဟု Vestas Asia-Pacific & China ကုမ္ပဏီ၏ Head of Marketing ဖြစ်သူ Mr.Giorgio Fortunato ကပြောကြားသည်။

Most Read

Most Recent