မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူ ကုန်သွယ်မှုပမာဏထက် လျော့နည်းနေ

မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူ ကုန်သွယ်မှုပမာဏထက် လျော့နည်းနေ
Published 10 June 2015
ချမ်းမြေ့သူ

ဇွန် ၅ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူ ကုန်သွယ်မှုပမာဏထက် လျော့နည်းနေကြောင်း သိရသည်။ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဇွန် ၅ ရက်အထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှ ရငွေပမာဏ ဒေါ်လာ ၁၃၆၉ သန်းကျော်ရှိပြီး သွင်းကုန်တင်သွင်းရန်အတွက် ဒေါ်လာ ၂၅၂၄ သန်းကျော် အသုံးပြုထားကြောင်း သိရသည်။ပင်လယ်ရေကြောင်းကုန်သွယ်မှု အနေဖြင့်မူ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၈၅၃ သန်းကျော် ရရှိထားပြီး သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာ ၂၁၀၆ သန်းကျော် အသုံးပြုထားကာ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၅၉ သန်းကျော်ရှိကြောင်း သိရသည်။နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှမူ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅၁၆ သန်းကျော် ရရှိထားပြီး သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာ ၄၁၈ သန်းကျော် အသုံးပြုထားကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၉၃၄ သန်းကျော်ရှိကြောင်း သိရသည်။အဆိုပါ ကုန်သွယ်မှုလမ်းကြောင်းအလိုက် ကုန်သွယ်မှုပမာဏများကို ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်မည်ဆိုပါက ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ပို့ကုန်မှရငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် လျော့နည်းနေပြီး နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုမှရငွေမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပိုမိုနေကြောင်း သိရသည်။သွင်းကုန်အနေဖြင့်မူ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ တင်သွင်းမှုသည် ယခင်ဘဏ္ဍာနှစ် ကာလတူတင်သွင်းမှု ပမာဏထက် လျော့နည်းနေပြီး နယ်စပ်ကုန်သွယ်မှုတွင်မူ ယခင်ဘဏ္ဍာနှစ် ကာလတူထက် သွင်းကုန်တင်သွင်းမှု ပိုမိုပြုလုပ်ထားကြောင်း သိရသည်။ကုန်သွယ်မှုလမ်းကြောင်း နှစ်ခုလုံး စုစုပေါင်းမှ ကုန်သွယ်မှုပမာဏကို နှိုင်းယှဉ်မည်ဆိုပါက ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏထက် ဒေါ်လာ ၃၆၇ ကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များကို တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent