ဒေါ်လာဈေး ထိုးတက်နေခြင်းကြောင့် ဆေးဝါးဈေးနှုန်း မတည်မငြိမ် ဖြစ်နိုင်သဖြင့် ဆေးဝါးတင်သွင်းသူအချို့ တင်သွင်းမှု ရပ်ဆိုင်းထားကြောင်း သိရ

ဒေါ်လာဈေး ထိုးတက်နေခြင်းကြောင့် ဆေးဝါးဈေးနှုန်း မတည်မငြိမ် ဖြစ်နိုင်သဖြင့် ဆေးဝါးတင်သွင်းသူအချို့ တင်သွင်းမှု ရပ်ဆိုင်းထားကြောင်း သိရ
Published 10 June 2015
ချမ်းမြေ့သူ

ဒေါ်လာဈေး ထိုးတက်နေခြင်းကြောင့် ဆေးဝါးဈေးနှုန်းများ မတည်မငြိမ် ဖြစ်နိုင်သဖြင့် ဆေးဝါးတင်သွင်းသူအချို့ တင်သွင်းမှု ရပ်ဆိုင်းထားကြောင်း သိရသည်။“ဒေါ်လာဈေး တည်ငြိမ်မှုမရှိဘဲ ဆက်တိုက်တက်လာတဲ့အတွက် သွင်းကုန်သမားတွေမှာ တော်တော်လေး ပြဿာနာရှိလာပါတယ်။ သွင်းကုန်တွေကို အားထားပြီး ရောင်းရတဲ့ ကုန်တွေတော်တော်များများဆိုရင် အရောင်းပိတ်တာတွေ ရှိတယ်။ ဈေးတည်ငြိမ်မှ ထုတ်ရောင်းမှာတွေရှိတယ်။ တချို့ဆို ဆက်မသွင်းတော့တာမျိုးတောင် ရှိလာတယ်။ အဓိက,ကတော့ စားသောက်ကုန်နဲ့ ဆေးဝါးမှာ ပြဿနာဖြစ်နေတယ်။ စားသောက်ကုန်ဈေးတက်ရင် ဝယ်မစားလို့ရပေမယ့် ဆေးဝါးကကျတော့ မရှိမဖြစ် သုံးစွဲနေရတဲ့ကုန်စည် ဖြစ်နေတယ်။ ဆေးဝါးဆိုရင် ပြည်တွင်းဈေးကွက်ကို တင်သွင်းမှုအများဆုံး ပြုလုပ်နေရတဲ့ ကုန်စည်ဖြစ်တယ်။ မရှိမဖြစ် ကုန်စည်လည်းဖြစ်တော့ ဒေါ်လာဈေးတည်ငြိမ်မှု မရှိတဲ့အတွက် တင်သွင်းမှု ပြုလုပ်တဲ့အခါ တော်တော်လေး ကမောက်ကမ ဖြစ်တယ်” ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တာမောင်မောင်လေးက ပြောကြားသည်။သို့သော် ဒေါ်လာဈေးမြင့်တက်မှု ဖြစ်ပေါ်နေသည်ကို အခွင့်ကောင်းယူ၍ ပို့ကုန်တင်ပို့မှု ပိုမိုပြုလုပ်နိုင်လျှင် ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်များနိုင်လည်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကြံပေး ဒေါက်တာမောင်အောင်က “ဒီဘဏ္ဍာနှစ်မှာ သွင်းကုန်က မနှစ်ကထက်စာရင် လျော့နည်းနေတာကို တွေ့ရတယ်။ သွင်းကုန်လျော့နည်းရတဲ့ အကြောင်းအရင်းတွေကို လိုက်ရှာတော့ ဒေါ်လာဈေးတက်သွားတာကြောင့် ဖြစ်နေတယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက “ကိုယ်ကဟိုဘက် တင်သွင်းမယ့် ကုမ္ပဏီနဲ့ တင်သွင်းဖို့အတွက် ပြောပြီးဆိုပြီး ဖြစ်နေတယ်ဆိုတော့ ဒေါ်လာဈေးတက်လည်း အတက်ဈေးနဲ့ သွင်းရမှာပဲ။ ဆေးက အရင်ကတည်းက ပိုဖို့ထက်ကို သွင်းပြီးရောင်းတာက အများဆုံးပဲဆိုတော့ သွင်းဖို့အတွက် ငွေပိုသုံးစွဲရတော့ ပြန်ရောင်းတဲ့အခါ ဈေးတက်ပြီးတော့ တစ်ဆင့်ပြန်ရောင်းတဲ့အခါ ဈေးတက်ဆိုတော့ ရောင်းတဲ့သူရော စားသုံးသူရော အဆင်မပြေပါဘူး” ဟု ပြောကြားသည်။မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကအားဖြင့် ရင်းနှီးမြှုပ်နံှမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းဟူ၍ အုပ်စုသုံးမျိုးရှိပြီး ရင်းနှီးမြှုပ်နှံမှု ကုန်စည်တင်သွင်းမှု အများဆုံးဖြစ်ကြောင်း သိရသည်။    “တင်သွင်းတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းက တင်သွင်းမှုအများဆုံး ဖြစ်နေတယ်။ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတွေကို တင်သွင်းတဲ့အခါ တချို့ပရောဂျက်ကြီးတွေမှာဆိုရင် တည်ဆောက်ရေးပစ္စည်း ကိရိယာတွေကို တင်သွင်းတဲ့အခါ ငွေသားနဲ့ပေးစရာ မလိုဘူး။ ဆရာတို့အနေနဲ့ စာရင်းမှတ်တာပေါ့။ အဲဒီပစ္စည်းတွေက တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးတာနဲ့ ပြန်ထုတ်မှာဆိုတော့ စာရင်းသဘောအရ မှတ်ထားတာပဲ ရှိတယ်။  ဒီငွေကို အသုံးပြုပြီး တင်သွင်းမှုပြုလုပ်တာမျိုး မဟုတ်ပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုဖြင့် ကုန်သွယ်လျက်ရှိရာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ စားသုံးဆီနှင့် စက်သုံးဆီ၊ ဆေးဝါးကဲ့သို့သော ကုန်စည်များကို တင်သွင်းမှုများပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးမှ စားသောက်ကုန်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းမှုများကြောင်း သိရသည်။     

Most Read

Most Recent