ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပ ခရီးသွားများ သွားလာရ လွယ်ကူစေရေးအတွက် လေဆိပ်ဆောက်လုပ်ရန် ဖြစ်နိုင်ခြေ စမ်းသပ်မည်

ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပ ခရီးသွားများ သွားလာရ လွယ်ကူစေရေးအတွက် လေဆိပ်ဆောက်လုပ်ရန် ဖြစ်နိုင်ခြေ စမ်းသပ်မည်
Published 11 June 2015
မြတ်စုနိုင်

ငွေဆောင်ကမ်းခြေသို့ ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွား ဧည့်သည်များ လွယ်ကူစွာ လာရောက်လည်ပတ်နိုင်ရန် ဧရာဝတီတိုင်း ဒေသကြီးတွင် လေဆိပ်သစ်တစ်ခု ဆောက်လုပ်ရန်အတွက် ဖြစ်နိုင်ခြေ စမ်းသပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခင်အောင်ထွန်းက ဆိုသည်။
“ဒီကမ်းခြေကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ရည်ရွယ်ပြီး လေဆိပ်သစ်ဆောက်ဖို့ လုပ်ဆောင်ရတာပါ။ အဲဒီအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ဆောက်လုပ်ရေး အဖွဲ့အစည်းတွေက လေဆိပ်ဆောက်ဖို့ သင့် မသင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးတော့ ဒီလေဆိပ်ဆောက်တဲ့နေရာမှာ အစိုးရလား၊ ပုဂ္ဂလိကလားဆိုတာ သေချာမသိရသေးပါဘူး” ဟု ၎င်းက ပြောကြားသည်။
လက်ရှိတွင် လေဆိပ်သစ် ဆောက်လုပ်မည့်နေရာကို ရွေးချယ်နေဆဲဖြစ်ပြီး ဒေသခံနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိမှသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် နိုင်ငံခြားခရီးသွား ဧည့်သည်များ အများဆုံးသွားရောက် လည်ပတ်ရာ ကမ်းခြေတစ်ခုဖြစ်ပြီး အချိန်ကုန် သက်သာစေရန်နှင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု ယခုထက် ပိုမိုဝင်ရောက် လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
“လေဆိပ်ဆောက်လုပ် ပြီးစီးသွားပြီဆိုရင်တော့ ဒေသခံတွေအတွက် စီးပွားရေး အခွင့်အလမ်းတွေလည်း အများကြီး ပေါ်ထွက်လာနိုင်ပါတယ်။ ငွေဆောင်ကမ်းခြေလည်း ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ထို့ပြင် လိုအပ်သော အခြေခံအဆောက်အအုံများ သာမက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်ကို ယခုနှစ်မကုန်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငွေဆောင်ကမ်းခြေသာမက ငပလီကမ်းခြေကိုပါ ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် ယခုနှစ်ကုန်အမီ ဘန်ကောက် မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ငွေဆောင်ကမ်းခြေသို့ ရန်ကုန်မှ ကားဖြင့်သွားရောက် လည်ပတ်မည်ဆိုပါက လေးနာရီကြာ သွားရောက်ရမည်ဖြစ်ပြီး တောင်ကြီးနှင့် မန္တလေးမြို့တို့မှ သွားရောက်မည်ဆိုပါက ၁၁ နာရီခန့် အချိန်ပေးရသော ခရီးစဉ်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။                                         

Most Read

Most Recent