ဒေါ်လာရောင်းဈေး ကျပ် ၁၂၀၀၊ ဝယ်ဈေး ကျပ် ၁၁၈၀ ရှိနေပြီး ဖမ်းဆီးစစ်ဆေးမှုသတင်းများ ထွက်ပေါ်သည့်အတွက် အရောင်းအဝယ်ရပ်ဆိုင်း

ဒေါ်လာရောင်းဈေး ကျပ် ၁၂၀၀၊ ဝယ်ဈေး ကျပ် ၁၁၈၀ ရှိနေပြီး ဖမ်းဆီးစစ်ဆေးမှုသတင်းများ ထွက်ပေါ်သည့်အတွက် အရောင်းအဝယ်ရပ်ဆိုင်း
Published 12 June 2015
အငယ်ထွေး၊ အောင်မြတ်ကို

ဇွန် ၁၀ ရက်တွင် ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ အထိရောက်ရှိသွားပြီးနောက် ဈေးကွက်အတွင်း လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။ ထိုနေ့တွင်ပင် ဈေးကစားရန်အတွက် ဝယ်ယူထားသူအချို့ ကျပ် ၁၃၀၀ ဈေးရရှိသည့်အတွက် ပြန်၍ထုတ်ရောင်းလာကြရာ ယင်းကဲ့သို့ကျဆင်းလာခြင်းဖြစ်ကြာင်း၊ ထို့အတူ သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သောဒေါ်လာအား ဗဟိုဘဏ်မှ ထုတ်ရောင်းပေးမည်ဟူသော သတင်းများထွက်ပေါ်လာသောကြောင့် ယင်းကဲ့သို့ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါ်လာဈေးကစားသူများကို ဖမ်းဆီးစစ်ဆေးမှု သတင်းများထွက်ပေါ်သည့်အတွက် အရောင်းအဝယ်ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။"၁၀ ရက်မှာ အမြင့်ဆုံးဈေးဖြစ်သွားပြီး နောက် ၁၁ ရက်လောက်မှာပဲ ဒေါ်လာကစားတဲ့သူတွေကို သက်ဆိုင်ရာကို ခေါ်ယူစစ်ဆေးတဲ့သတင်းတွေကြားရတယ်။ ဒါကြောင့် ဒီနေ့ ၁၂ ရက်မှာ ဒေါ်လာဈေးကွက်က အရောင်းအဝယ်နည်းနည်းငြိမ်သွားတယ်။ တချို့လည်းဖုန်းနဲ့ဆက်သွယ်မေးရင်တောင် မဖြေတော့ဘူး၊ ဈေးနှုန်းက ၁၂ ရက်မှာ အဝေးဈေး ၁၁၈၅ ကျပ်လို့သိတယ်။ ပြည်ပပို့ကုန်ဝင်ငွေက ကျပ် ၁၂၀၀ ဈေးလို့ပြောတယ်။ ပြည်တွင်းဈေးကျတော့ အရွက်ဈေးက ကျပ် ၁၁၈၀ ကြားမှာရှိနေတယ်" ဟု ဒေါ်လာရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။ဘီဘီစီမြန်မာပိုင်းတွင်ဖော်ပြထားသည့် သတင်းတစ်ပုဒ်အရမူ သွင်းကုန်သမားများအတွက် လိုအပ်နေသော ဒေါ်လာအား ဗဟိုဘဏ်မှရောင်းချပေးသွားမည်ဟု ဖော်ပြထားပြီး ယင်းသတင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်အားဆက်သွယ်မေးမြန်းရာတွင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဆင့်မှသာ ပြောကြားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ဒေါ်လာတန်ဖိုးသည် ၂၀၁၅ ခုနှစ် ဇွန်ဒုတိယပတ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဇွန် ၁၀ ရက် အဖွင့်ဈေးတွင်တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ အထိမြင့်တက်ခဲ့သည်။ဒေါ်လာတန်ဖိုးသည် ဇွန်လပထမပတ်အတွင်း ၃၃ ကျပ်ဝန်းကျင်မြင့်တက်သွားပြီးနောက် ဇွန်ဒုတိယပတ်အတွင်း တစ်ရက်လျှင် ကျပ် ၃၀ ဝန်းကျင်မြင့်တက်ခဲ့၍ တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ (ဇွန် ၁၀ ရက် အပိတ်ဈေး) ဝန်းကျင်အထိရှိခဲ့သည်။ဒေါ်လာဈေးဆက်တိုက်မြင့်နေမှုကြောင့် ဇွန် ၁၀ရက်တွင် နေပြည်တော်၌ ဒေါ်လာဈေးမြင့်တက်မှု၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်ကော်မတီများနှင့် တာဝန်ရှိသူများဆွေးနွေးအပြီး ကျပ် ၁၂၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။၂၀၁၅ခုနှစ်အတွင်းဒေါ်လာတန်ဖိုးကို ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မေလအတွင်း  မေ ၁၃ရက်၊ ၂၇ ရက် နှင့် ၂၉ ရက်များတွင် ဆွေးနွေးခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ကြေညာခြင်းများ ပြုလုပ်ခဲ့သော်လည်း ဒေါ်လာတန်ဖိုးမှာ ဆက်လက်မြင့်နေသောကြောင့် ဇွန် ၁၀ ရက်တွင် လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ထပ်မံဆွေးနွေးမှုအပြီး တစ်ဒေါ်လာတန်ဖိုးမှာ ကျပ် ၁၂၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။ထို့ကြောင့်ဇွန် ၁၁ ရက်တွင်ဖြစ်ပေါ်ခဲ့သော တစ်ဒေါ်လာတန်ဖိုးမှာ အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၂၀၀ ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၁၉၀ ဝန်းကျင်နှင့် အပိတ်ဈေးတွင် ရောင်းဈေးကျပ် ၁၂၁၀ ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၁၉၀ ဝန်းကျင်တွင်ရှိခဲ့ကြောင်း သိရသည်။ငွေလဲနှုန်းရှင်သတ်မှတ်ပြီး သုံးနှစ်ကျော်ကြာ ပြင်ပဈေးကွက်တွင် ဇွန် ၁၀ ရက်၌ တစ်ဒေါ်လာလဲနှုန်း ငွေကျပ် ၁၂၄၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး မြန်မာ့စီးပွားရေးကို ကြီးမားစွာရိုက်ခတ်မှုဖြစ်လာကြောင်း နိုင်ငံခြားရေးငွေကြေးလဲလှယ်ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။ ဇွန် ၁၁ ရက် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၀၅ ကျပ်ဖြစ်သည်။တရားဝင်ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း၊ A.D လိုင်စင်ရဘဏ်များအကြား  Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်၊၊

Most Read

Most Recent