ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်း တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်း တွေ့ဆုံဆွေးနွေး
Published 11 June 2015

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ရှီကျင်ပင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။တရုတ်သမ္မတ ရှီကျင်ပင်းသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခေါင်းဆောင်များကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ လက်ခံတွေ့ဆုံဆွေးနွေးလေ့ ရှိသည်။မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရင်းနှီးခင်မင်ပြီး နီးစပ်မှုရှိသည့် အိမ်နီးချင်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးကို မဟာဗျူဟာမြောက် ရေရှည်ရှုထောင့်မှ အမြဲကြည့်ရှုလေ့ရှိကြောင်း တရုတ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။ပြည်တွင်းရေးအခြေအနေများ မည်ကဲ့သို့ ပြောင်းလဲစေကာမူ မြန်မာ-တရုတ် ဆက်ဆံရေးကို မြန်မာအနေဖြင့် ထိန်းသိမ်းလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းက ဆက်လက်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။တရုတ်နိုင်ငံအား ပိုမိုနားလည်စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့က အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးရန် တရုတ်သမ္မတ ရှီကျင်ပင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ပထမဆုံး ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီတို့အား ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပိုမိုနားလည်စေမည်ဟု မျှော်လင့်ကြောင်း ရှီကျင်ပင်းက ပြောကြားခဲ့သည်ဟု www.chinadaily.com.cn က ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကွန်မြူနစ်ပါတီ၏ လက်အောက်တွင် တရုတ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးနေမှုကို ၎င်းဦးဆောင်သည့် ပါတီက အားကျလေးစားပါကြောင်းနှင့် ပါတီနှစ်ခုကြား ပြည်သူကြား ဆက်ဆံမှုတိုးတက် ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ဇွန် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ်  (Photo:AFP)
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် မတွေ့ဆုံမီ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပဆက်သွယ်ရေးဌာန အကြီးအကဲ ဝမ်ကျားလွေ့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပါတီနှစ်ခုကြား ဆက်ဆံရေးကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်မှာ ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ရှန်ဟိုင်းနှင့် ယူနန်ပြည်နယ်များသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံ အလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ စသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံလာခဲ့သည်။ NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ ကိုယ်စားလှယ်များသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ဖူးသည်။ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုသည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံနှင့် ဆက်ဆံရေး တည်ဆောက်ရန် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် မျှော်လင့်နေသည်ဟု တရုတ်ဂလိုဘယ်တိုင်းမ် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မလာရောက်မီ ရေးသားဖော်ပြခဲ့သည်။

Most Read

Most Recent