SMEs များအား ချေးငွေထုတ်ပေးရန် လုပ်ငန်းရှင်များက မြေပိုင်ဆိုင်မှုဂရန်၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သဖြင့် SMIDB ဘဏ်က ၁၂ ဘီလျံခန့် ထုတ်ချေးရန် ကျန်ရှိနေ

SMEs များအား ချေးငွေထုတ်ပေးရန် လုပ်ငန်းရှင်များက မြေပိုင်ဆိုင်မှုဂရန်၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သဖြင့် SMIDB ဘဏ်က ၁၂ ဘီလျံခန့် ထုတ်ချေးရန် ကျန်ရှိနေ
Published 11 June 2015
နီလာ

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SMEs) များ ကျပ်၂၀ ဘီလျံ ထုတ်ချေးပေးမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် ရှစ်ဘီလျံကျော်သာ ထုတ်ချေးပေးနိုင်သေးကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် SMEs လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးပေးနိုင်ရန်မှာ လုပ်ငန်းရှင်များဘက်က မြေပိုင်ဆိုင်မှုဂရန်၊ မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေသဖြင့် ကျပ် ၁၂ ဘီလျံခန့် ထုတ်ချေးပေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။
“အခုချိန်မှာတော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် ချေးငွေက မကုန်သေးဘူး။ ၂၀ဘီလျံမှာ ရှစ်ဘီလျံ ကျော်ကျော်ပဲ ချေးပြီးသေးတယ်။ ၁၂ ဘီလျံတောင် ချေးဖို့တွေ ကျန်ပါသေးတယ်။ တချို့က ဂရန်မရှိသေးတဲ့ လုပ်ငန်းရှင်တွေကျတော့လည်း ဂရန်ရအောင်လုပ်နေတာ။ မှတ်ပုံတင် မရှိသေးတဲ့ လုပ်ငန်းရှင် ကျတော့လည်း မှတ်ပုံတင်တွေ၊ အခွန်စာရွက်တွေ စသဖြင့်ပေါ့။ အဲဒါတွေ လုပ်နေကြတယ်။ အဲဒါတွေလုပ်ပြီးမှပဲ ချေးငွေရရှိနိုင်မှာပါ” ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMIDB) အနေဖြင့် ဘဏ်မှချေးငွေနှင့် မ,တည်ရင်းနှီးငွေများရ ရှိရန်အတွက် ယခင်ကစည်းမျဉ်းများဖြစ်သည့် မြေပိုင်ဆိုင်မှုဂရန် သက်တမ်းအား အနည်းဆုံး ငါးနှစ်ရှိရမည့်အစား လေးနှစ်သို့ လည်းကောင်း၊ ထို့အတူ အခွန်ပေးဆောင်ပြီးစီးမှု ပြေစာအား လက်ရှိ ဘဏ္ဍာနှစ်အပါအဝင် သုံးနှစ်စာမိတ္တူတင်ပြရမည် ဖြစ်သော်လည်း တစ်နှစ်အတွက်သာ တင်ပြရမည်ဖြစ်ကြောင်း စသည်ဖြင့် ဖြေလျှော့ပေးထားကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က ပြောကြားသည်။
SMEs လုပ်ငန်းရှင်များအတွက် ချေးငွေများကို အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ SMIDB ၏စည်းမျဉ်းစည်းကမ်းများအရ လျှောက်ထားသူ အမည်ပေါက် ဂရန်/ဘိုးဘွားပိုင်၊ အာမခံမြေပိုင်ဆိုင်မှုဂရန် လက်ကျန်သက်တမ်းအား အနည်းဆုံးငါးနှစ် ရှိရမည့်အစား အနည်းဆုံးလေးနှစ် အထိရှိခဲ့လျှင် SMEs ချေးငွေရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ချေးငွေလျှောက်ထားမှု၏ အာမခံမြေဂရန် အမည်ပေါက် (၃ခ) ပုံစံတွင် လယ်ယာမြေမဟုတ်ကြောင်း ထောက်ခံချက်ပါရှိပါက လက်ခံပေးကြောင်းနှင့် လုပ်ငန်းအရှုံးအမြတ်စာရင်းကို ယခင်က ပြည်သူ့လက်မှတ်ရ စာရင်းကိုင်၏ ထောက်ခံချက်ဖြင့် ရေးဆွဲရန်လိုအပ်သော်လည်း ယခုအခါ SMIDB ၏ သတ်မှတ်ပုံစံအတိုင်း တစ်နှစ်စာအတွက် ရေးဆွဲတင်ပြနိုင်ပါက ချေးငွေရရှိရေးအတွက် လက်ခံပေးကြောင်း ဒုတိယဝန်ကြီး ဦးမျိုးအောင်က ပြောကြားသည်။
အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ကျပ် ၂၀ ဘီလျံထုတ်ချေးပေးမည်ဖြစ်ရာ လုပ်ငန်းအရေအတွက် များပြားသည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ချေးငွေကျပ်နှစ်ဘီလျံစီနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တစ်ဘီလျံစီ သတ်မှတ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent