အခြေခံမဲစာရင်း ကြေညာရန် ကျန်ရှိ မြို့နယ်အားလုံးနှင့် ကချင်၊ ရခိုင်ပြည်နယ်တို့၌ ဇွန် ၂၂ ရက်တွင် ကြေညာမည်၊ ဝှိုက်ကတ်ကိုင်ဆောင်သူများ ပါဝင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်

အခြေခံမဲစာရင်း ကြေညာရန် ကျန်ရှိ မြို့နယ်အားလုံးနှင့် ကချင်၊ ရခိုင်ပြည်နယ်တို့၌ ဇွန် ၂၂ ရက်တွင် ကြေညာမည်၊ ဝှိုက်ကတ်ကိုင်ဆောင်သူများ ပါဝင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်
Published 11 June 2015
ကျော်ဇင်ဝင်း

ကချင်နှင့် ရခိုင်ပြည်နယ်အပြင် အခြေခံမဲစာရင်း ကြေညာရန် ကျန်ရှိနေသည့် မြို့နယ်အားလုံးကို ဇွန် ၂၂ ရက်တွင် ကြေညာမည်ဖြစ်ပြီး ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ ပါဝင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြောကြားသည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အခြေခံမဲစာရင်းပြုစုရာတွင် လဝကပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်းအား အခြေခံပြုစုနေသဖြင့် ယာယီသက်သေခံ လက်မှတ် ဝှိုက်ကတ်မှာ သက်တမ်းကုန်ဆုံး နေသော်လည်း အဆိုပါဝှိုက်ကတ် ကိုင်ဆောင်ထားသူများ တစ်ဖက်လှည့်ဖြင့် ပါဝင်လာမည်ကို ရခိုင်ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ဝှိုက်ကတ်မပါပါဘူး။ အိမ်ထောင်စုစာရင်း ရှိတဲ့သူတွေကို အဘတို့က ကောက်တာ(ပြုစုတာ) မဟုတ်ပါဘူး။ အဲဒီကောက်ခံတဲ့အထဲမှာ မဲစာရင်းထဲမှာ ပါနိုင်တဲ့သူဟာ နိုင်ငံသားဖြစ်ရမယ်။ ဧည့်နိုင်ငံသားဖြစ်ရမယ်။ နိုင်ငံသားပြုခွင့်လက်မှတ် ကိုင်ထားသူ၊ ပြုခွင့်ရသူပေါ့။ အဲဒီသုံးမျိုးပဲ ကောက်တယ်။ ဝှိုက်ကတ်က သမ္မတအမိန့်နဲ့ ထုတ်ထားတယ်။ ဥပဒေကလည်း ပယ်ဖျက်ပြီးပြီ။ အဲဒါမပါဘူး။ ဝှိုက်ကတ်နဲ့ ပတ်သက်တဲ့သူတွေနဲ့ ပတ်သက်ပြီး မဲစာရင်းလုပ်ထားတာ မရှိသေးပါဘူး” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြက ပြောကြားသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် အခြေခံမဲစာရင်း ပြုစုထားမှုအရ အကြမ်းဖျင်း အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ နိုင်ငံသားဦးရေမှာ ၁၄ သိန်းကျော်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာခြင်းအား ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော်ရှစ်မြို့နယ်၌ လည်းကောင်း ဆောင်ရွက်ခဲ့ပြီး တတိယအကြိမ်အဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုအတွင်းရှိ  မြို့ နယ် ၁၅၃ မြို့နယ်လည်းကောင်း အခြေခံမဲစာရင်း ကြေညာလျက်ရှိကာ စုစုပေါင်း အခြေခံမဲစာရင်း ကြေညာပြီးသည့် မြို့နယ် ၁၈၅ မြို့နယ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စတုတ္ထအကြိမ် ကြေညာမည့် မြို့နယ်များမှာ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး၊ မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်သုံးခုမှမြို့နယ်များ၊ ပဲခူးတိုင်းဒေသကြီးရှိ ခရိုင်သုံးခုမှမြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်ငါးခုမှ မြို့နယ်များ၊ တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်တစ်ခုမှမြို့ နယ်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိမြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၂၁ စုစုပေါင်း မြို့နယ် ၁၃၈ မြို့နယ်တို့ဖြစ်သည်။
သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး ၂၁ မြို့နယ်၌ မဲစာရင်းပြုစုခြင်း လုပ်ငန်းမှာ မြို့နယ်အားလုံး ပြီးဆုံးခြင်း မရှိသေးသဖြင့် ဇွန် ၂၂ ရက် မဲစာရင်းကြေညာရာတွင် ၂၁ မြို့နယ် (သို့မဟုတ်) မြို့နယ်အချို့ ကျန်ရှိခဲ့နိုင်ကြောင်း သိရသည်။
“မြို့နယ် ၂၁ မြို့နယ်လုံးမပြီးရင်တော့ မပြီးတဲ့မြို့နယ် ကျန်ခဲ့မှာပေါ့။ ဒါမှမဟုတ်လည်း မြို့နယ်အားလုံးပြီးမှ လုပ်ချင်လည်း ရန်ကုန်ကတော့ တစ်ပတ်လောက်နောက် ရွှေ့ရင်ရွှေ့ရမှာပေါ့။ သို့သော်အဘတို့က  တစ်နိုင်ငံလုံးနဲ့ အတူတူပဲ ၂၂ ရက်မှာ လုပ်ဖြစ်အောင် ကြိုးစားနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
အလားတူ ရှမ်းပြည်နယ်၌ မိုင်းလားမြို့နယ်၊ ‘ဝ’ ဒေသရှိ မိုင်မော၊ ပန်ဝိုင်၊ ပန်ဆန်း၊ နားဖန်းမြို့နယ်များနှင့် ကိုးကန့်ဒေသရှိ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်  စုစုပေါင်း ခုနစ်မြို့နယ်တွင် နယ်မြေအခြေအနေအရ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဖွဲ့စည်းထားမှု မရှိခြင်းနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းတို့ကြောင့် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်မှုမပြုနိုင်ဘဲ မဲစာရင်းကြေညာရာတွင် ပါဝင်မည် မဟုတ်ကြောင်းနှင့် တစ်နိုင်ငံလုံးအနေဖြင့် မြို့နယ် ၃၃၀ အနက် မြို့နယ် ၃၂၃ မြို့နယ်၌သာ ကြေညာနိုင်မည် ဖြစ်သည်။
လက်ရှိတွင် အခြေခံမဲစာရင်းကြေညာ ပြီးစီးသည့် မြို့နယ်များနှင့် ကြေညာလျက်ရှိသည့် မြို့နယ်များရှိ အခြေခံမဲစာရင်းများတွင် သေဆုံးသူများ ပါဝင်နေခြင်း၊ အချက်အလက် မှားယွင်းခြင်း၊ အမည်မပါဝင်ခြင်း၊ မွေးရက်နှင့် မွေးလများအား ၃၀ ရက် ၆ လဟု လူအများအပြားအား ဖြည့်သွင်းထားခြင်း စသည့် မဲစာရင်းအားနည်းမှု၊ မှားယွင်းမှုများအပေါ် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေသခံအဖွဲ့အစည်း အချို့ကလည်း ထောက်ပြဝေဖန်မှုများ ပြုလုပ်ထားသည်။
ယခုကြေညာနေသည့် အခြေခံမဲစာရင်းသည် လဝက ပုံစံ ၆၆/၆ အိမ်ထောင်စု စာရင်းနှင့် အုပ်ချုပ်ရေးရုံးရှိ လူဦးရေ စာရင်းတို့အား အခြေခံကာ ပြုစုထားသဖြင့် အိမ်ထောင်စု စာရင်းတွင် မှားယွင်းပါက အခြေခံ မဲစာရင်းတွင် မှားယွင်းနေမည်ဖြစ်ကာ အဆိုပါ မှားယွင်းမှုများအား ပြည်သူများ ကြည့်ရှုပြင်ဆင်နိုင်ရန် ယခုကဲ့သို့ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားခြင်း ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းအနေဖြင့် တိကျမှန်ကန်သော မဲစာရင်းရရှိရေး ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများ မဲစာရင်းမှန်ကန်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ယာယီသက်သေခံလက်မှတ် ဝှိုက်ကတ်ဆောင်ထားသူသည် ၇၉၇၅၀၄ ဦးရှိကြောင်း၊ ဝှိုက်ကတ်အများဆုံး ကိုင်ဆောင်ထားသည့် ပြည်နယ်မှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဦးရေ ၆၆၆၃၈၁ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။                        

Most Read

Most Recent